ကျွန်တော် ဒီတရားတော်ကို ရေးမပြခင် မြစ်ကြီးနားက စာရေးဆရာ ပန်းဒကာ ကိုတင်မြင့်ရဲ့ ဆောင်းပါးတစ်ပုဒ်ထဲက စကားလေးတစ်ခွန်းကို ကိုးကားပါရစေ။ အကျဉ်းပဲပြောပါမယ်။
သူက နိဗ္ဗာန် ဆိုတာ နိဗ္ဗာန ဆိုတဲ့ ပါဠိက လာတယ်။ ဥပုသ် ဆိုတာ ဥပေါသထ ဆိုတဲ့ ပါဠိက လာတယ် စသဖြင့် အခြားဘာသာဝင်များ ယူသုံးထားတဲ့ ဗုဒ္ဓဘာသာနဲ့သာဆိုင်တဲ့ ဝေါဟာရ များကို ထုတ်ပြသွားပါတယ်။ အခု နိဗ္ဗာရောက်ကြောင်းတရားဆိုတော့ ကောင်းကင်ဘုံရောက် ကြောင်းတရားနဲ့ အမှတ်မှားနေမှာ စိုးရပါတယ်။ မဟုတ်ပါဘူး။ မြတ်ဗုဒ္ဓဟောကြားခဲ့တဲ့ တရားကို ခရိယာန်တစ်ဦးက မန္တလေးမြို့ ကယ်လီဘုရားရှိခိုးကျောင်းမှာ ဟောခဲ့တဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားပါ။
ကြွရောက်လာကြသော ဓမ္မမိတ်ဆွေ အပေါင်းတို့
ကျွန်တော့်အား အသက်အရွယ်ထောက်ထားပြီး တရားကို ထိုင်ပြီး ဟောရသည်ကို ခွင့်လွတ်ပါ။ တရားကို မရိုသေလို့ မဟုတ်ပါဘူး။ လောကမှာ တရားဆိုတာ ခရိယာန်ဖြစ်ဖြစ် ဗုဒ္ဓဘာသာပဲဖြစ်ဖြစ် မဟာမေဒင်ပဲဖြစ်ဖြစ် ပုဂ္ဂိုလ်ခင်မှ တရားမင်တာပါ။ ဘာသာရေးဆိုတာ ကိုယ့်ဘာသာ တရားတစ်ခုတည်းကိုသာ ကျင့်ကြံအားထုတ်နေဖို့ မကောင်းပါဘူး။ နှိုင်းယှဉ်ကြည့်နိုင်ရမယ်။ ဒါမှသာ ကိုယ့်ဘာသာတရားက ဘယ်လို သူများ ဘာသာတရား ရဲ့ အယူအဆက ဘယ်လို ခွဲခွဲခြားခြားသိနိုင်ပါမယ်။ သူတပါးရဲ့ ဘာသာတရားကို လိုက်စား ကျင့်ကြံမယ်ဆိုရင် တို့ကနန်း ဆိတ်ကနန်း အပေါ်ယံကြော သုံးသပ်ရုံမျှဖြင့်တော့ အနှစ်သာရကို မတွေ့နိုင်ပါဘူး။ ဗုဒ္ဓဘာသာ တရားရဲ့ အဆီအနှစ်ကို သုံးသပ်ကြည့်ချင်ရင် ဗုဒ္ဓတရားကို နီးနီးကပ်ကပ် လေ့လာနိုင်မှသာ မြင်နိုင်မှာပါ။ ဗုဒ္ဓဘာသာတရားဟာ အလွန် သိမ်မွေ့ပါတယ်။ နူးညံ့ပါတယ်။ လွန်စွာ အနှစ်သာရရှိပါတယ်။ ဒါကို ဘယ်လို နူးညံ့တယ်။ သိမ်မွေ့တယ်။ ဘယ်လို အနှစ်သာရရှိတယ် ဆိုတာကို လေ့လာကြည့်ဖို့လိုပါတယ်။ ဗုဒ္ဓဘာသာဝင် ဘုန်းကြီးများနဲ့လည်း နီးနီးကပ်ကပ် ထိတွေ့ပေါင်းသင်းမှသာ သူတို့ရဲ့ တရားကို စူးစမ်းရှာဖွေနိုင်မှာ ဖြစ်ပါတယ်။
ဘုန်းကြီးကို မကြည်ညိုလို့ အနားမကပ်ချင်ဘူး။ အနားကပ်ပြန်ရင် ရှိခိုးနေရမယ်။ ဘုန်းကြီးနဲ့ စကားပြောရတာ ခက်တယ်။ ခရိယာန်တစ်ယောက်က ဘုန်းကြီးတစ်ပါးနဲ့ အတူတွေ့လိုက်ရင် သူများ အထင်သေးမယ်။ ဒါကြောင့် ငါရှောင်မှ ဖြစ်မယ်ဆိုရင် သူတို့တရားရဲ့ နူးညံ့ပုံ သိမ်မွေ့ပုံကို တွေ့မြင်ရမှာ မဟုတ်ပါဘူး။ ကိုယ့်ဘာသာတရား တစ်ခုတည်းကို မက်မော တွယ်တာနေမယ်ဆိုရင် ဗုဒ္ဓဘာသာတရားရဲ့ အနှစ်သာရကို သိခွင့် ဆုံးရှုံးရမှာဖြစ်ပါတယ်။
ဘုရားသခင်က ငါမှ တပါး အခြားသူကို မရှိခိုးရ…တဲ့။ ဆည်းမကပ်ရ…တဲ့။ ဒါဆို မိဘကို မရှိခိုးရဘူးပေါ့။ မိဘကို ရှိခိုးရင် အပြစ်ဖြစ်ပြီပေါ့။ မိဘ ရဲ့ ဂုဏ်ကျေးဇူးဟာ အင်မတန်မှ ကြီးမားလှပါတယ်။ ဒါပေမယ့် လူတိုင်းမှာတော့ ခံယူချက် တစ်မျိုးစီ ရှိကြမှာ ဖြစ်ပါတယ်။
လူဆိုတာ ဒုက္ခများတယ်။ ဆင်းရဲတယ်။ ပူပင်တယ်။ လောဘ ဒေါသ မောဟ များတယ်။ လူ့ဘုံဟာ ကျဉ်းမြောင်းတယ်။ ဆင်းရဲရှိရင် ဆင်းရဲက လွတ်တဲ့ နိဗ္ဗာန်ဆိုတာရှိရမယ် လို့ ဗုဒ္ဓက ယူဆတယ်။ လူ မှ မဟုတ်ပါဘူး။ နတ်ဖြစ်ရင်လည်း နတ်ဒုက္ခရှိပါတယ်။ ဗြဟ္မာဖြစ်ရင်လည်း ဗြဟ္မာဒုက္ခရှိပါတယ်။ ဘ၀ဆိုတဲ့ သံသရာမှာ သတ္တ၀ါတွေဟာ လူဖြစ်လိုက် နတ်ဖြစ်လိုက် ဗြဟ္မာဖြစ်လိုက် ငရဲကျလိုက် တိရစ္ဆာန်ဖြစ်လိုက် အသူရကယ်ဘုံသွားလိုက်နဲ့ တပြောင်း ပြန်ပြန် စုံလိုက် ဆန်လိုက် ဖြစ်နေရပါတယ်။ သတ္တ၀ါဟာ ဒီ ၃၁ ဘုံက အလွယ် တကူ မလွတ်မြောက် နိုင်ဘူး။ ဗုဒ္ဓက ငါ့ကို ရှိခိုးရင် ကောင်းကင်ဘုံရောက်မယ် လို့ မပြောခဲ့ဘူး။ လူတိုင်း မရောက်နိုင် ဘူး။ အားလုံး သူ့အကြောင်းနဲ့ သူ ကိုယ့်အကြောင်းနဲ့ ကိုယ် ၃၁ ဘုံမှာ ဆင်းလိုက် တက်လိုက် ဒါလေးပဲ လုပ်နေရတယ်။ ခြေရာတွေ ထပ်နေတယ်။ အရိုးချင်းထပ်နေတယ်။ ကိုယ့်ကို မြုပ်ခဲ့တဲ့ နေရာချင်း ထပ်နေတယ်။ သတိမထားမိတဲ့ သူအတွက်ကတော့ ဒီ ၃၁ ဘုံထဲကနေ လူဖြစ်လိုက် နတ်ဖြစ်လိုက် တိရစ္ဆာန်ဖြစ်လိုက် ငရဲဆင်းလိုက် ဖြစ်နေမှာပဲ။
သတိမထားမိလို့သာ ရှိတာပါ။ ဒီ ၃၁ ဘုံမှာ ကျင်လည်နေရရင် ထွက်ပေါက်ဆိုတာ ရှိမှာ ပါပဲ။ ဟုတ်တယ်။ ထွက်ပေါက်ရှိတယ်။ ဒါပေမယ့် တော်ရုံတန်ရုံလူတွေဟာ ဒီထွက်ပေါက်ကို မတွေ့နိုင်ပါဘူး။ ထွက်ပေါက်က ဘာတုံးဆိုတော့ မဂ္ဂင်ရှစ်ပါးပါပဲ။ ဒီမဂ္ဂင်ရှစ်ပါးဟာ ဒီ ၃၁ ဘုံက ထွက်လို့ရတဲ့ အပေါက်ပါပဲ။ သေသေချာချာကြည့်မှ ထဲထဲဝင်ဝင် လေ့လာမှ သိနိုင်ပါတယ်။ အဲဒီ မဂ္ဂင်ရှစ်ပါးကတော့
(၁) သမ္မာဒိဋ္ဌိ။
မှန်ကန်စွာ ရှုမြင်တတ်ခြင်း၊ မှန်ကန်စွာ ယူဆတတ်ခြင်းပါပဲ။ ကိလေသာ တဏှာ လောဘ ဒေါသ မောဟတွေ ဖုံးနေရင် အမှန်ကို မမြင်နိုင်ပါဘူး။ အဲဒါတွေကို မြင်တတ်ဖို့လိုတယ်။
(၂) သမ္မာသင်္ကပ္ပ။
မှန်ကန်စွာ ကြံစည်ခြင်း။ လောဘ ရမ္မက်ကိုလိုက်၍ မှန်ကန်စွာ မကြံစည်နိုင်တာတွေ အတ္တကို ဗဟိုရ်ပြုပြီး မှန်ကန်စွာ မကြံစည်နိုင်တာကို ဖယ်ရှားပစ်ရမယ်။
(၃) သမ္မာဝါစာ
မှန်ကန်စွာပြောရမယ်။ ချစ်စေလို သည်ပါးစပ် မုန်းစေလို သည်ပါးစပ် ပါပဲ။ မှန်ကန်တဲ့ သစ္စာ ဆိုတာ ရှိတယ်။ မုသာဝါဒကို မသုံးဘဲ မှန်တာကိုသာပြောရမယ်။
(၄) သမ္မာကမ္မန္တ။
မှန်ကန်စွာ လုပ်ကိုင်ရမယ်။ စီးပွားရေး မတော်လောဘစိတ် မရှိဘူး။ သူတပါးကို ပျက်စီးစေပြီး ကိုယ်တစ်ယောက်တည်း ကောင်းစားမယ့် အလုပ်မျိုး မလုပ်ရဘူး။
(၅) သမ္မာအာဇီဝ
မှန်ကန်စွာ အသက်မွေးရမယ်။ အသက်မွေးမှု မှန်ရဲ့လား။ ပရိယေသန မူလက ဒုက္ခတဲ့။ အသက်မွေးမှုကို ရာကြံရာမှာ အရင်ဆုံးဒုက္ခရဲ့ အရင်းအမြစ်က ပရိယေသန ဒုက္ခပဲ မဟုတ်လား။ သူများ ဥစ္စာကို မတော်လောဘနဲ့ လိုချင်မယ်။ ခိုးမယ်။ တိုက်မယ် ဆိုတာမျိုးကို ရှောင်ကြဉ်ရမယ်။
(၆) သမ္မာဝါယာမ။
မှန်ကန်စွာ လုံ့လထုတ်ရမယ်။ တလွဲဆံပင်ကောင်းနေကြလို့ မဖြစ်သေးဘူး။ ပစ္စက္ခအတွက် လုံ့လ။ နောင်သံသရာအတွက် လုံ့လ ရယ်လို့ အားထုတ်ရမယ်။
(၇) သမ္မာသတိ။
မှန်ကန်စွာ အောက်မေ့တတ်ရမယ်။ သတိရှိရမယ်။ ဉာဏ်ရှိရမယ်။ မဟုတ်လား။ မမှားခင်က မိမိမှားတော့မယ်ဆိုရင် သတိဆိုတာကို အရင်ပေါ်ပေါက်လာပါစေတဲ့ ။ သတိရှိတော့ ဟိရိ သြတ္တပ္ပဆို တဲ့ ရှက်ခြင်း ကြောက်ခြင်းတွေ ရှိလာတာပေါ့။
(၈) သမ္မာသမာဓိ။
စိတ်အာရုံထား မှန်ကန်ရမယ်။ စိတ်ထား တည်ကြည်ရမယ်။ လူ့စိတ်ကို မျောက်စိတ်လို မမွေးရဘူး။ ကတိတစ်လုံ မဖျက်ရဘူး။ မဟုတ်တာကို မလုပ်ဘူး။ ငတ်လို့ သေချင် သေသွားပါစေ ဆိုတဲ စိတ်အာရုံမျိုး ရှိရမယ်။
ဒီ တရားရှစ်ပါးကို ကြိုးစားအားထုတ်မယ် ဆိုရင် ၃၁ ဘုံက လွတ်မြောက်နိုင်မယ်။ ဗုဒ္ဓတရားက နူးညံ့တယ်။ သိမ်မွေ့တယ်။ အဆီအနှစ် နဲ့လည်း ပြည့်စုံတယ်။ သည်တရားတွေကို ကျူပ်တို့ ခင်ဗျားတို့ရဲ့ ခရိယာန်တရားနဲ့ ဉာဏ်ယှဉ်ပြီး ကြည့်နိုင်မှ မိမိတို့လိုလားတဲ့ နိဗ္ဗာန်ကို ရောက်နိုင်ကြရမှာ ဖြစ်ပါတယ်။ အသင်တို့အားလုံး ကောင်းကင်ဘုံသို့ ရောက်နိုင်ကြပါစေ… ရောက်ကြပါစေသော်….။
“အာမင်” ဆိုတဲ့ အသံဟာ ဘုရားကျောင်းတစ်ခံလုံး သိမ့်တုန်သွားခဲ့ပါတယ်။
ဒါပါပဲ။ ကျွန်တော် ကြားဖြတ်ပြောချင်တာက ဒီတရားကို ဟောကြားခဲ့သူဟာ ဦးဖေမောင်တင် ဖြစ်ပါတယ်။ သူဟာ ခရိယာန်အဖြစ်နဲ့ မွေးဖွားလာပြီး ခရိယာန် အဖြစ်နဲ့ သေဆုံးသွား ခဲ့ပါတယ်။ သူ့အကြောင်းသိချင်ရင် ခရိယာန်စာရေးဆရာမ မလေးလုံ ခေါ် လုံမလေး (မသီတာ) သို့မဟုတ် (လုံမလေးမဂ္ဂဇင်းကို တည်ထောင်ခဲ့သူ) ရေးတဲ့ ဘသက်ရှည် ဆိုတဲ့ စာအုပ်ကို ဖတ်နိုင်ပါတယ်။ ပြီးတော့ အမေရိကန်မှာ နှစ်နှစ်လုံးလုံး ဗုဒ္ဓဘာသာတရားကို ဟောကြားခဲ့ပါတယ်။ နောက်မှ အမေရိကန်မှာ ဦးဖေမောင်တင် ဟောခဲ့တဲ့ အနတ္တတရားအကြောင်း ဒုက္ခအကြောင်းကို ကျွန်တော် တင်ပြသွားပါမယ်။ သူဟာ တော်ရုံ တန်ရုံဦးဏှောက်နဲ့ ဖတ်လို့ နားမလည်တဲ့ အဋ္ဌသာလိနီ (ဓမ္မသင်္ဂဏီ အဖွင့်) နှင့် ၀ိသုဒ္ဓိမဂ်ကို အင်္ဂလိပ်ဘာသာသို့ ပါဠိကနေတစ်ဆင့် ပြန်ဆိုခဲ့သူပါ။
Thanks for sharing. I read many of your blog posts, cool, your blog is very good.