ဝဋ်လို့ ပြောလိုက်တော့ ပထမဦးဆုံး သွားသတိရမိတာက ဘုရားရှင်ရဲ့ ၀ဋ်ကြွေးတော် ၁၂ ပါး။
ကျွန်တော်တို့ ဘုရားရှင်ဟာ ဒီဝဋ်ကြွေးတွေကို ဘုရားဘ၀မှာ ပေးဆပ်ခဲ့ရတယ်။ ဘယ်လို ဘာကြောင့်လဲ ဆိုတော့
၁။ ကဿပဘုရားရှင်လက်ထက် ဇောတိပါလပုဏ္ဏားဘ၀က ငါဆိုလျှင် ခြောက်နှစ်ကျင့်မည်ဟု ပြစ်မှားခဲ့ဖူးသော ၀စီဝိပါက်တော်ကြောင့် ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ခဲ့ရတယ်။
၂။ ဘ၀တစ်ခုမှာ ပစ္စေကဗုဒ္ဓါကို အကျင့်ယုတ်ဟု ပြောခဲ့ဖူးတဲ့ ၀စီဝိပါက်တော်ကြောင့် စိဉ္စာမာဏရဲ့ စွပ်စွဲမှုကို ခံခဲ့ရတယ်။
၃။ အဲဒီလို ဘ၀တစ်ခုမှာပဲ ပစ္စေကဗုဒ္ဓတစ်ပါးကို အကျင့်တန်သည်ဟု စွပ်စွဲခဲ့ဖူးတဲ့ ၀ိပါက်တော်ကြောင့် သုန္ဒရီပရိဗိုဇ်မရဲ့ စွပ်စွဲမှုကို ခံခဲ့ရတယ်။
၎။ ဘ၀တစ်ခုမှာ ရသေ့ချင်း မနာလိုလို့ ဈာန်ရရသေ့တစ်ပါးကို ငြူစူခဲ့ဖူးတဲ့ ၀ိပါက်တော်ကြောင့် သုန္ဒရီသေတဲ့အခါ တိတ္ထိတို့ သတင်းဆိုးလွင့်ခံခဲ့ရတယ်။
၅။ စီးပွားရှာတဲ့ ဘ၀တစ်ခုမှာ စီးပွားရေးနဲ့ ပတ်သက်ပြီး ညီငယ်ကို ကျောက်နဲ့ ဖိသတ်ဖူးတဲ့ ကံကြောင့် ဒေ၀ဒတ်ရဲ့ ကျောက်တုံးလှိမ့်ချ ခံခဲ့ရတယ်။
၆။ ဘ၀တစ်ခုမှာ ကလေးလေးဖြစ်စဉ် ပစ္စေကဗုဒ္ဓါတစ်ပါးကို ခဲ့နဲ့ ပစ်လိုက်တဲ့အခါ ခြေမကွဲပြီး သွေးထွက်ခဲ့လို့ ဒေ၀ဒတ်ရဲ့ ကျောက်တုံးကြောင့် ခြေမကွဲခဲ့ရတယ်။
၇။ ဆင်ထိန်းဘ၀မှာ ပစ္စေကဗုဒ္ဓါကို ဒေါသတကြီး ဆင်နဲ့လိုက်တိုက်ခဲ့တာကြောင့် ဆွမ်းခံကြွတဲ့အခါ ဒေ၀ဒတ်ရဲ့ ဆင်နဲ့တိုက်ခဲ့ခြင်းကို ခံခဲ့ရတယ်။
၈။ ပဒေသရာဇ်မင်းဘ၀ဖြစ်စဉ် တစ်ခုမှာ လူကို အရှင်လတ်လတ် ထိုးသတ်ခဲ့ဖူးတဲ့ ၀ိပါက်တော်ကြောင့် ခြေမတော်မှာ ဖြစ်တဲ့အနာကို ဇီဝကက ခွဲစိပ်ကုသခဲ့ရပါတယ်။
၉။ တံငါဖြစ်စဉ်မှာ ငါးခေါင်းထုသတ်တာကို ၀မ်းသာဖူးခဲ့တဲ့ ကံကြောင့် ရံဖန်ခေါင်းခဲတဲ့ ဝေဒနာ ခံစားခဲ့ရတယ်။
၁၀။ မထင်မရှား ဘ၀တစ်ခုမှာ ရဟန္တာတစ်ပါး ဆွမ်းဘုဉ်းနေချိန်မှာ “ဆွမ်းကြမ်း” စားဟု ပြစ်မှားခဲ့တဲ့ ၀ိပါက်တော်ကြောင့် ဝေရဉ္ဇာပြည်မှာ မုယောဆွမ်းတွေ စားခဲ့ရတယ်။
၁၁။ လက်ဝှေ့သမားဘ၀မှာ အနိုင်ရလျှင် ခါးချိုးခဲ့ဖူးတဲ့ ကံကြောင့် ခါးတော်ကိုက်ခဲတဲ့ ဝေဒနာကို ခံစားခဲ့ရတယ်။
၁၂။ ဆေးဆရာဘ၀တစ်ခုမှာ ဆေးကုခမပေးချင်လို့ မသက်သာပါလို့ လိမ်တဲ့ ဝေဒနာရှင်ကို ၀မ်းနှုတ်ဆေးလိမ်တိုက် ခဲ့တဲ့ ကံကြောင့် ၀မ်းတော်သွန်တဲ့ ရောဂါဖြစ်ခဲ့ရတယ်။
ဒါတွေက ကျွန်တော်တို့ ဘုရားရှင် ခံစားခဲ့ရတဲ့ ၀ဋ်ကြွေးတွေပါ။ ၀ဋ်ကြွေးလို့ ဆိုရာမှာ ဘာကြောင့် ၀ဋ်ကြွေးခံရသလဲ။ အထက်ပါ ကျွန်တော်ရေးခဲ့ရာမှာ ၀ိပါက်ကြောင့် ဆိုတာ ပါသလို ကံကြောင့် ဆိုတာလည်း ပါဝင်ပါတယ်။ ဒီတော့ ၀ိပါက်ကြောင့် ကံကြောင့် ခံစားရတယ်ပေါ့။ ဒါဆို ၀ိပါက်နဲ့ ကံဆိုတာကကော ဘယ်လိုလဲ။ ကွဲပြားသလား။ တူညီသလား။ ကွဲတယ်လို့ ပြောရင် ကွဲတယ်။ တူတယ်လို့ပြောရင် တူပါတယ်။ ကွဲပြားတာက ၀ိပါက်ဆိုတာ အကျိုးဆက်ပဲ။ ကံဆိုတာက ကိုသိုလ်ကံ အကုသိုလ်ကံပါပဲ။ တူညီတာကတော့ ၀ိပါက်ဆိုတာ ကံရဲ့ အကျိုးဆက်ပါပဲ။ နည်းနည်း ရှုပ်သွားတယ်။
ကျွန်တော်တို့ ပုထုစဉ်တွေအားလုံးရဲ့ ပြသမျှကံတွေဟာ ကုသိုလ်ဖြစ်ရင်ဖြစ် မဖြစ်ရင် အကုသိုလ်ဖြစ်ပါတယ်လို့ ကျွန်တော် ခဏခဏ ပြောဖူးပါတယ်။ အဲလိုကံပြုရာမှာ (ဒီနေရာမှာက ၀ဋ်နဲ့ပတ်သက်ပြီး ရေးသွားမှာဆိုတော့ အကုသိုလ်ကံတွေကိုပဲ ရေးသွားပါမယ်) ပြုတဲ့ကံက ဘယ်ကုသိုလ်နဲ့မှ တားဆီးလို့ မရအောင် ကြီးမားတဲ့ ကံကို ပြုမိတာမျိုး ရှိတတ်ပါတယ်။ ဥပမာ ပဉ္စနန္တရိယကံကို ကျူးလွန်လိုက်တာ။ အဖေကို သတ်လိုက်တာ။ အမေကို သတ်လိုက်တာ။ သံဃာကို သင်းခွဲတာ။ (စကားစပ်လို့ ပြောခဲ့ပါဦးမယ်။ သံဃာကို သင်းခွဲတဲ့ကံကို သံဃာများသာ ကျူးလွန်နိုင်ပါတယ်။ လူပုဂ္ဂိုလ်ကျူးလွန်နိုင်ခွင့် အတော်နည်းပါးပါတယ်။ ဘယ်လိုခွဲတာလဲဆိုတော့ ဥပုသ်ပြုတဲ့ နေ့မှာ သိမ်တစ်လုံးထဲမှာ သူတစ်နေရာ ငါတစ်နေရာ ဥပုသ်ပြုတာကို သံဃာ သင်းခွဲတာလို့ ခေါ်ပါတယ်။ ကျောင်းထဲမှာ သံဃာအချင်းချင်း ရန်တိုက်ပေးလို့ သံဃာတစ်ပါးနဲ့ တစ်ပါးမတည့်တာက ဘာမှ မဖြစ်သေးပါဘူး။) စသဖြင့် ကံကြီးထိုက်အောင် ပြုလုပ်မိတဲ့ကံနှင့် ပေါ့ပါးတဲ့ကံဆိုပြီး ရှိပါတယ်။ ပေါ့ပါးတဲ့ကံဆိုသော်လည်း စေတနာ ထက်သန်တဲ့ကံနဲ့ စေတနာမထက်သန်တဲ့ကံဆိုပြီး ကွဲပြားပြန်ပါတယ်။ စေတနာထက်သန်တာက တကယ် ပျက်စီး သေကြေစေလိုတဲ့ စိတ်မျိုးကို ပြောတာပါ။ သူပျက်စီး ဆုတ်ယုတ်သွားရင် ငါအောင်မြင်မယ်ဆိုတဲ့ စိတ်ယုတ်မာမျိုးကို ပြောတာပါ။ စေတနာမထက်သန်တာက မသိလို့ ပြုမိတာ။ သိလျက်သားနဲ့ မတတ်နိုင်လို့ ပြုမိတာစသဖြင့် ရှိပါတယ်။
ဟုတ်ပြီ။ ကံတွေ ပြုမိပြီ။ အဲဒီပြုမိတဲ့ကံအတိုင်း ပုံစံတူ ပြန်ခံစားရတာကို ၀ဋ်ခံရတယ်လို့ ခေါ်ကြတယ်။ ဥပမာ ဘုရားရှင်လက်ထက်က ထင်ရှားတဲ့ ၀က်သတ်သမား။ ၀က်တွေကို သတ်ခဲ့တဲ့ ကံကြောင့် ၀က်အော်သလို အော်ပြီး သေရတယ်။ ပစ္စေကဗုဒ္ဓါကို မီးရှို့သတ်ခဲ့ဖူးတဲ့ ကံကြောင့် ဘ၀ဆက်တိုင်း မီးရှို့သတ်ခံရတဲ့ သာမာဝတီမိဖုရားကိုလည်း ၀ဋ်ခံရတယ်လို့ ခေါ်ကြတယ်။ မီးကွင်းစွပ်တဲ့ ကျီး။ ဂူထဲပိတ်မိနေတဲ့ ခရီးသွားရဟန်းများ၊ သဲအပြည့်ထည့်ထားတဲ့ အိုးနှင့် ပင်လယ်ထဲ အနှစ်ခံရတဲ့ အမျိုးသမီးစတဲ့ ပုံစံတူ ပြန်လည် အကျိုးခံစားရမှုကို ၀ဋ်လို့ ခေါ်ကြပါတယ်။ ၀က်သတ်သမားစုန္ဒဆိုရင် ၀က်တွေသေမှ သူစီးပွားဖြစ်မှာလေ။ ဒါကြောင့် ၀က်ကို သေစေလိုတဲ့ စိတ် သူ့ဆီမှာအပြည့်အ၀ရှိတယ်။ သာမာဝတီကတော့ ပထမ မသိလို့ မီးရှို့တယ်။ သမာပတ် ၀င်စားနေတဲ့ ပစ္စေကဗုဒ္ဓါကို သူမီးလှုံတဲ့ ချုံထဲမှာ ရှိနေမှန်း မသိလို့။ သိတဲ့အခါကျတော့ မထူးဘူးဆိုပြီး ဆက်ရှို့လိုက်တဲ့ ကံကြောင့်။ သူတို့ဟာ “ဇနေတိ သဒိသံ ပါကံ” တူသော အကျိုးပေးခြင်းကို ခံခဲ့ရပါတယ်။
ကံတိုင်း ပြုလုပ်လိုက်တဲ့ ကံတိုင်း အဲလိုပဲ အကျိုးပေးသလားဆိုတော့ မဟုတ်ပါဘူး။ ပုံစံတူ ပြန်အကျိုးပေးသလား ဆိုလည်း အားလုံးမဟုတ်ပါဘူး။ ပုံစံတမျိုးနဲ့ ရောက်လာတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ကံတွေ အကျိုးပေးတဲ့ ပုံစံက
၁။ ချက်ချင်း အကျိုးပေးတယ်။
၂။ နောက်ဘ၀မှ အကျိုးပေးတယ်။
၃။ တတိယဘ၀ကစလို့ နိဗ္ဗာန်ကို မရမချင်းအကျိုးပေးတယ်။
၎။ ကံဟာ အကျိုးမပေးတော့ဘဲ အလဟဿဖြစ်သွားတာ မျိုးရှိတယ်။
ကိုယ်ပြုလိုက်တဲ့က နံပါလေး ကံလို ဖြစ်သွားမယ်ဆိုရင်တော့ ဘယ်လိုမှ အကျိုးပြန်မပေးတော့ပါဘူး။ တစ်ခုတော့ ရှိတယ်။ ကံက အကျိုးပေးလာပြီဆိုရင်တော့ ဘုရားသော်မှ တားပေးလို့ မရပါဘူး။ အဲဒီလို အကုသိုလ်ရဲ့ အကျိုးခံစားရတာကိုပဲ ၀ဋ်လည်တယ်လို့ ပြောတတ်ကြပါတယ်။
ကျောက် ဟာ ဘယ်လောက်သေးသေး ရေထဲချလိုက်ရင် ပေါ်ပါစေလို့ ဆုတောင်းလည်း ရေထဲမြုပ်ပါတယ်။ ဆီဟာ ရေထဲချလိုက်ရင် မြုပ်ပါစေလို့ ဘယ်လို ဆုတောင်းတောင်း ပေါလောပေါ်ပါတယ်။ အဲလို အကုသိုလ်ကံကို ပြုလိုက်ရင် ရေထဲကို ကျောက်ခဲချလိုက်တာနဲ့ တူပါတယ်တဲ့။ ဘယ်လိုပဲ ဆုတောင်း ဆုတောင်း မပေါ်ပါဘူးတဲ့။ ဒါပေမယ့် ကျောက်ခဲကို ရေပေါ်သွားနေတဲ့ လှေပေါ်တင်လိုက်ရင်တော့ ရပါတယ်။ အကုသိုလ်ကံကို ပပျောက်အောင် ကုသိုလ်ကံက လုပ်နိုင်ပါတယ်။ ဆီလို ကုသိုလ်ကံကို ပလပ်စတစ်အိပ်ထဲထည့်ချည်ပြီး ရေထဲချလိုက်ရင် မြုပ်ပါတယ်။ ကုသိုလ်ဟာလည်း မဖြစ်စလောက် အကုသိုလ်လေးနဲ့ ပျောက်ပျက်သွားတတ်ပါတယ်။ (ကုသိုလ်ကြောင့် အကုသိုလ်ဖြစ်တာ အကုသိုလ်ကြောင့် ကုသိုလ်ဖြစ်တာတွေကို ဖွင့်ပြတဲ့ “အာရမ္မဏပစ္စယော” ကို အလျဉ်းသင့်ရင် ရှင်းပြပါမယ်) အချို့ အချို့သော ကံကတော့ အကျိုး မပေးဘဲ မနေကို မနေပါဘူး။ အဲလို ဘာလို့ ဖြစ်ရတာလဲဆိုတော့ ကံကို ပြုစဉ်ကာလက ဖြစ်ပေါ်ခဲ့တဲ့ စိတ်ထားနဲ့ လုံးဝ ဆိုင်ပါတယ်။
ဒီတော့ ၀ဋ်ဆိုတာ ကံသာလျှင် ဖြစ်ပါတယ်။ ကံရဲ့ အကျိုးဆက်မျှသာ ဖြစ်ပါတယ်။ ပြုပြင်လို့ စီရင်လို့ ရပါတယ်။ စကားမစပ် ပြောချင်တာလေး ရှိပါတယ်။ (စကားစပ်လို့ ဆိုတာလေး ထပ်နေမှာစိုးလို့ပါ) စာရေးဆရာ အောင်သင်းနဲ့ စာရေးဆရာမ ဒေါ်ခင်နှင်းယုတို့ အပြန်အလှန် မေးကြဖြေကြတဲ့ စာထဲမှာ ဦးအောင်သင်း မေးတာကို ဒေါ်ခင်နှင်းယုက ဖြေထားပုံက
“လူတွေ ဒုက္ခရောက်ကြရခြင်း အကြောင်း လေးမျိုးရှိတယ်
၁။ ကိုယ့်ရှေးအတိတ်ကံကြောင့်
၂။ သူတပါးရဲ့ ပယောဂကြောင့်
၃။ ပတ်ဝန်းကျင့်ကြောင့်
၎။ အကုသိုလ်ကြီးတဲ့ သူနဲ့ ပေါင်းမိတာကြောင့် ” တဲ့။ အဲဒါမျိုးကိုတော့ ကျွန်တော်/ကျွန်မ ၀ဋ်ရှိလို့ ခံရတယ်လို့ သဘောထားပါတယ်လို့ သွားလုပ်လို့မရဘူး။ နောက် ဘုရားရှင်က ကံကိုချည်း အားကိုးခိုင်းတာမျိုး လုံးဝမဟောပါဘူး။ ဉာဏ်နဲ့ယှဉ်ပြီးလုပ်၊ ၀ီရိယနှင့် ယှဉ်ပြီးလုပ်လို့ ဟောထားပါတယ်။ (ကျမ်းစာအုပ်တွေမှာ မရှာဖြစ်သေးလို့ ဒေါ်ခင်နှင်းယုရဲ့ စာအုပ်ထဲက စာသားကိုပဲ ဖော်ပြလိုက်ပါတယ်။)
အဆုံးသတ်မယ်လုပ်တော့မှ သတိရတာ ရှိတယ်။ ၀ဋ်သုံးပါး..
၁။ ကမ္မ၀ဋ်
၂။ ၀ိပါက၀ဋ်
၃။ ကိလေသ၀ဋ်
ဒီသုံးပါးထဲက ၀ဋ်လည်တယ်။ ၀ဋ်လိုက်တယ်လို့ အပြောခံရတဲ့ ၀ဋ်ကတော့ ၀ိပါက ၀ဋ်ဖြစ်ပါတယ်။ ကမ္မ၀ဋ်ကျတော့ ဘယ်သူမှ ရှောင်လွဲလို့ မရပါဘူး။ ကျွန်တော်တို့ ဘ၀တွေ ဖြစ်ရတာ အဲဒီ ကမ္မ၀ဋ်ကြောင့်ပါပဲ။ လူ့ဘ၀၊ နတ်ဘ၀၊ ဗြဟ္မာဘ၀၊ တိရစ္ဆာန်ဘ၀တွေ ရကြတာဟာ ကမ္မ၀ဋ်ပါပဲ။ ကိလေသ၀ဋ်ကျတော့ အ၀ိဇ္ဇာ၊ တဏှာနှင့် ဥပါဒါန်ကို အခြေခံတယ်။ ကျွန်တော်တို့ အခု လုပ်နေသမျှ အားလုံးဟာ ကိလေသ၀ဋ်ပါပဲ။