လူတစ်ဦးတစ်ယောက် ဒါမှမဟုတ် အားလုံးသော သက်ရှိသတ္တ၀ါတိုင်းရဲ့ လက်ရှိ အနေအထား ပြုမူနေတဲ့ ဟန်ပန်ရဲ့ နောက်ကွက်က အထောက်အပံ့အကြောင်းဟာ ဟေတုပစ္စယောပါပဲ။ လူတစ်ယောက် ပြောဟန်ဆိုဟန်တွေက လိုချင်တပ်မက်မှုတွေ ပါဝင်နေတယ်။ သူ လောဘရဲ့ အထောက်အပံ့ကို အပြည့်အ၀ ရရှိနေတယ်။ လူတစ်ယောက် စိတ်ဆိုးနေတယ်။ ဆဲဆိုကြိမ်းမောင်းနေတယ်။ ငိုနေတယ်။ လွမ်းဆွေးနေတယ်။ ဒါကျတော့ သူ့နောက်ကွယ် အထောက်အပံ့က သူ့ကို ဒီလိုဖြစ်အောင် ကူညီပေးနေတာက ဒေါသ။ တစ်ဦးတစ်ယောက် ပြုမူပြောဆိုမှုက မှားယွင်းလာတယ်။ မိုက်မဲလွန်းတယ်။ ဒါဆိုရင် သူ့နောက်ကွယ်က သူ့ကို ကူညီဖြည့်ဆည်းပေးနေတဲ့ တရားက မောဟပဲ။ တစ်ဦးတစ်ယောက်ဟာ မလိုချင်ဘူး။ ဥပမာ အလောင်းတော် ဥဒယဘဒ္ဒမင်းသားဟာ ထီးနန်းစည်းစိမ်ကို မလိုချင်ဘူး။ မယ်တော်က ခမည်းတော်ဘုရင်ကြီး နတ်ရွာစံရင် ဒီသားလေးကို ထီးနန်းရစေချင်တယ်။ ဒီတော့ မိဖုရားတစ်ပါးရှာခိုင်းတယ်။ ဥဒယဘဒ္ဒမင်းသားက မရှာဘူး။ သူပြောတာက ဘုရင်ကြီးနတ်ရွာစံသွားရင် သူတောထွက်မယ်တဲ့။ ဒါ သူ့ကို အထောက်အပံ့ပေး ကျေးဇူးပြုနေတဲ့တရားက အလောဘ။ သူ့မှာ တခြားလူများ နန်းရသွားရင်လို့ လောဘလည်းမဖြစ်။ မယ်တော်ရဲ့ အကြံအပေါ် ဒေါသလည်းမဖြစ်။ အသိဉာဏ်နဲ့ ယှဉ်နေတဲ့ မောဟလည်း မဖြစ် ဖြစ်နေပါတယ်။ ဒီတော့ လူတစ်ယောက် ဒါမှမဟုတ် ပုဂ္ဂိုလ်သတ္တ၀ါအားလုံးရဲ့ ဟန်ပန်ကို နောက်ကွယ်ကနေ ထောက်ပံ့ပေးနေတာ ကျေးဇူးပြုပေးနေတာကို ရေတွက်လိုက်ရင် ခြောက်မျိုးပဲ ရှိတယ်။ ဘာလဲဆိုတော့
၁။ လောဘ ,
၂။ ဒေါသ,
၃။ မောဟ ,
၎။ အလောဘ ,
၅။ အဒေါသ ,
၆။ အမောဟ
ဒီခြောက်မျိုးပေါ့။ ဟိတ် လို့ စာလိုခေါ်ပြီး ပါဠိလို ဟေတုလို့ခေါ်တယ်။
လူပုဂ္ဂိုလ်သတ္တ၀ါအားလုံးကို ထောက်ပံ့နေတဲ့အတွက် ဟေတုပစ္စယော ဖြစ်လာပါတယ်။အဲဒီခြောက်မျိုးကို ထပ်ခွဲလိုက်ရင် နှစ်မျိုးပဲ ကျန်တယ်။ အဲဒါကတော့ ကုသိုလ်နဲ့ အကုသိုလ်ပါပဲ။ အကုသိုလ်က လောဘ၊ ဒေါသ၊ မောဟ။ ကုသိုလ်က အလောဘ၊ အဒေါသ၊ အမောဟ။ (“အ” ကိုနည်နည်း ဂရုစိုက်နော်) ဒီ ဟေတုပစ္စယောရဲ့ ကျေးဇူးပြုပုံက ဘယ်လိုလည်းဆိုတော့ လူတစ်ယောက်ဟာ သစ်ပင်တစ်ပင်နဲ့ နှိုင်းရင် ရေသောက်မြစ်ဟာ အဲဒီ လောဘဒေါသ စတာတွေပဲ။ သူမပါလို့ မဖြစ်ဘူးပေါ့ဗျာ။
Thanks for sharing. I read many of your blog posts, cool, your blog is very good.