တစ်ခါတော့ ရဟန်းတစ်ပါး ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်နေတာကို ဘုရားရှင်က တွေ့သွားပါတယ်။ ဘုရားရှင်က အဲဒီ ရဟန်းဆီကို သွားပြီး “ငါ့ရှင် ရောဂါက ဘာရောဂါလဲ” လို့မေးတယ်။
“ဝမ်းပျက် ဝမ်းလျောပါဘုရား”
“ငါ့ရှင်ကို ဘယ်သူ့မှ မပြုစုဘူးလား”
“မပြုစုပါဘုရား”
“ဘာကြောင့် ငါ့ရှင်ကို ဘယ်သူမှ မလုပ်ကျွေးကြတာလဲ”
“တပည့်တော်ကိုယ်တိုင်က ဘယ်သူ့ကိုမှ မလုပ်ကျွေးဖူးဘူး ဘုရား”
ဆိုတော့ ဘုရားရှင်နောက် အမြဲ ထပ်ကြပ်မကွာလိုက်တဲ့ အာနန္ဒာကို “ကဲ အာနန္ဒာ၊ ရေယူခဲ့ ဒီရဟန်းကို ရေချိုးပေးကြမယ်” လို့ခိုင်းလိုက်တယ်။ ဘုရားရှင်က ရေလောင်းပေးတယ်။ အာနန္ဒာက ပွတ်သပ်ပေးပါတယ်။ သင်္ကန်းကို ကောင်းကောင်း ပြန်ဝတ်ပေးပြီး ဘုရားရှင်က ခေါင်း၊ အာနန္ဒာက ခြေဖက်ကနေ ရဟန်းကို ကုတင်ပေါ် တင်ပေးလိုက်ပါတယ်။ အဲဒီနောက် အဲဒါကို အကြောင်းပြုပြီး ဘုရားရှင်က
“ယော ဘိက္ခဝေ မံ ဥပဋ္ဌဟေယျ၊ သော ဂိလာနံ ဥပဋ္ဌဟေယျ – ငါဘုရားရှင်ကို ပြုစုလုပ်ကျွေးချင်ရင် ဖျားနာနေသော ရဟန်းကို ပြုစုလုပ်ကျွေးပါ” ဆိုပြီး ရဟန်းနှင့် နောင်လာနောက်သားကို တိုက်တွန်းတော်မူခဲ့ပါတယ်။
အဲဒီရဟန်းလိုပဲ ပူတိဂတ္တတိဿရဟန်းကိုလည်း ဘုရားရှင်ကိုယ်တိုင်ပဲ ပြုစုလုပ်ကျွေးခဲ့ဖူးပါတယ်။ တခါက တိဿလို့ ခေါ်တဲ့ ရဟန်းဟာ အနာပေါက်ပြီးတော့ တကိုယ်လုံး ပုပ်ပွလာတယ်။ ပုပ်နံ့ကို ဘယ်ရဟန်းမှ မခံနိုင်ဘူး။ သူနဲ့ နီးရာကို ဘယ်ရဟန်းမှ မလာတော့ဘူး။ ဒီတော့ အနံ့ကလည်း ဆိုးသထက်ဆိုးလာတယ်။ ဘုရားရှင်က ကျွတ်ထိုက်တဲ့ သတ္တဝါကို ကြည့်လိုက်တော့ အဲဒီ တိဿရဟန်းကို မြင်တော်မူတယ်။ ဒါနဲ့ အာနန္ဒာကို ခေါ်ပြီး မီးဖိုထဲသွား၊ မီးဖိုပြီး ရေနွေးကြိုခိုင်းတယ်။ ရေနွေးတွေ ပွက်တဲ့အခါ ဘုရားရှင်ကိုယ်တိုင် တိဿရဟန်းရဲ့ကုတင်ကို ကိုယ်တိုင် မ,ချီတော်မူတယ်။ ရဟန်းတွေက ဘုရားရှင်ကို ဖယ်ခိုင်းပြီး မီးဖိုဆောင်ဆီ သယ်ယူကြတယ်။ ကိုယ်ရုံကိုခွာပြီး သင်္ကန်းကို နှစ်ကြိမ်လျှော်တယ်။ အနာဖေးများကို ရေနွေးနဲ့ ခွာပြီး သန့်စင်ပေးတယ်။ အိပ်ယာနဲ့ ကုတင်ကိုလည်း လျှော်ဖွတ်သန့်စင်ပေးတယ်။ အနာခြောက် သင်္ကန်းခြောက်တော့ သင်္ကန်းများ ပြန်ဝတ်စေပြီး ပေါ့ပါးတဲ့ခန္ဓာ၊ တည်ကြည်တဲ့ စိတ်ရှိနေချိန်မှာ ကုတင်ခေါင်းရင်းကနေနေပြီး “သင့်ရဲ့ခန္ဓာကိုယ်ကြီးဟာ ထင်းတုံးကြီးလို ဘာမှ အနှစ်မရှိ၊ သေသွားရင် တစပြင်မှာ ပစ်ဖို့သာရှိတယ်၊ အဲဒီ ဖြစ်ပျက်သဘောကို ရှုမှတ်ပါငါ့ရှင်” လို့ မိန့်တော်မူတယ်။ ဒေသနာအဆုံးမှာ တိဿရဟန်းဟာလည်း ရဟန္တာဖြစ်သွားတယ်။
ဒါက ဘုရားရှင်ကိုယ်တော်တိုင် ပြုလုပ်ခဲ့တဲ့ ဝေယျာဝစ္စအကြောင်းဖြစ်ပါတယ်။ သက်တော် ဝါတော်ရ ရဟန်းသံဃာမှ မဟုတ်ပါဘူး၊ သင်္ကန်းဆိုတဲ့အမှတ်နဲ့ ဘယ်ရဟန်းသံဃာကိုမဆို ပုဂ္ဂိုလ်ကို မမြင်ဘဲ သံဃာလို့မြင်ပြိး ပြုစုလုပ်ကျွေးသင့်ပါတယ်။ တစ်ခါက လက်ဘက်ရည်ဆိုင်တစ်ဆိုင်မှာ ဦးဇင်းတစ်ပါးက အမြဲလက်ဘက်ရည်သောက်တယ်။ တနေ့တော့ ဆိုင်ရှင်က “ဒီနေ့ တပည့်တော် အရှင်ဘုရားကို ကပ်ပါတယ်ဘုရား” လို့လျှောက်သတဲ့။ ဦးဇင်းက “ဦးဇင်းဒီမှာ သောက်နေတာကြာပြီ၊ တကာကြီး တစ်ခါမှ မကပ်ဖူးပါဘူး၊ ပြီးတော့ ဒီဆိုင်မှာ ဦးဇင်းက အချိန်မရွေး ဝင်ထွက်ပြီး အချိန်မရွေး လက်ဘက်ရည်သောက်နေတာနော် တကာ” လို့ပြောတယ်။ “ဘာမှ မဖြစ်ပါဘူးဘုရား။ ဦးဇင်းကို တပည့်တော်က သံဃာအမှတ်နဲ့ ကပ်ခြင်းမျှသာ ဖြစ်ပါတယ်ဘုရား” တဲ့။ ဆဒ္ဒန်ဆင်သာ သင်္ကန်းကိုမြင်ပြီး ပုဂ္ဂိုလ်ကို မြင်ခဲ့မယ်ဆိုရင် သတ်ပစ်တာကြာပေါ့။ လူနာကို ပြုစုတာကတော့ သံဃာမှ မဟုတ်ပါဘူး။ အသက်ကြီးပုဂ္ဂိုလ်၊ ဂုဏ်ကြီးတဲ့ပုဂ္ဂိုလ်အပြင် မည်သူကိုမဆို ပြုစုလုပ်ကျွေးရင် ကုသိုလ်ရပါတယ်။ ဝေယျာဝစ္စဒါနဆိုတာ အလကားရတဲ့ ဒါနပါဗျာ။