အထက်တန်းစား မျက်လုံးနဲ့ဖတ်ခြင်း သည်းခံပေးဖို့ ကြိုပြောထားပါရစေ။ ဒါကတော့ ကိုယ်တော်တော် အောက်တန်းကျခဲ့တဲ့အကြောင်းကို လမ်းညွှန်အနေနဲ့ ရေးပြမှာပါ။ ကျွန်တော်က ပထမဦးဆုံး ရုပ်ရည်အားဖြင့် စတင်အောက်တန်းကျပါတယ်။ ကွန်တော်ကိုကြည့်ရင် ရုပ်ရည်ရူပကာယအားဖြင့် တပါးသူအတွက် သင့်တင်မျှတမှုမရှိပါဘူး။ မကောင်းဘူးလို့ ယူဆရတဲ့ နေရာတွေမှာ ကိုယ့်ကို ခဏခဏ လူမှားပါတယ်။ ကျွန်တော့်အနေနဲ့ ရေးပြလို့ မသင့်တဲ့ နေရာတွေမှာ ကျွန်တော့်ကို ခဏခဏတွေ့ပါကြောင်း အထင်လွဲခံရ အစွပ်စွဲခံရလေ့ရှိပါတယ်။ ငြင်းလို့ကိုမရဘူး။ အဲလိုအောက်တန်းကျတဲ့ ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားလေတော့ သူများကိုလည်း အောက်တန်းကျအောင် ဆွဲဆောင်ပါရစေ။ ဒီအတိုင်းလိုက်လုပ်ရင် မလွဲမသွေ အောက်တန်းကျမှာ သေချာလို့ လိုက်လုပ်ကြည့်ဖို့လည်း ဖိတ်ခေါ်ပါရစေ။
ဟိုးရှေးရှေးတုန်းက အရုပ်ဆိုးဆိုး ခါးကုန်းကုန်း မိန်းကလေးတယောက်ဟာ ငွေကိုင်ဆီကနေ ငွေ ၈ ကျပ်တောင်းပြီး ပန်းသွားဝယ်တယ်။ ပြီးတော့ သူ့ရဲ့သခင်မ သာမာဝတီကို အဲဒီပန်း သွားဆက်ရတယ်။ ငွေကိုင်ဆီကနေ ငွေ ၈ ကျပ်တောင်းခဲ့ပေမယ့် သူက တခါမှ ၈ ကျပ်ဖိုးပြည့်အောင် မဝယ်ဖူးပါဘူး။ ၄ ကျပ်ဖိုးပဲ ဝယ်တယ်။ အဲလိုပဲ နေ့တိုင်းလုပ်နေတာ ကြာတောင်ကြာနေပြီ။ တနေ့တော့ အဲဒီပန်းရောင်းတဲ့အိမ်က ဘုရားပင့်ပြီး အိမ်မှာ ဆွမ်းကပ်တရားနာ လုပ်ပါတယ်။ ပန်းရောင်းတဲ့ အိမ်ရှင်က သူ့ကို “သမီးရေ တရားလေး နာသွားပါဦးလား၊ ဘုရားရဲ့တရားဆိုတာ နာရခဲလှပါတယ်” ဆိုပြီး ဖိတ်ခေါ်တယ်။ “ဟုတ်ကဲ့” ဆိုပြီး သူတရားနာပါတယ်။ ဉာဏ်အရမ်းကောင်းတဲ့ မိန်းကလေးဖြစ်တာကြောင့် ဘုရားရဲ့ တရားကို နာပြီးပြီးချင်းပဲ သောတာပန်ဖြစ်သွားပါတယ်။ သောတာပန်ဖြစ်သွားတာနဲ့ သူက ပန်းကို ၈ ကျပ်ဖိုးအပြည့်ဝယ်ပြီး သာမာဝတီကို ပန်းအကုန်ဆက်ပါတယ်။
“အစ်မ ပန်းတွေများလှချည်လား ငွေကိုင်က ပိုက်ဆံပိုပေးလိုက်တာလား၊ ပန်းသည်က ပန်းပိုပေးလိုက်တာလား”
သာမာဝတီကမေးတယ်။ သာမာဝတီဆိုတာ သာမန်သူဌေးမလေး မဟုတ်ပါဘူး။ ဘုရင်တပါးရဲ့ မိဖုရားပါ။ ဒါကြောင့် ပန်းဆက်တဲ့ မိန်းကလေးက ပြန်ပြောတယ်။
“သတ်ချင်လည်းသတ်ပါ အလုပ်ဖြုတ်ချင်ရင်လည်း ဖြုတ်ပါ ဒဏ်ပေးချင်ရင်လည်း ပေးပါ။ ကျွန်မဟာ ငွေကိုင်က ပေးတဲ့ ငွေ ၈ ကျပ်ကို အပြည့်တစ်ခါမှ မသုံးပါဘူး။ အမြဲ ၄ ကျပ်ဖိုးပဲ ဝယ်ပါတယ်။ ဒီနေ့တော့ ဘုရားရဲ့ တရားနာရလို့ ၈ ကျပ်ဖိုးအပြည့်ဝယ်ခဲ့တာပါ”
“အော်”
သာမာဝတီက မိဖုရားကောင်းလေးပါ။
“နင့်ကိုလည်း အလုပ်မဖြုတ် မသတ်လည်းမသတ်ပါဘူး။ ဒဏ်လည်းမပေးပါဘူး။ နင့်ကို ပြောင်းလဲသွားစေတဲ့ တရားကိုသာ ငါ့ကို ဟောပြစမ်းပါ”
လို့သာဆိုပြီး တရားတဆင့်ထပ်နာပါတယ်။ ပန်းဆက်တဲ့ မိန်းကလေးကလည်း တလုံးမကျန် ပြန်ဟောပြနိုင်တယ်။
ပန်းဆက်တဲ့ မိန်းကလေးနာမည်က ခုဇ္ဇုတ္တရာပါ။ သူက ခါးကုန်းနေသလို အရုပ်လည်း တော်တော်ဆိုးပါတယ်။ ဒါပေမယ့် သူက ဉာဏ်အရမ်းကောင်းပြီး အရမ်းထက်မြက်တဲ့ မိန်းကလေးဖြစ်ပါတယ်။ ဉာဏ်ကောင်းပြီး အရမ်းထက်မြက်ပေမယ့် အရုပ်ဆိုးဆိုး ခါးကုန်းကုန်းအပြင် ကျွန်ဖြစ်နေရရှာတယ်။ ကျွန်ဆိုတော့ အောက်တန်းကျတာပေါ့။ သူများခိုင်းတာလုပ်ရ။ သူများပြောတာ ခံရ။ သူများ အလုပ်မပေးရင် ငတ်ရ။ ပင်ပန်းရတာပေါ့။ ဘဝက အောက်တန်းကျနေတာကိုး။ ပြောရတာသာ ကျွန်ဆိုတာလွယ်တာ။ ရိုက်တာ နှက်တာ။ ပုတ်တာ ကျောက်တာ။ ပြောတာ ဆိုတာ ခံရတဲ့အပြင် ဘာဆိုဘာမှ ပြန်ပြောခွင့်မရှိဘူး။ နေပူတာ မိုးရွာတာ မသိ။ အလုပ်ကို လုပ်ဆိုရင် လုပ်ပေးရတယ်။ ညအိပ်ချင်တာ မနက်မထချင်တာ လုပ်လို့မရဘူး။
သည်မိန်းကလေး ဘာလို့အဲလို အောက်တန်းကျရတာလဲ။ သူက တချိန်က (ကဿပဘုရားရှင်လက်ထက်က) သူဌေးသမီးတစ်ယောက်ပါ။ ချမ်းသာတဲ့အလျောက်လည်း အလှူတွေ အဒါန်းတွေ အမြဲလုပ်ပါတယ်။ ဘုန်းကြီးကျောင်းကန်ဘုရားကိုလည်း အမြဲရောက်ပါတယ်။ ရောက်ပါများတော့ ဘုန်းကြီးရဟန်းတွေ ရဟန်းမတွေနဲ့ ရင်းနှီးပါတယ်။ လူဆိုတာက ရင်းနှီးလာတာနဲ့အမျှ အရိုသေတန်လာကြတယ် မဟုတ်လား။ ဘုန်းကြီးကိုလည်း ဒါလေးလုပ်ပေးပါလား။ ဟိုဟာလေး ကမ်းပေးပါလား ဖြစ်လာတတ်တယ်လေ။ တချို့ဆို ပြန်တောင်အော်တာ မြင်ဖူးပါတယ်။
အဲဒီမိန်းကလေးက ဘုန်းကြီးကျောင်းကန်ကို ရောက်နေကျအပြင် ရင်းနှီးလည်းရှင်းနှီးတော့ တခါခါ ထမင်းစားတာ ရေချိုးတာ စသဖြင့် ဘုန်းကြီးကျောင်းမှာပဲလုပ်တယ်။ တနေ့တော့ သူက ရေချိုးရင်း လဲဖို့ထမိန်ကျန်ခဲ့တယ်။ အဲလိုကျန်ခဲ့တော့ သူက လှမ်းအော်တယ်။ ရဟန်းမတပါးက ထွက်ကြည့်တယ်။
“မရိုမသေ ကျမရေလဲထမိန်လေး ပစ်ချပေးပါလား”
ဆိုပြီးခိုင်းလိုက်တယ်။ ရဟန်းမက သိလိုက်တယ်။ မခိုင်းကောင်းတဲ့လူကို ခိုင်းနေပြီ။ ငါမယူပေးရင် ဒေါသထွက်မယ်။ ရဟန်းအပေါ် ရဟန်းမအပေါ် ဒေါသထွက်ရင် အပြစ်က ပိုကြီးလိမ့်မယ်။ ငါယူပေးလိုက်ခြင်းအားဖြင့်တော့ သူ နောက်နောင် ဘဝတွေမှာ အောက်တန်းကျတဲ့ ဘဝတွေပဲ ဖြစ်ရမယ်လို့ တွေးပြီး ရဟန်းမက သူ့ရေလဲထမိန်ကို ယူပေးလိုက်တယ်။ ဘုန်းကြီးကျောင်းကန်မှာ အလှူတွေ အများကြီး လုပ်ခဲ့လို့ ဉာဏ်ကောင်းတဲ့ မိန်းကလေးဖြစ်ပေမယ့် မခိုင်းကောင်းတဲ့သူကို ခိုင်းမိလို့ ဘဝပေါင်း ၅၀၀ လောက် အောက်တန်းကျတဲ့ ဘဝနဲ့သာ နေခဲ့ရပြီး အခုတော့ သာမာဝတီမိဖုရားရဲ့ ကျွန်လာဖြစ်နေရရှာတယ် ဆိုပါတော့လေ။ လိုက်လုပ်မယ်မဟုတ်လားဟင်။
ကျွန်တော်လည်း ကျွန်တော့်ရုပ်ရည် ရူပကာယရဲ့ တပါးသူခဏခဏ အထင်လွှဲတာ ဘယ်သူ့ကို ဘယ်လိုများ သွားပြောမှားဆိုမှားလုပ်မိခဲ့လဲ မသိဘူး။ အဲဒီအချိန်တုန်းကတော့ ကျွန်တော့်ကို ကျွန်တော် သိပ်မှန်နေတယ်လို့ ထင်ချင်ထင်နေမှာပေါ့လေ။ လူဆိုတာက ကိုယ့်ကိုယ်ကို ဖော့တွေးတတ်ကြတာပဲ မဟုတ်လား။ ငါက မှန်တာ လုပ်တာ ဘာမှ မဖြစ်ဘူးလို့လေ။