ချက်ချင်း (၂) ရောက်သွားတာမဟုတ်ပါဘူး။ နံပါတ်တစ်က အောက်တန်းကျနည်း နိဿရည်းဆိုတဲ့ ခေါင်းစဉ်နဲ့ဖြစ်နေလို့ပါ။ ပြန်တွေးကြည့်မှ အောက်တန်းကျဖို့ဆိုတာ အနုပညာဆန်ရတယ် သို့တည်းမဟုတ် အနုပညာဆန်ဖို့လိုတယ်ဆိုတာ သိလာရတယ်ကိုး။ အနုပညာဆန်ဆန် ကျွန်တော့်ဘဝရဲ့ အောက်တန်းကျခဲ့ပုံများကို စာဖွဲ့ရရင်ဖြင့် ကျွန်တော့်ရဲ့ဆရာတွေဟာ ကျွန်တော့်ကို မုန်းခြင်းပါပဲ။ ကျွန်တော့်ရဲ့ ငယ်ဆရာဆို လွန်ခဲ့တဲ့ နှစ်တစ်ခုမှာ ကျွန်တော့်ကိုတွေ့တော့ “မင်း ကိုရင်တွေမွေးပြီး ပိုက်ဆံအလှူခံစားနေတယ်ဆို” လို့ ကျွန်တော့်ကို လူလည်ခေါင်မှာ ပြစ်တင်စွပ်စွဲပါတယ်။ ဒါပေမယ့် သည်ဆရာတစ်ပါးတည်းသာ ကျွန်တော့်ကို အမြဲအပြစ်ရှာတာတော့ မဟုတ်ပါဘူး။ ကျွန်တော်တွေ့သမျှဆရာအားလုံးကတော့ ကျွန်တော့်ကို အမြဲမျက်မုန်းကျိုးပြီး အပြစ်ရှာနေကျပါပဲ။ ကျွန်တော့်ရဲ့ လူပေါင်းဆန့်ပုံက ကျွန်တော်ရေးရေးနေတဲ့ “ဒါမျိုးတွေက လွယ်ပါတယ်” တွေထဲက လူမှုဆက်ဆံရေး ကျယ်ပြန့်ရတယ်ဆိုတဲ့ နည်းနာနိဿရည်းနဲ့ လုံးဝကွက်တိ ဆန့်ကျင်ဘက်တွေပါပဲ။ အဲဒီဆောင်းပါးတွေ အလိုအရ ပြောရရင်တော့ဖြင့် ဒါတွေက သြဇာအာဏာမရှိခြင်း မအောင်မြင်ခြင်း နာမည်မရှိခြင်း လူသူလေးပါးနဲ့ မဆက်ဆံတတ်ခြင်းတို့ရဲ့ အပြစ်ပါပဲ။ ဒီသြဇာအာဏာမရှိခြင်း စသည်တို့က လူတယောက်ကို အောက်တန်းကျစေနိုင်ခြင်းရဲ့ အကြောင်းအရင်းပါပဲ။ သြဇာအာဏာမရှိခြင်းဟာလည်း အနုပညာဆန်ချင် ဆန်နေမှာပါပဲ။ ဘယ်လိုကြောင့်ဖြစ်ပါစေ ကျွန်တော့်လိုလူမျိုးဆိုတာက သိပ်ဖိနှိပ်လို့ ကောင်းတဲ့အစားထဲမှာ အလိုလိုပါတယ်။ ကျွန်တော့်လို လူမျိုးကို ဖိနှိပ်ရလို့လည်း အကျိုးရယ်တော့ သိပ်မရှိလှပေတဲ့ ဖိနှိပ်စရာကလည်း ကျွန်တော့်ဝန်းကျင်မှာ ကျွန်တော်ပဲ ရှိတယ်လေ။ သမ္မာကျမ်းစာ ဘယ်အပိုဒ် ဘယ်နေရာမှာပါတယ်တော့ မသိဘူး။ “သင့်နာမည်ရှိရာအရပ်မှာ သင်ဖြစ်တည်ပါ” ဆိုတဲ့ နှုတ်ကပါတ်တော်ကိုတော့ဖြင့် သိပ်ပြီး သဘောကျတာပဲ။ ဒါပေမယ့် ကိုယ့်နာမည်ရှိတဲ့အရပ်တိုင်းမှာ ကိုယ်က ဖိနှိပ်စရာသတ္တဝါကလေး ဖြစ်နေတာကတော့ဖြင့် မတတ်သာစကောင်းပေါ့လေ။
ဘာလို့များ ကျွန်တော်ဟာ ဖိနှိပ်စရာ သိပ်ပြီး အထင်သေး အမြင်သေးစွာ ဆက်ဆံလို့ကောင်းတဲ့ သတ္တဝါဖြစ်နေရတာလဲဆိုတော့ ကျွန်တော်ဟာ ဒူးနေရာဒူး တော်နေရာတော် ဆိုတဲ့ စကားပုံကို နားမလည်ခဲ့လို့လည်း ဖြစ်ရင် ဖြစ်နေပါလိမ့်မယ်။ ကျွန်တော်သာ အဲဒီစကားပုံကို နားလည်စွာ နေထိုင်ခဲ့မယ်ဆိုရင်တော့ဖြင့် ခုလို စိတ်ညစ်စရာတွေလည်း တွေးမိချင် ရေးမိချင်မှ ဖြစ်မှာပါ။ စံရရင် တိတ်နေကြပေမယ့် ခံရရင်တော့ ကျယ်ချင်ကြတဲ့ ထုံးစံလည်း ရှိပြန်သကိုးလေ။
မြတ်စွာဘုရားရဲ့ တပည့်တွေထဲမှာ လက်ဝဲရံ လက်ယာရံပြီးရင် နောက်ထပ်ထပ်ပြီးရွေးတဲ့ ထိပ်ခေါင် သံဃာတော်ကြီးတွေရှိပါတယ်။ ပါဠိလို အသီတိသာဝကလို့ခေါ်တယ်။ ဘုရားရှင်က ဘွဲ့အသီးသီးပေးအပ်ခြင်း ချီးမွှမ်းခြင်းခံရတဲ့ လက်ရွေးစင်သင်္ဃာတော်ပေါင်း ၈၀ ပေါ့။ အဲဒီထဲမှာ ဥပါလိဆိုတဲ့ ရဟန်းတပါးလည်းပါတယ်။ ဥပါလိဆိုတဲ့ရဟန်းက ခုခေတ်စကားနဲ့ ပြောရရင် နယ်နယ်ရရတော့မဟုတ်ပါဘူး။ ဝိနည်းနဲ့ပတ်သက်ပြီး သင်္ဂါယနာတင်နိုင်တဲ့အထိ ကြိုးပန်းပေးနိုင်ခဲ့တဲ့ ရဟန်းတစ်ပါးဆိုလည်း မမှားပါဘူး။ သူ့ကြောင့်သာလျှင်လည်း ဝိနည်းကျမ်းကြီး တည်ရှိပြီး ဝိနယော နာမ သာသနဿ အာယု လို့ ကြွေးကြော်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
အဲဂလို မြင့်မြတ်ပြီး သာသနာ့အသက် အဓွန့်ရှည်အောင် လုပ်ဆောင်ခဲ့တဲ့ ဥပါလိမထေရ်ဟာ သူ့လူဘဝမှာ အတော်လေး နိမ့်ကျပါတယ်။ ဒီဆောင်းပါးအလိုပြောရရင် အောက်တန်းကျပါတယ်ပေါ့ဗျာ။ သူလူ့ဘဝတုန်းက အာနန္ဒာ ဘဒ္ဒိယ အနုရုဒ္ဓါစတဲ့ မင်းညီမင်းသားတို့ရဲ့ အခိုင်းအစေတယောက်မျှသာပဲ ဖြစ်ပါတယ်။ အခိုင်းအစေ ဆိုသော်ငြားလည်း သာမန်အခိုင်းအစေထက် နိမ့်ကျတဲ့ အခိုင်းအစေပါ။ ဥပါလိဟာ ခုနကပြောတဲ့ အာနန္ဒာစတဲ့ မင်းသားတို့ ရေချိုးရင် ချေးတွန်းပေးရတယ်။ ရေလဲလျှောပေးရတယ်။ အဝတ်တွေ ဖွတ်ပေးရတယ်။ ခြေသည်း လက်သည်း လှီးပေးရတယ်။ ခေါင်းဖြီးပေးရတယ်။ မုတ်ဆိတ်ရိတ်ပေးရတယ် စသဖြင့် အောက်ခြေသိမ်း အလုပ် အကုန်လုပ်ပေးရပါတယ်။ အတော့်ကို သာသနာ့အကျိုးပြုတဲ့ ရဟန်းရဲ့ လူ့ဘဝဖြစ်အင်က ဘာလို့ အဲလောက် အောက်ကျ နောက်ကျ ဖြစ်ရတာလဲ။
ပြည်မသိ ဗာရဏသီ မင်းမသိဗြဟ္မဒတ်ဆိုတဲ့ ဆိုရိုးအတိုင်း ဟိုးရှေးဘဝမှာ ဥပါလိအလောင်းအလျာလေးဟာ ဗာရဏသီပြည်ရဲ့ ဗြဟ္မဒတ်မင်းတစ်ပါးဖြစ်ခဲ့တယ်။ အဲဒီအချိန်က သူအာဏာရခါစ အချိန်ပဲ ဆိုပါတော့။ အာဏာ မရဖူးတဲ့သူများ အာဏာရရင် ကြောက်စရာကောင်းတယ်မဟုတ်လား။ အာဏာဆိုတာ မီးလိုပဲ။ အသုံးမပြုတတ်ရင် ကိုယ့်ကို လောင်ကျွမ်းတယ်။ အသုံးပြုတတ်ရင် လောကကြီးအတွက် အကျိုးပြုတယ်လေ။ ဒါပေမယ့် ဘယ်သူမဆို အာဏာရခါစတိုင်း အာဏာကို အကျိုးရှိအောင် အသုံးမပြုတတ်ကြပါဘူး။ အာဏာကို စမ်းကြည့်နေတာနဲ့ ပြီးတတ်တဲ့ ထုံးစံအတိုင်း ဥပါလိအလောင်းဖြစ်တဲ့ ဗြဟ္မဒတ်မင်းလေးဟာ အာဏာကို ဟိုလိုစမ်းသပ် ဒီလိုစမ်းသပ်လုပ်ကြည့်နေချိန်။
ကိုယ့်အဝန်းအဝိုင်းထဲ အာဏာပြလို့ဝလာတဲ့ ဥပါလိအလောင်းအလျာ ဘုရင်သစ်လေးဟာ တိုင်းသူပြည်သားအပေါ် အာဏာပါဝါတွေ ပြချင်လာတယ်။ ဒါနဲ့ သူတိုင်းခန်းလှည့်လည်တယ်။ တိုင်းခန်းကို ဆင်ကြီးနဲ့လှည့်လှည်တာ။ သူလာတဲ့အချိန်ကျရင် တခါတုန်းက မြန်မာနိုင်ငံမှာ ဖြစ်ခဲ့ဖူးသလိုမျိုးပေါ့။ တိုင်းသူပြည်သားတွေက သောင်းသောင်းဖျဖျ ပန်းတွေ ပေါက်ပေါက်တွေနဲ့ ကြိုဆို၊ ဦးညွှတ်၊ သြဘာပေးဆိုသလိုလေးပေါ့။ ခရီးဦးကြိုသူကကြို၊ ပန်းစည်းတွေနဲ့ ကမ်းသူကကမ်း၊ သြဘာပေးသူက ပေး။ ငိုသူက ငိုစသဖြင့်ပေါ့။ သူအဲလိုထွက်နေချိန်မှာပဲ သူ့ရှေ့တည့်တည့်မှာ ရဟန်းတစ်ပါးဟာ သူ့ကို ကျောခိုင်းပြီး ဆွမ်းခံကို ပုံမှန်လေးပဲ လျှောက်နေခဲ့တယ်။
ဘုရင်အသစ်လေ။ အာဏာရစလေ။ တတိုင်းတပြည်လုံးက သူ့ကို လေးစားကြည်ညိုနေကြချိန်လေ။ အဲချိန်မှာ ရဟန်းက သူ့ကို ကျောခိုင်းပြီး ဆွမ်းခံလမ်းကို ပုံမှန်ပဲလျှောက်နေတာ။ စိတ်တိုပြီပေါ့။ မူးမတ်တွေကို မေးတယ်။
“ဒီကောင်က ဘယ်သူတုန်း”
“ရဟန်းပါ ဘုရား၊ ဆွမ်းခံကြွနေချိန်မို့ပါဘုရား”
“ရာရာစစ ဒီကတုံးစုတ်က ငါ့ကို ဦးညွတ်ရကောင်းမှန်းမသိဘူးလား”
ဥပါလိဟာ သူ့မာန်နဲ့ သူဌာန်နဲ့ အဲဒီဆွမ်းခံကြွနေတဲ့ ရဟန်းကို အဲလိုဆဲဖူးတဲ့ အကုသိုလ်ကံကြောင့် ငရဲမှာ ဘဝပေါင်း မရေအတွက်နိုင်အောင် ခံစားရပြီး လူ့ဘုံဘဝသို့ ရောက်လာသော်လည်း ဘဝဆက်တိုင်း အောက်တန်းကျတဲ့ ဘဝနဲ့ပဲ နေခဲ့ရတာ ဟောဒီကျွန်တော်တို့ မြတ်စွာဘုရားပွင့်တဲ့အထိပါပဲတဲ့။
ကျွန်တော်လေ ဘယ်ဘဝမှာ ဘယ်ရဟန်းကိုများ ဘယ်လိုဆဲဆိုခဲ့ဖူးတယ်မသိဘူး။ အောက်တန်းကျတဲ့ဘဝမှာပဲ အမြဲရှင်သန်နေထိုင်ခဲ့ရတယ်။ ဘယ်လိုမှ မခံစားနိုင်တဲ့အဆုံး အနုပညာဆန်လိုက်ရပါတော့တယ်။