ကျွန်တော့် သူငယ်ချင်းအားလုံးကို ကျွန်တော် အမြဲဆုံးမလေ့ရှိသော စကားတစ်ခွန်းမှာ လူတစ်ဦးတစ်ယောက်မှာ ဘယ်လိုပင်နေထိုင်နေသည် ဖြစ်စေ ထိုနေထိုင်ချိန်တိုင်း ကုသိုလ်နှင့် အကုသိုလ်နှစ်မျိုးသားဖြစ်နေသည်ဟူ၍ ဖြစ်သည်။ ကပ်၍ မေးတတ်သော သူငယ်ချင်းများက အိပ်နေချိန်ဆိုရင်ကော ကုသိုလ်ဖြစ်သလား အကုသိုလ်ဖြစ်သလား ဟုမေးလာနိုင်သည်။ အပြင်က သူငယ်ချင်းက ကျွန်တော့်ကို မမေးရဲပါ။ အဘယ့်ကြောင့်ဆိုသော် ကျွန်တော့်ကို ပြန်မပြောရဲ လောက်ဘူးဟု ထင်သည့်သူများကိုသာ ကျွန်တော်သြ၀ါဒခြွေတတ်သောကြောင့် ဖြစ်သည်။ ထားပါတော့။ ကြွားတဲ့အပိုင်းကို ထားပါတော့။ အိပ်နေချိန် အကုသိုလ်ဖြစ်ပါသည်။ လွန်လှချည်လားဟု မပြောပါနဲ့။ မလွန်ပါ။ ဘယ်အကုသိုလ်များဖြစ်သလဲဟု မေးလျှင် ဖြေပါ့မည်။ မမေးလောက်ဘူးဟု ထင်သဖြင့် မဖြေတော့ပါ။ ဒါဆို မောင်ပေါက်ကျိုင်းစကားပုံ အတိုင်း နေရမည်လား။ မဖြစ်နိုင်ပါ။ မအိပ်မနေဆိုလျှင် ကျန်းမာရေးထိခိုက်ပါမည်။ ထို့ကြောင့် ဗုဒ္ဓ၏ တရားတော်သည် အလွန်နူးညံ့သိမ့်မွေ့သည်ဟု ပညာရှင်များ ဆိုခဲ့ကြသည်မဟုတ်ပါလား။
အိပ်နေချိန်တွင်ပင် အကုသိုလ်ဖြစ်သည် ဆိုလျှင် ဗုဒ္ဓဘာသာ၏ လူသာဘ၀သည် အခြားဘာသာများနည်းတူ အလိုအလျောက် ပြစ်မှုကျူးလွန်ပြီးသား ဖြစ်သွားပြီ။ စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ ဟူသော စကားသည် အပိုစကားဖြစ်သွားပြီ။ ဗုဒ္ဓဘာသာ၏ လူသားဘ၀သည် လွတ်လပ်မှု မရှိတော့။ အိပ်နေချိန်တွင်ပင် နေရင်းထိုင်ရင်း အကုသိုလ်ဖြစ်နေသည်ဆိုလျင် ခြိမ်းခြောက်မှုအောက်တွင် နေရသည်နှင့်တူသွားပြီ။ ဗုဒ္ဓ၀ါဒသည် အဆိုးမြင်ဝါဒဖြစ်သွားပြီ ဟုစွပ်စွဲလာဖွယ် ရှိပါသည်။ (ဟမ်…! ကိုယ့်အမှု ကိုယ့်ကို ပြန်ပတ်ပြီ)
ကျွန်တော်တို့၏ စိတ်သည် လက်ပျစ်တတွက် လျှပ်တပြက်အတွင်း ကုဋေတစ်သန်းခန့် ဖြစ် တည် ပျက် ဟုဆိုသော ဥပါဒ် ဌီ ဘင်တို့ကို ဖြတ်သန်းသည်။ တစ်ချက်မှ မနား။ တစ်ရက်မှ မနား။ တစ်သက်လုံးလည်း မနား။ ထိုဖြစ်ပျက်နေသော စိတ်သည် သူတစ်ဦးတစ်ယောက်တည်း ဖြစ်ပျက်နေသည်မဟုတ်။ အဖော်သဟဲနှင့်တကွ ဖြစ်ပျက်နေသည်။ သူ့အပေါင်းပါက စေတသိက်။ စေတသိက်ကလည်း သူချည်းသက်သက် မဖြစ်ပြန်။ စိတ်ကလေးပါမှ ဖြစ်သည်။ မင်းနဲ့တို့ဘ၀ဟာ နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်ရွက်လိုပါကွာ ဟုဆိုရလျှင် စိတ်နှင့် စေတသိက်တို့အတွက် မမှား။ လူတိုင်းတွင် စိတ်သည် အစဉ်မပြတ်စတမ်းဖြစ်နေသည်။ ထို မပြတ်တမ်းသွားနေသော စိတ်နောက်သို့ လိုက်သော စေတသိက်တို့က ဤကားကုသိုလ် ဤကား အကုသိုလ်ဟု ခွဲခြမ်းပေးသည်။ စေတသိက်နောက်သို့လိုက်၍ စိတ်တို့လည်း ကုသိုလ် အကုသိုလ်တွေ ဖြစ်ရသည်။
ကျွန်တော်တို့ တစ်နေ့ကုန် တစ်နေခမ်း လှုပ်ရှားထားသမျှ ခန္ဓာကိုယ်က တောင်းဆိုလာသော အခါ ထိန မိဒ္ဓများဖြစ်လာသည်။ ငိုက်မျဉ်းလာသည်။ အိပ်ပျော်သည်။ ထိန မိဒ္ဓဖြစ်သော အကုသိုလ်စေတသိက်နောက် အကုသိုလ်ဘ၀င်စိတ်များ လိုက်၍ ဖြစ်သည်။ ထိုအခါ အိပ်ရင်း အကုသိုလ်ဖြစ်ရသည်။ ကျွန်တော်တို့၏ အဘိုးအဘွားများသော်လည်းကောင်း မိဘများသော်လည်းကောင်း ဆရာတော်များ၏ တရားတော်များတွင်လည်းကောင်း ဆုံးမတတ်သော စကားလေး တစ်ခွန်းရှိပါသည်။ အိပ်သည့်အခါ မေတ္တာပို့အိပ်ပါ ဟူ၍ဖြစ်သည်။ ကျွန်တော်တို့ မေတ္တာပို့ရင်း အိပ်ပျော်သွားသောအခါ မေတ္တာစေတသိက်ဖြင့် အိပ်ပျော်သွားသည်။ ထိုအခါ ကျွန်တော်တို့ အိပ်ရင်းဖြစ်နေသော မေတ္တာစေတသိက်နောက်သို့ လိုက်နေသောစိတ်သည် ကုသိုလ်ဘ၀င်စိတ်များ ထပ်ခါထပ်ခါ ဖြစ်သွားပါမည်။ အိပ်ရင်းပင် ကုသိုလ်ရသည်။ ကောင်းလိုက်သည့်ဖြစ်အင်။
ဘုရားရှင် ဟောထားသည့် စကားတော်ကို ကျွန်တော်တို့ မြန်မာနိုင်ငံသားများက စကားပုံတစ်ခု လုပ်ထားသည်။ “စိတ်သာရှင်စော ဘုရားဟော” ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် ကျွန်တော်တို့ အားအားနေရင်း အကုသိုလ် မဖြစ်အောင် မည်ကဲ့သို့ နေထိုင်မည်နည်း။ အိပ်နေရင်း အကုသိုလ် မဖြစ်အောင် မည်သို့ နေထိုင်မည်နည်း။ ဘာဝနာ တစ်ခုခု ပွားများနေရမည်။ ထိုသို့ ပွားများနေခြင်းကြောင့် ကျွန်တော်တို့ အမြင်သည် ကောင်းသော အမြင်။ ကျွန်တော်တို့ အတွေးသည် ကောင်းသောအတွေး ကျွန်တော်တို့ စိတ်ကူးသည် ကောင်းသော စိတ်ကူးဖြစ်သွားမည်။ ကျွန်တော်တို့ ယနေ့ဖြတ်သန်းနေရသော ကောင်းသော ဘ၀သည်လည်းကောင်း ဆိုးသောဘ၀သည်လည်းကောင်း မနေ့က ဖြစ်ပျက်ခဲ့သော အတွေးအမြင်နဲ့ စိတ်ကူးများကြောင့်ဖြစ်သည်။ ယင်းအတွက် မနက်ဖြန်ကို ဖြတ်သန်းဖို့ ကျွန်တော်တို့ သည်ကနေ့ မည်သို့ နေထိုင်မည်နည်း။ မေတ္တာဘာဝနာ၊ ဗုဒ္ဓါနုဿတိစသော ဘာဝနာ၊ ၀ိပဿနာဘာဝနာများကို ပွားများနေရမည်။ ဆရာတော်များ ပို့ချတတ်သော လင်္ကာလေးကို အလွတ်တော့မရ။ အနီးစပ်ဆုံးတော့ ရသည်။ ယခင်ကောင်း၍ ခုကောင်းပါသည်။ ခုကောင်းမှ နောင်ကောင်းပါလိမ့်မည် ဟုထင်ပါသည်။ နောင်ကောင်းချင်လျှင်တော့ ယခု ကောင်းအောင် နေသင့်သည်။
ထိုသို့ဆိုလျှင် ဗုဒ္ဓဘာသာတွင် Sin မရှိတော့။ စေတနာဟံ ဘိက္ခဝေ ကမ္မံ ၀ဒါမိ စကားလည်းမှန်ပြီ။ ခြိမ်းခြောက်မှုလည်း မရှိ။ အဆိုးမြင်ဝါဒလည်း မဟုတ်တော့ကပြီတည်း။
ကျွန်တော့်အတွေးအကြံဖြင့်ရေးထားသဖြင့် အမှားပါလျှင် ထောက်ပြပေးပါရန် အနူးအညွတ် တောင်းပန်ပါသည်။
ဤပိုစ့်ကို ဖတ်သူတိုင်း “၀န်ချတောင်းပန်ခြင်း” ကိုလည်း ဖတ်ပေးကြပါရန်။
Your point of view caught my eye and was very interesting. Thanks. I have a question for you.