အနောက်နိုင်ငံမှ နိုင်ငံရေးသမားများနှင့် ခေတ်ကိုစောင့်ကြည့်သူများ ပြောနေကျ စကားတစ်ခွန်းက “အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း” ဆိုတာပါ။ ဟုတ်ပြီ။ ဖြစ်ထွန်းလာတဲ့ တစ်စုံတစ်ခုဟာ တကယ်ပဲ အကြောင်းမဲ့ ဖြစ်ထွန်းလာတတ်ပါသလား။ ပါဠိဒေ၀ီခေါ် Pearl David နှင့် လယ်တီဆရာတော် အမေးအဖြေတစ်ခုလေးကို ထုတ်ကြည့်ရအောင်။ ပါဠိဒေ၀ီက မေးတယ်။ ဗုဒ္ဓဘာသာမှာ ဖြစ်, တည်, ပျက်ဆိုတာ ရှိတယ်။ အဲလိုရှိရင် ကျွန်မတို့ ကျက်မှတ်သိရှိထားသည့် အရာအားလုံးဟာ ဖြစ်တည်ပျက် ဆိုတဲ့ သီအိုရီအရ ပျက်သုံးပြီး မမှတ်မိတော့တာမျိုး ဖြစ်နေရမယ်။ ခုတော့ ကျွန်မတို့ဟာ မှတ်သားဖူးတာကို မှတ်မိနေလေတော့ အဲဒီတရားဟာ မှားမနေဘူးလားတဲ့။ ဆရာတော်ဖြေလိုက်တာကတော့ တစ်ခွန်းတည်းပါ။ အနန္တရပစ္စယောတဲ့။ ဆိုလိုတာက ကျက်မှတ်ထားဖူးတဲ့ အရာသည် ကျက်မှတ်စဉ်ကာလမှာ ဖြစ်တည်ပျက်အရ ပျက်သွားပြီဖြစ်ပြီးနောက် အခြားမဲ့ကာလမှာ ပြန်လည်အကျိုးပေးတယ် လို့ဆိုလိုတာပါ။ ဒါဆိုရင် အနောက်နိုင်ငံမှာ နိုင်ငံရေးသမားများ၊ ခေတ်ကို စောင့်ကြည့်သူများ ပြောနေကြတဲ့ “အကြောင်းမဲ့ ဖြစ်ပေါ်လာခြင်း” ဟာ တကယ်တော့ အနန္တရပစ္စည်းအရ အခြားမဲ့အကျိုးပေးခြင်းဖြစ်ကြောင်း ဗုဒ္ဓ၏ တရားတော်နဲ့ အလှမ်းဝေးလွန်းလို့ မသိနိုင်ခြင်းမျှသာ ဖြစ်ကြပါတယ်။ ဖြစ်တည်လာခြင်းမှာ အကြောင်းမဲ့တယ် ဆိုတာ မရှိပါဘူး။ အကြောင်းက အလှမ်းဝေးလွန်းနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက အနန္တရပစ္စည်းရဲ့ ထောက်ပံ့ပုံ ပုံစံတမျိုးပါ။ နည်းနည်း နက်နဲတဲ့ အပိုင်းပါဝင်ပါတယ်။
သာမန်ပုဂ္ဂိုလ်တွေ အားလုံးနားလည်လွယ်တဲ့ ပုံစံနှင့် ရှင်းပြရမယ်ဆိုရင် ပထမဦးဆုံးဟေတုပစ္စည်းကနေ ပြန်စရမှာပါ။ မြင်လို့ အာရုံကြောင့် လောဘစတဲ့ ဟိတ်တွေ
ဖြစ်တယ်။ အဓိပတိတပ်ရင် တပ်သလို ဖြစ်တယ်ပေါ့လေ။ ဟုတ်ပြီဗျာ။ မြင်တယ်။ အခု ဒီစာတွေ မြင်ဖို့ အားလုံးမှာ မျက်စိရှိတယ်။ အကြည့်ရှုံခံတစ်ခုရှိတယ်။ ဒါဟာ ဘာပဲ ညာပဲစတဲ့ နှလုံးသွင်းနိုင်တဲ့ မနသိကာရရှိတယ်။ ပြီးတော့ လုံလောက်တဲ့ အလင်းရောင်ရှိတယ်။ “မျက်စိကောင်းမယ်၊ အကြည့်ခံတစ်ခုရှိမယ်။ မနသိကာရရှိမယ်။ အလင်းရောင်ရှိမယ်။” ဒီလေးခု ပြည့်စုံမှ မြင်ခြင်းဆိုတဲ့ ကိစ္စဖြစ်ပေါ်ပါတယ်။ လေးခုထဲက တစ်ခုခု ချွတ်ယွင်းကြည့်။ မဖြစ်နိုင်ဘူး။ မမြင်နိုင်တော့ဘူး။ အဲဒီလိုအချိန်မှာ မြင်ဖို့ကို ဘယ်သူမှ မဖန်ဆင်းပေးနိုင်တော့ဘူး။ မြင်ပါတယ်ဆိုတဲ့ ဒီလေးခုမှာ တစ်ခုနဲ့ တစ်ခုက ဆက်စပ်နေပါသလား။ လုံးဝမဆက်စပ်ဘူး။ တစ်ခုချင်းစီ နေကြတယ်။ တစ်ခုအပေါ်တစ်ခု ထောက်ပြီး အခြားမဲ့ အစွမ်းနဲ့ကျေးဇူးပြုသွားတယ်။ ဒါဟာ အခြားမဲ့ ကျေးဇူးပြုတတ်တဲ့ အနန္တရပစ္စယော ပါပဲ။ အနန္တရပစ္စယောကို အကျယ်ဖွင့်ဆိုရာမှာ ရှေးရှေးသော ကုသိုလ်ကြောင့် နောက်နောက်သော ကုသိုလ်များ ဖြစ်ပေါ်ခြင်းကို အနန္တရပစ္စည်းပါတဲ့။ ဘ၀တစ်ခုမှာ ကုသိုလ်ကောင်းမှုတွေ
ပြုခဲ့ဖူးတယ်။ အဲဒီဘ၀က သေဆုံးသွားခဲ့တယ်။ ဒီဘ၀ရောက်လာတော့ အလိုလိုနေ ကုသိုလ်ကောင်းမှု ပြုချင်နေတယ်။ ပြုလည်း ပြုမိတယ်။ ဒါ ရှေးရှေးတုန်းက ပြုခဲ့တဲ့
အကြောင်းအထောက်အပံ့က ခုချိန်မှာလည်း လာပြန်ပြုစေတာပါပဲ။ အနန္တရပစ္စယော ဆိုတာ ဒါပဲ။ အကုသိုလ်မှာလည်း ဒီလိုပါပဲ။ ကဲ ကျွန်တော်တို့ ဘုရားရှင်က ဒါတွေကို သိတော်မူခဲ့ပါတယ်။ ရှေးရှေးက ပြုခဲ့ဖူးတဲ့ အထောက်အပံ့ကြောင့် နောက်ကြာမှ အကျိုးပေးတာကို သိတော်မူနိုင်ခဲ့တာကတော့ သဗ္ဗညုတဉာဏ်တော်ရဲ့
အစွမ်းတွေကြောင့်ပေါ့ဗျာ။ သိပ်ပြီး ကြည်ညိုစရာ ကောင်းပါတယ်။