တနေ့တော့ ဟင်္သာကိုးသောင်းကို အုပ်ချုပ်နေတဲ့ ဟင်္သာဟာ မုဆိုးတစ်ယောက်ရဲ့ ကျော့ကွင်းမှာ မိပါရော။ ဟင်္သာဘုရင်ကြီးတော့ ထောက်ချောက်မိနေပဟေ့ ဆိုပြီး အခြားဟင်္သာတွေကတော့ ပျံပြေးကြတာပေါ့။ မပြေးတာက စစ်သူကြီး ရာထူးရထားတဲ့ ဟင်္သာအမတ်။ ဟင်္သာဘုရင်က အတင်းရုန်းတယ်။ စစ်သူကြီးဟင်္သာက ကလည်း ဘေးနားပျံဝဲနေတာပဲ။ ဒီလိုနဲ့ မုဆိုးရောက်လာရော။ ဟင်္သာစစ်သူကြီးက မုဆိုးကိုပြောတယ်။
“ဟေ့ အသင် မုဆိုး၊ ဟင်္သာဘုရင်ကို ဘာလို့ဖမ်းတာလဲ၊ အသားကို လိုချင်လို့လား၊ ကျုပ်အသားလည်း အတူတူပဲဗျ။ ကျုပ်ကိုပဲ ဖမ်းပါ၊ ကပြခိုင်းပြီး ငွေတွေ ယူဖို့ဆိုလည်း ကျုပ်ကတတ်ပါတယ်ဗျ၊ ကျုပ်ကိုပဲ ခေါ်သွား၊ ဒီဟင်္သာက ဟင်္သာတို့ရဲ့ ဘုရင် သူ့မှာ တာဝန်တွေ ရှိသေးတယ်”
မုဆိုးက သနားသွားတယ်။ ဒါနဲ့ ကျော့ကွင်းကို အသာဖြည်ပေးတယ်။ ကျော့ကွင်းမိတုန်းက ဟင်္သာဘုရင်က ရုန်းတော့ အရေခွံတွေ ပွန်ပဲ့ကုန်တယ်။ အသားလည်း တော်တော်ပါတယ်။ ထော့နင်း ထော့နင်းကို ဖြစ်နေတာ။
“ဘုရင်ဆိုတာ တက်တက်ကြွကြွ လှုပ်ရှားနိုင်မှ ကောင်းတာ၊ ခုလို ထော့နင်း ထော့နင်းနဲ့ဆို ငါဘုရင်လုပ်လို့ မဖြစ်ဘူး၊ ကဲ ကဲ ကဲ ဘာမှ ပြောမနေနဲ့ ငါ့ကို သတ်ပြီး ယူသွားတော့”
မုဆိုးက ဟင်္သာဘုရင်ကို အသာလေးယူပြီး ရေတွေနဲ့ ဆုတ်နယ်ပေးတယ်။ မေတ္တာနဲ့ ပြုစုပေးတယ်။ မကြာခင် ဟင်္သာက တော်တော်လေး ပြန်ကောင်းလာတယ်။ ဟင်္သာဘုရင်က သူခြေထောက်လေး ကောင်းသွားတော့ တော်တော်လေး မြူးနေတယ်။ မုဆိုးကလည်း တော်တော်လေး ၀မ်းသာတယ်။ ဟင်္သာဘုရင်က မေးတယ်။
“ကျုပ်ကို ဘာပြုလို့ ဖမ်းတာတုန်း”
“ကျွန်တော်တို့ ဘုရင်ရဲ့ မိဖုရားက သင်ဟင်္သာရဲ့ တရားကို နာချင်လို့ပါ”
“ကျုပ်ကို ပြန်လွတ်လိုက်ရင် သင်ဘာဖြစ်နိုင်တုန်း”
“ဘုရင်ဆိုတော့ ပြောလို့မရဘူးလေ။ မင်းခယောကျာ်း ကမ်းနားသစ်ပင် ဆိုသလိုပါပဲ၊ သတ်ရင်လည်း သတ်မယ် ပြည်နှင်ဒဏ်ပေးရင်လည်း ပေးမယ်ပေါ့”
ဟင်္သာဘုရင်နဲ့ မုဆိုးစကားပြောနေတာကြားတော့ ဟင်္သာစစ်သူကြီးက “ဒါဆိုလည်း ကျုပ်တို့ လိုက်ခဲ့မယ်ဗျာ” တဲ့။ ဟင်္သာဘုရင်က သိပ်ပြီး သဘောမကျဘူး။ “စစ်သူကြီး ကျုပ်တို့က လွတ်နေပြီ၊ လူသား ဘုရင်ဆိုတာ ပြောလို့မရဘူး။ စိတ်မထင်လို့ ဟင်္သာသား စားကြည့်ချင်တယ်ဆိုရင် မခက်ဘူးလားကွာ” လို့ တားတယ်။ “အို ဒီ မုဆိုးတောင် ပြောလို့ ရသေးတာပဲ၊ ဘုရင်ကိုတော့ ပြောလို့ရမှာပါ” ဆိုပြီး မုဆိုးနဲ့ နန်းတော် လိုက်သွားတယ်။ ဘုရင်က ခမ်းခမ်းနားနား ကြိုပါတယ်။ မုဆိုးလက်ထဲပါလာတဲ့ ဟင်္သာကို လူတွေက ၀ိုင်းကြည့်နေကြတာပေါ့။ အဲဒီအချိန်မှာ ဟင်္သာဘုရင်က ဘာပြောလဲဆိုတော့
“အေးကွာ ငါ့ချစ်သူလေး ငါသေပြီးထင်ပြီး သူ့ကိုယ်သူ သတ်သေသွားရင် ဒုက္ခ” တဲ့။ ဒီတစ်ခါ သူညည်းတာက ဟင်္သာချင်းချင်းသာ နားလည်တဲ့ စကားနဲ့ ညည်းတာ။ ဟင်္သာစစ်သူကြီးက စိတ်တိုသွားတယ်။ ဟင်္သာဘုရင်ကတော့ မသိရှာဘူး။ ဆက်ပြောတယ်။ “ငါ့ချစ်သူ ဟင်္သာမလေးက ချောတယ်ကွ၊ မျက်မှန်လေးနဲ့၊ ဟိုတစ်နေ့ကတောင် သူက သူ့ဆံပင်တွေ သွားဖြောင့်လာသေးတယ်၊ သူ့မျက်ဝန်းလေးကို ငါချစ်တယ်ကွာ၊ သူ့လည်ဂုတ်က မှဲ့လေးကိုလည်း ငါချစ်တာပဲကွ၊ ငါက သူ့ကို ချစ်သူရေ လို့ခေါ်လိုက်လို့ သူက ဝေ မောင်ရေ လို့ထူးလိုက်ရင် ငါ တလောကလုံးကို မေ့သွားလောက်အောင် ပျော်တယ်ကွ” ဟင်္သာစစ်သူကြီးက စိတ်တော်တော်တိုနေပြီ။
“ဟာဗျာ၊ ဘုရင်တစ်ဆူလုပ်နေပြီးတော့ မိန်းမတစ်ယောက်အတွက်နဲ့ စိတ်အားငယ်တာ ဘယ် .. မသင့်တော်ပါဘူးဗျာ” ဆိုပြီး ကြိတ်ပြောတယ်။ သူက သူ့ဘုရင်ကို ပြန်ဆုံးမတယ်။ “မိန်းမတွေဆိုတာ ဖြူသော မည်းသော ပိန်သော ရှည်သော ဘယ်လို မိန်းမပဲဖြစ်ဖြစ် မာယာတွေချည်းပဲဗျ။ မိန်းမဆိုတာ နေပူရင် မြင်ရတတ်တဲ့ တံလျှပ်လိုပါပဲ ရေလို့ ထင်ရရုံပဲ တကယ်ရေမဟုတ်ပါဘူးဗျာ မိန်းမဆိုတာ ၀မ်းနည်းစရာရဲ့ မြစ်ဖျား၊ သောကတွေရဲ့ဖြစ်တည်ရာ ” စသဖြင့် ပေါ့ ပြန်ဆုံးမတယ်။ ဟင်္သာစစ်သူကြီးရဲ့ အပြောကို ဟင်္သာဘုရင်က ပြန်ပြောတယ်။
“အေးလေ မင်းက သေပန်းပွင့်နေတဲ့ ကောင်ဆိုတော့ တရားတွေ ဘာတွေရပြီပေါ့၊ မုဆိုးက လွတ်ပေးတာတောင် လိုက်ချင်တဲ့ကောင်၊ မင်း သေပန်းပွင့်နေတာ၊ သေပန်းပွင့်လို့ မင်းတရားတွေ ရနေတာ၊ မင်းသေပန်းပွင့်တာ အရေးမကြီးဘူး ခုတော့ ငါပါ အဆစ်ပါပြီ ထင်ပါရဲ့ကွာ။” ဟင်္သာဘုရင်ကြီးက ငေးငေးရီရီ ဆက်ပြောပါတယ်။ “ကိုယ့်ရဲ့ ဇနီး ကိုယ့်ရဲ့ ချစ်သူကို ငါတို့လို လူကြီးလူကောင်းကမှ ပိုချစ်တတ်တာကွ၊ ပြီးတော့ ဒီလောကမှာ မိန်းမရှိလို့ စိုပြေနေတာ၊ ဒီလောကမှာ မိန်းမရှိလို့ အားလုံး အဆင်ပြေနေတာ၊ မိန်းမသာ မရှိရင် ငါတို့ လူယောက်ျားတွေ ဘာကြောင့်မှ တိုးတက်အောင် လုပ်မှာ မဟုတ်ဘူးကွ၊ ပြီးပြီးရော နေပြီး ကျောက်ခတ်ကအတိုင်း နေနေမှာကွ ကျောက်ခေတ်တောင် ရိုးရိုးကျောက်ခေတ်မဟုတ်ဘူး ခြောက်ခြောက်ကပ်ကပ် ကျောက်ခေတ်။ ရယ်ခြင်းမရှိ ငိုခြင်းမရှိ ပြုံးခြင်းမရှိ မဲ့ခြင်းမရှိတဲ့ ကျောက်ခေတ် ပျင်းစရာ ကောင်းလိုက်မယ် ဖြစ်ခြင်းကွာ၊ ပြီးတော့ မင်းသိလား ဘုရားပွင့်လာရတာလည်း မိန်းမကြောင့်ကွ မိန်းမကမွေးလို့ ဘုရားပွင့်လာရတာ သိလား ငတုံးရဲ့ တကယ်တော့ မိန်းမဆိုတာ ငါတို့ကို သံသရာက လွတ်စေကြောင်း ကယ်တင်ရာ မြစ်ဖျားကြီးပါကွာ”
ဟင်္သာဘုရင်ကြီးက သူ့တပည့်ကျော် ဟင်္သာစစ်သူကြီးကို ကျိန်ဆဲရင်း ပြောတယ်။ မှန်နေတော့ ဟင်္သာစစ်သူကြီးလည်း ငြိမ်နေလိုက်ရတယ်။
ဇာတ်တော်တွေထဲက ဘုရားရှင် မိန်းမတွေကို ချီးကျူးထားတဲ့ ဇာတ်တော်ပါ။ ဒီလို ဇာတ်မျိုး အများအပြားရှိပါတယ်။ တကယ်တော့ ဘုရားရှင် မိန်းမတွေ မကောင်းကြောင်း ဟောရတာက သာကီဝင်မင်းသား ငါးရာက သူတို့ မိန်းမကို သတိရနေလို့ မိန်းမအကြောင်း မကောင်းဟောထားခြင်းမျှသာ ဖြစ်ပါတယ်။ ဘုရားရှင်က ဟောထားလို့ပဲ “တော်လေးဝ” ဆိုတာကြီး ကျန်ခဲ့တာပေါ့ မဟုတ်ဘူးလား။ တကယ်တော့ ဘုရားဟောတာက မိန်းမအပြစ်ဆိုတာထက် ကာမဂုဏ်ရဲ့ အပြစ်ကို ဟောထားတာပါ။ ရှေးရှေးဆရာတော်များ မိန်းမမကောင်းကြောင်း လင်္ကာဖွဲ့စပ်ရတာက တပည့်ရဟန်းတွေ မိန်းမတွေနဲ့ အနေနီးပြီး ဖြစ်ပေါ်လာတဲ့ ကာမဂုဏ်စိတ်ကို မထိန်းနိုင်မှာ စိုးလို့ ဟောခဲ့တာပါ။ ဆရာတော်က ကဲ့ရဲ့ချင်ရုံသက်သက်နဲ့ ရေးခဲ့တာမဟုတ်ပါဘူး။