အရင်တုန်းက လျှပ်စစ်မီးနဲ့ပတ်သက်လို့ သိပ်ခေတ်အမီကြီးမဟုတ်တဲ့ ခေတ်မှာ လမ်းဘေးဓာတ်တိုင်လေးတွေဟာ ၁၅ ပေအမြင့်လောက်သာသာပဲ ရှိပြီး တိုင်တွေဟာလည်း သံထည်နဲ့ ပြုလုပ်ထားမယ်။ တိုင်ထိပ်မှာ ရှိတဲ့ မီးသီးဟာ အုပ်ဆောင်းလေးနဲ့ ဖြစ်မယ်။ အထဲက မီးသီးကတော့ သေချာတယ်။ ဘတ်ခွစာ (လေးဂွစာ) မိထားမယ်။ ဓာတ်တိုင်အရင်းကလည်း သေချာတယ်။ သစ်မာတမျိုးမျိုး ဝါးရင်းတုတ်တမျိုးမျိုးနဲ့ အရိုက်ခံထားရပြီး ဟိုနေရာချိုင့် ဒီနေရာချိုင့်ဖြစ်နေမယ်။ ဒါပုံမှန်ပဲ။ ဒါကို မြင်မိတဲ့ တစ်စုံတစ်ယောက်ဟာ ဓာတ်တိုင်ကို ဆက်ရိုက်ရင် ရိုက်မယ်။ သို့မဟုတ် အပေါ်မှာ မီးသီးအကြွင်းအကျန်လေးများတွေ့ရင် ဘတ်ခွ သို့မဟုတ် အနီးအနားရှိ ကျောက်တုံးစတဲ့ တစ်စုံတစ်ရာနဲ့ မီသလောက် လှမ်းပစ်မယ်။ ဒါကိုပဲ မြင်တဲ့ တခြားသော တစ်စုံတစ်ယောက်ဟာ အခြားသော တစ်စုံတစ်ယောက်ကို အပြစ်တင်မယ်။ သူ့အပြစ်ဆိုတဲ့စကားမှာ အယုတ္တ အနတ္တတောင် ပါလာမလားပဲ။ သုံးချင်မှလည်း သုံးမှာပါ။
နောက်ပိုင်း နိုင်ငံတော်ကြီးက ခေတ်မီလာတယ်။ သူများနိုင်ငံလေး ဘာလေး ရောက်ဖူးတဲ့ လူကြီးသူကြီးတွေက သူများနိုင်ငံမှာ လုပ်ထားတဲ့ အလှအပလေးတွေကို မြင်လာပြီး လမ်းတွေကို ပြန်အလှဆင်ကြတယ်။ လမ်းဘေးမှာဖြစ်ဖြစ် လမ်းလည်ဘယ်ညာခွဲတဲ့ အုတ်ခုံပေါ်မှာ ဖြစ်ဖြစ် ပန်းပင်လေးတွေ အလှသစ်ပင်လေးတွေ စိုက်တယ်။ ဘယ်သို့သော ညမှာ ဘယ်သို့သော အချိန်မှာ ဘယ်လိုဖြစ်သွားတယ် မသိဘူး။ ပန်းပင်လေးတွေ ကိုင်းကျိုးတယ်။ သစ်ပင်လေးတွေ အမြစ်က အနှုတ်ခံရတယ်။ မြင်ကြသူတချို့က ပန်းကိုင်းလေး ထပ်ချိုး သစ်ပင်မြစ်လေး ပြောင်နေအောင် ထပ်နှုတ်ပစ်ကြတယ်။ မြင်ကြသူတချို့က ကျွတ်ကျွတ် ဆိုပြီး စုတ်သပ်တယ်။ ဒီလိုအလားတူ ပုံစံကတော့ လူသူနည်းပါးတဲ့အရပ်မှာ သွားထူမိလျက်သား ဆိုင်းဘုတ်တွေမှာ ဖြစ်လေ့ရှိတယ်။ တချို့ကျတော့လည်း လူပုံအလယ်မှာ ရှိလျက်ကယ်နဲ့ ပျက်သွားရတာပါပဲ။ ဒါကျတော့ လူအုပ်စိတ်နဲ့ ဖြစ်ကောင်းဖြစ်နိုင်ရဲ့။
အပြစ်လုပ်လိုတဲ့စိတ် သို့တည်းမဟုတ် လင်းနေတဲ့ မီးသီးကို ခွဲပစ်လိုတဲ့စိတ် လှနေတဲ့ သစ်ပင်လေးရဲ့ အကိုင်းကို ချိုးပစ်လိုစိတ် သို့တည်းမဟုတ် လှနေတဲ့ သစ်ပင်ရဲ့ အမြစ်ကို နှုတ်လိုတဲ့စိတ်ဟာ နောက်ပိုင်း ပုံစံပြောင်းလာတယ်။ ကိုယ်နဲ့ဝေးတဲ့ အဖွဲ့အစည်းတွေ ကိုယ်နဲ့သိပ်မယှက်နွယ်နိုင်တဲ့ အဖွဲ့အစည်းတွေဆီကို ရောက်သွားတယ်။ မြန်မာနိုင်ငံမှာတော့ အနီနဲ့အစိမ်းဆိုပြီး ဝိဝါဒကွဲပြားနေတဲ့ ပါတီကြီးနှစ်ခု ရှိတယ်။ အနီဘက် ယိမ်းသူတွေဟာ အစိမ်းဘက်ကို မှိုချိုးမျှစ်ချိုး ပြောတယ်။ အစိမ်းဘက် နွဲ့နေသူတွေဟာ အနီဘက်ကို ပြစ်တင်စောင်းမြောင်းတယ်။ အဲလို ချိတ်ဆက်ယှက်နွယ်မှုကြီးနှစ်ခုဟာ ၎င်းတို့နှင့် နှီးနွယ်တဲ့ အခြားသော အဖွဲ့အစည်းကြီးများအပေါ်လည်း ခြေချော်လက်ချော်ဖြစ်လာတယ်။ ဆိုလိုတာက အစိမ်းဘက်ယိမ်းယိမ်း အနီဘက်နွဲ့နွဲ့ ချိတ်ဆက်မှု အနည်းငယ်ရှိရုံနဲ့ ဘက်ထဲတစ်ခါတည်း ထည့်ပစ်လိုက်တယ်။ (ဒီမှာ ပြောလိုရင်း မဟုတ်ပေမယ့် ဒီလိုဖြစ်ပေါ်နေတာဟာ တစ်ခါက ဝံသာနုအချင်းချင်း စိတ်ဓာတ်ကွဲပြားအောင် လုပ်နည်းနဲ့ တွဲရေးခွဲရေးဆိုပြီး အချင်းချင်းကွဲပြားသောအောင် လုပ်တဲ့ လှုပ်ရှားနည်းနဲ့ တော်တော်လေးဆင်တာကိုတွေ့ရတယ်။ များသောအားဖြင့် ဒီလိုလုပ်ရပ်ဟာ အာဏာရတဲ့ အစိုးရများ အာဏာတည်မြဲရေးကိစ္စနဲ့ ပတ်သက်လေ့ရှိတယ်။ သို့တည်းမဟုတ် အာဏာရလိုသူများရဲ့ ထောင်ချောက်ပဲဖြစ်မယ်။ ဆုံးမစာတွေ လှိုင်လှိုင်ပေါတဲ့ ရွှေမြန်မာနိုင်ငံတော်ကြီးမှာ သမိုင်းကိုသင်တာ မအ,အောင်လို့ပြောပြီး အ,နေကြတာပါပဲ။ ) ဘက်ဟုတ်ဟုတ် မဟုတ်ဟုတ် ပုတ်ခတ်ခံရမှုများလာတဲ့အခါ ပုတ်ခတ်သူကို ပြန်လည်အပြစ်မြင်လာပြီးနောက် ရန်သူရဲ့ ရန်သူဟာ ငါတို့မိတ်ဆွေပဲ ဆိုပြီးဖြစ်သွားနိုင်တယ်။ ဖြစ်သွားနိုင်တယ်ဆိုတာထက် ခုတော့ ဖြစ်နေပြီလားတောင် ယူဆရတယ်။
ဒီလိုဖြစ်လာတဲ့ အပေါ် ဟိုးအရင်က တယောက်နဲ့ တယောက်ဝေဖန်တဲ့အခါ အပြစ်တင်တဲ့အခါ ရန်စကားဆိုတဲ့အခါ တစ်ဖက်သားရဲ့လူ့ဂုဏ်သိက္ခာ မိမိရဲ့လူ့ဂုဏ်သိက္ခာကို ထောက်ထားပြီး စီးစီးပိုးပိုးပြောပေမင့် ထောက်ထောက်ထားထားရှိတယ်။ ခုတွေ့နေရတာကတော့ဖြင့် နောက်တချိန်မှာ ကိုယ့်သမိုင်းကိုယ်တောင် ပြန်လှန်လို့မတော်တဲ့ အနေအထားမှာ ရှိတယ်။ မနက်ဖန်မရှိတော့တဲ့အလား ကိုယ်နဲ့ ရင်းနှီးတဲ့မိတ်ဆွေ မရှိတော့တဲ့အလား ကိုယ်ရိုသေလေးစားထိုက်တဲ့ ပုဂ္ဂိုလ်များ မရှိတော့တဲ့အလား ကိုယ့်မိသားစုလေးသမိုင်း မရှိတော့တဲ့အလား ပြောဆိုကြတာကို တွေ့ရတယ်။
အစကတော့ ဒီလို တစ်ဦးနှင့်တစ်ဦး တစ်ဖွဲ့နှင့်တစ်ဖွဲ့ လိုလိုလားလား ဆဲဆိုပြစ်တင်တာ၊ ပြည်သူပိုင် (တချို့ကတော့ နိုင်ငံတော်ပိုင်လို့ဆိုကြတယ်၊ တကယ်တမ်း နိုင်ငံတော်က ဘာမှ မပိုင်ဘူး၊ နိုင်ငံတော်ဆိုတာ လူတွေသတ်မှတ်ထားတဲ့ အမည်နာမပဲ) တွေဖျက်ဆီးတာဟာ ၁၉၆၃ ခုနှစ်မှာ မ.ဆ.လ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ = The Burma Socialist Programme Party (BSSP)) က လူတွေ သမ္မာအာဇီဝနဲ့ ရှာဖွေထားတဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူခံခဲ့ရပြီးနောက် ဘာမှ ကိုယ်မပိုင်လို့ ဖျက်ဆီးလိုစိတ်ပေါ်ပေါက်ခဲ့တာလို့ ထင်ခဲ့တယ်။ တကယ်တမ်းကျတော့ ဒီလိုမှ မဟုတ်ဘဲ။ ဒီလို ဖျက်ဆီးလိုစိတ် ပြစ်တင်မောင်းမဲလိုတဲ့စိတ်တွေရဲ့ မူလစိတ်ဟာ သူပုန်သူကန်စိတ်ပဲ။
သူပုန်သူကန်စိတ်ဟာ မြန်မာနိုင်ငံနဲ့အဝန်းမှာ စစ်အစိုးရကြေငြာခဲ့တဲ့ လူဦးရေ သန်းခြောက်ဆယ်နှင့် ၂၀၁၄ မှာ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းအရ လူဦးရေ ၅၁.၄ သန်းကျော်တို့ရဲ့ စိတ်ဟာ သူပုန်သူကန်စိတ်အပြည့်နဲ့ပဲ။ အဲဒီပြည့်နေတဲ့ သူပုန်သူကန်စိတ်ရဲ့ မူလအစက ဘယ်ကနေ လာခဲ့သလဲ။ ဘယ်ကနေ စခဲ့သလဲ။ အိမ်တိုင်း အိမ်တိုင်း စာသင်ကျောင်းတိုင်း စာသင်ကျောင်းတိုင်း ဘုန်းကြီးကျောင်းတိုင်း ဘုန်းကြီးကျောင်းတိုင်း အဖွဲ့အစည်းတိုင်း အဖွဲ့အစည်းတိုင်းကနေ စခဲ့တာ ဖြစ်ပါတယ်။
အိမ်ကနေ ဘယ်လိုစခဲ့သလဲ။ ဘယ်ညီနဲ့ ညီမမှ အစ်ကိုနှင့် အစ်မကို ပြန်ပြောလို့မရဘူး။ ဘယ်သားသမီးမှ မိဘကို ပြန်ပြောလို့မရဘူး။ စာသင်ကျောင်းကနေ ဘယ်လိုစခဲ့သလဲ။ ကျောင်းသားကြီးကို ကျောင်းသားငယ်မှန်သမျှ ခွန်းတုန့်ပြန်ခွင့်မရှိဘူး။ ဘယ်ကျောင်းသားမှ ဆရာစကားကို ပြန်လှန်ခွင့်မရှိဘူး။ ဘုန်းကြီးကျောင်းကနေ ဘယ်လိုစခဲ့သလဲ။ ဘယ်ကိုရင်မှ ဦးပဇင်းတွေကို ပြန်ပြောလို့မရဘူး။ ဘယ်ကျောင်းတိုက်တွင်းသံဃာမှ သူတို့ကျောင်းထိုင်ရဲ့ စည်းကမ်းကို မှားမှား မှန်မှန် ဖောက်ခွင့်မရှိဘူး။ စည်းကမ်းပေါ် ခြေတင်လိုက်တာနဲ့ “ဒါ ငါ့ကျောင်းစည်းကမ်း၊ မလိုက်နာနိုင်ရင် ထွက်” ဆိုပြီး လောကကျင့်ဝတ်နဲ့ညီညီမညီညီ ဝိနည်းနဲ့ ညီညီမညီညီ နှင်ထုတ်ခံရမယ်။ အဖွဲ့အစည်းကနေ ဘယ်လိုစခဲ့သလဲ။ ငါတို့အဖွဲ့အစည်းရဲ့ ပန်းတိုင်က ဒါပဲ။ ငါတို့အဖွဲ့အစည်းရဲ့ ရည်မှန်းချက်က ဒါပဲ၊ ငါတို့အဖွဲ့အစည်းရဲ့ ရန်သူဟာ ဘယ်သူပဲ။ သဘောမတူရင် မင်းတို့ဘာသာ မင်းတို့ နောက်ထပ်တစ်ဖွဲ့ထပ်ဖွဲ့ဆိုပြီး လာတယ်။ နောက်ဆုံး အဖွဲ့အစည်းကို တည်ထောင်သူ သို့တည်းမဟုတ် အဖွဲ့အစည်းမှာ ပိုက်ဆံပိုထုတ်နိုင်သူ သို့တည်းမဟုတ် အာဏာအပြည့်ရသူ သို့တည်းမဟုတ် ယုံကြည်ခံရသူရဲ့ စကားက အတည်ပဲ။ ပြန်ပြောခွင့် ပြန်လှန်ခွင့် ခုခံခွင့်မရှိဘူး။ နောက်ဆုံးအချုပ်က မင်းတို့လူငယ်တွေ ဘာမှမသိဘူးဆိုတာမှာ ချုပ်တယ်။
အိမ်တစ်အိမ်မှာ မိဘဟာ တစ်ယောက်ဖြစ်ရင် ဖြစ်မယ်။ နှစ်ယောက်ဖြစ်ရင် ဖြစ်မယ်။ ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်တစ်ယောက်ဖြစ်ရင် ဖြစ်မယ်။ ကျောင်းအုပ် ယုံကြည်အပ်နှံခံရသူ တစ်ယောက်တလေ ရှိရင်ရှိမယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ကျောင်းထိုင်တစ်ပါးရှိမယ်။ သူ့လက်အောက်က တိုက်အုပ် တိုက်ကြပ် သို့တည်းမဟုတ် လက်ထောက်တစ်ပါးနှစ်ပါးဖြစ်မယ်။ အဖွဲ့အစည်းမှာ ဥက္ကဋ္ဌဆိုသူ အတွင်းရေးမှူးဆိုသူ၊ မန်နေဂျင်းဒါရိုက်တာဆိုသူ၊ မန်နေဂျာဆိုသူစသဖြင့် တစ်ဦးစ နှစ်ဦးစ ရှိမယ်။ ထိုထိုသို့သော လူတွေရဲ့အောက်မှာ မလိုအပ်ဘဲ ရိုကျိုးရတဲ့ မချစ်သော်လည်း အောင့်ကာနမ်းရတဲ့ အံတကြိတ်ကြိတ်နဲ့ ခေါင်းညိတ်ရတဲ့ လူ့အဖွဲ့အစည်းကြီး ရှိနေတယ်။ လူတွေရဲ့ စိတ်အရင်းခံမှာ ဘုရားဟောက ပါပသ္မိံ ရမတိ မနော။ နားလည်အောင် ပြန်ပြရရင် လူဆိုတာ မခံချင်တဲ့ ဆန့်ကျင်လိုတဲ့ စိတ်က အမြဲရှိနေတယ်။ အဲလိုနဲ့ မလိုအပ်ဘဲ ရိုကျိုးရတဲ့ မချစ်သော်လည်း အောင့်ကာနမ်းရတဲ့ အံတကြိတ်ကြိတ်နဲ့ ခေါင်းညိတ်နေရတဲ့ လူ့အဖွဲ့အစည်းကြီးဟာ တစ်ယောက်တည်း နှစ်ယောက်တည်း မဟုတ်ဘူး။ အဖွဲ့အစည်းဆိုတာနဲ့အမျှ အဖွဲ့အစည်းကြီးဖြစ်တယ်။ ပြီးတော့ သူတို့ဟာ တက်လာတဲ့ တက်သစ်တွေဖြစ်တယ်။ လူငယ်တွေဖြစ်တယ်။ အားမတန်လို့ မာန်လျှော့နေရတဲ့ သူတွေဖြစ်တယ်။ ဒီလူ့အဖွဲ့အစည်းကြီးအနေနဲ့ သူတို့ပြန်လှန်လို့မရတဲ့ မော်မကြည့်ဝံ့တဲ့ တစ်ယောက်စ နှစ်ယောက်စ လူ့သိုက်မြုံကနေ တော်လှန်လို့ရတဲ့ အခြားသော အသိုက်အဝန်းကို ရှာပါတော့တယ်။ ကြပ်ကြပ်သိပ်သိပ် စည်းနှောင်ခံထားရတဲ့ စိတ်ဟာ အစည်းလည်းပြေရော နိယာမအရ တွေ့ရာအပေါ် သို့မဟုတ် မိမိအားနဲ့ မျှလောက်တဲ့အပေါ် သို့တည်းမဟုတ် မိမိကို ပြန်၍ တုန့်လှည့်မရသည့်နေရာအပေါ် ဝရုန်းသုန်းကား ဖြစ်မယ်။ အဲဒီဝရုန်းသုန်းကားရဲ့ လုပ်ရပ်တွေဟာ တဖက်သားကို ထိခိုက်သွားစေခြင်း နစ်နာသွားစေခြင်း အလျင်းမရှိပေမယ့် ရှိရင်လည်း ရှိမယ့် သိပ်ပြီး ဂရုစိုက်မနေနိုင်အားဘဲ အတုံးလိုက် အတစ်လိုက် စီးဆင်းတော့တာပါပဲ။ တစ်ဖက်က ပြန်ကြည့်တော့ ဒီလူတွေ ငါတို့ကို ဘာလို့ဒီလိုချည်း ပြောနေရတာလဲ ဖြစ်သွားတယ်။ ဒီလိုတွေ လူတွေဟာ ရိုင်းတယ်။ လူတွေဟာ ပညာမတတ်ဘူး။ လူတွေဟာ ဘာညာသာရကာနဲ့ မထိုက်တန်ဘူး စသဖြင့်ဖြစ်ရချေတယ်။
အဲဒီရဲ့ အစမှာ …
ငါသိ ငါတတ် ငါနားလည် ငါလုပ်မှဖြစ် ငါရှိမှဖြစ်ဆိုတဲ့ မာန်တဝင်းဝင်းတောက်နေတဲ့ မြန်မာနိုင်ငံက ဂုဏဝုဒ္ဓိ ဝယဝုဒ္ဓိစကားနဲ့ ဇိမ်ယစ်တဲ့ လူကြီးသူမတွေ၊ လူငယ်တွေကို “မင်းတို့ ဘာသိလို့လဲ၊ မင်းတို့ ဘာနားလည်လို့လဲ” စသဖြင့် ချိုးချိုးနှိမ်နှိမ် ဆုံးမစကားတွေပေးပြီး လူငယ်တွေ အောက်လက်ငယ်သားတွေ လုပ်သမျှ ခင်ဗျားတို့အတွက် အမှားကြီးပဲဖြစ်နေသမျှသော မြင်နေသမျှသော မိဘများ ဆရာများ ဘုန်းကြီးများ ဥက္ကဋ္ဌ မန်နေဂျင်းဒါရိုက်တာများခင်ဗျား! သူပုန်လေးတွေ သူကန်လေးတွေ ဆက်လက်မွေးထုတ်ပေးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါကြောင်း။