ကိုးကွယ်တဲ့ ဘာသာတိုင်းမှာ သာသနာတွေ ရှိကြတယ်။ ဟိန္ဒူမှာ ဟိန္ဒူသာသနာရှိသလို အစ္စလာမ်နဲ့ ခရိယာန်တို့မှာလည်း သူတို့ သာသာနာနဲ့ သူတို့ရှိကြတယ်။ အဲလိုပဲ ဗုဒ္ဓကို ကိုးကွယ်ကြသူတွေမှာလည်း သာသနာရှိတယ်။ ခရိယာန်မှာ ကက်သလစ်နဲ့ နှစ်ခြင်းကွဲသလို အစ္စလာမ်မှာ ဆွန်နီနဲ့ ရှီးယပ်ကွဲသလို ဗုဒ္ဓနဲ့ ပတ်သက်တဲ့ သာသနာမှာလည်း ထေရဝါဒနှင့် မဟာယာနဆိုပြီး ကွဲတယ်။ မဟာယနကို ယိမ်းကြတဲ့ နိုင်ငံများရှိသလို ထေရဝါဒဘက်သာ ယိမ်းကြတဲ့ နိုင်ငံတွေလည်း ရှိတယ်။ ထေရဝါဒ (မထေရ်တို့၏ အယူအတိုင်း) သာ ကိုးကွယ်ကြတဲ့ နိုင်ငံပေါင်း ၅ နိုင်ငံရှိတဲ့အနက် မြန်မာဟာလည်း တစ်နိုင်ငံ အပါအဝင်ဖြစ်တယ်။ သာသနာတိုင်းမှာ သူ့ကျမ်းစာနဲ့ သူရှိခဲ့ကြတဲ့အတိုင်း ဗုဒ္ဓသာသနာမှာ ပိဋကတ်သုံးပုံ ရှိတယ်။ မြန်မာမှာတော့ ဗုဒ္ဓဘာသာအစ ရွှေတိဂုံကလို့ ဆိုခဲ့ပေမယ့် သိမီသလောက် ပုဂံခေတ် အနော်ရထာမင်းလက်ထိ အရည်းကြီးရဟန်းတွေ အုပ်စိုးခဲ့ပြီး ဗုဒ္ဓသာသနာဟာ မွန်ပြည်နယ်ဘက်မှာသာ ထွန်းကားခဲ့တယ်။ မွန်ဘုရင် (သထုံမင်းဆက် ဖြစ်တဲ့အတွက် အချို့အဆိုက ပအိုဝ်းလူမျိုးဘုရင် လို့ဆိုပါတယ်။ သမိုင်းဆိုတာ လက်ဦးသူနိုင်စတမ်း လူမျိုးကြီးလျင် နိုင်စတမ်းဖြစ်လေတော့ ဒီမှာတော့ မွန်ဘုရင်လို့ပဲ ဆိုပါစို့) မနုဟာ က ရှင်အရဟံညွှန်ကြားချက်နဲ့ အနော်ရထာမင်းစောရဲ့ တမန်တော် စွမ်းရည်ညံ့ချက်နဲ့ ပေါင်းမိပြီးသကာလ စစ်တိုက်ပြီး ရယူလိုက်ရတဲ့ ပိဋကတ်ဟာ ပုဂံကို ရောက်လာခဲ့တယ်။ အဲဒီကနေ စပြီး သာသနာဟာ စတင်ထွန်းကားတယ်။
မြန်မာပြည်ဘက်မှာ သာသနာစတင်ထွန်းကားလာတာဟာ ဒါအစပဲ။ အဲဒီလို စတင်ထွန်းကားပြီး သိပ်မကြာဘူး။ ရှင်အရဟံ ပျံလွန်တော်မူပြီးနောက် နရသူမင်းခေါ် ကုလားကျမင်းက ထီးနန်းကို အဓမ္မရယူခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး သာသနာပိုင်တို့ အဆင်မပြေဖြစ်ရာကနေ သံဃာတွေ သူ့ကို ပုန်ကန်နိုင်တယ်လို့ ယူဆလိုက်တယ်။ ပြီးတော့ ရဟန်းတွေကို လူထွက်ခိုင်း မိန်းမယူခိုင်းခဲ့တယ်။ မလိုက်နာတဲ့ ရဟန်းတွေကို သတ်မိန့်ပေးခဲ့တယ်။ နောက် အင်းဝခေတ်မှာ မိုးညင်းဘက်ကနေ ဆင်းလာတဲ့ သိုဟန်ဘွားဆိုတဲ့ အင်းဝမင်းဟာ သံဃာတော်တွေကို ဆွမ်းပင့်ကပ်မယ်ဆိုပြီး မဏ္ဍပ်ထိုး၊ ကြွလာတဲ့ ရဟန်းမှန်သမျှ ရိုက်နှက်သတ်ဖြတ်ခဲ့တယ်။ ဒါက သမိုင်းနဲ့ ပတ်သက်ပြီး သိမီမှတ်မိသမျှ ပြန်ပြောကြည့်တာ။
၁၉၉၇ ခုနှစ်မှာ အောက်ပြည် အောက်ရွာဘက်မှာ ကုလား ဗမာအဓိကရုဏ်းထပ်ဖြစ်ပုံရတယ်။ ကုလားဗမာ အဓိကရုဏ်းက ဖြစ်နေကျမို့လို့ ထပ်ဖြစ်တယ်လို့ ရေးလိုက်တာပါ။ နောက်တစ်ခု ထပ်ဖြစ်ပုံရတယ်လို့ ရေးရတာက ကိုယ်က ရှမ်းပြည်မှာ နေနေတုန်းမို့လို့ သတင်းကို တိတိကျကျ မသိရဘူး။ ရှစ်နာရီသတင်းကို ယုံရမလား မိုးလုံးပြည့်မုသာဝါဒဆိုတာကို ယုံရမလား မဝေခွဲနိုင်သေးတဲ့ ကာလမို့လို့လည်း သတင်းအမှန်ကို မသိဘူး။ သေချာတာက အဲဒီနှစ်မှာ ဘုန်းကြီးတွေ စာမေးပွဲ မဖြေရဘူး။ ဘာမှန်းမသိပဲ တချို့ တစ်နှစ်အောက်ခဲ့ကြရတဲ့နှစ်ပဲ။ ကိုယ်သိတဲ့ အောက်ပြည်အောက်ရွာဘက်မှာ ရှိတဲ့ သာသနာဆိုတာ အဲဒီကနေ စတာပဲ။ ၂၀၀၇ မှာ ရွှေဝါရောင်တော်လှန်ရေးဆိုပြီး သံဃာတွေ စီတန်းလှည့်လှည် ဆန္ဒပြတဲ့ ကိစ္စတစ်ခု ဖြစ်ပေါ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ သံဃာအတွက် သီးသန့်နေရာတွေ ရှိခဲ့တယ်။ သံဃာ့ဆေးရုံ။ ကားစီးရင်း သံဃာသီးသန့်ဆိုတဲ့ စာတန်း။ အဲဒါနဲ့အတူ မကောင်းတတ်လို့ နာမည်မပေးခဲ့တဲ့ သံဃာ့ထောင်။ အဲချိန်ထိလည်း ရှစ်နာရီသတင်းက အမှန်လား။ မိုးလုံးပြည့် မုသာဝါဒအဖွဲ့က မှန်သလား မသိရတော့ ခက်ရပြန်တယ်။ အံ့ဩစရာကောင်းတာ တစ်ချက်က ၂၀၁၃ မှာ လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး ထိုင်ဆန္ဒပြတဲ့ သံဃာတွေကို မီးလောင်ဗုံးနဲ့ ဖြိုခွင်းခံခဲ့ရတာပါပဲ။ ၂၀၁၃ ဆိုတာ တကယ်တော့ ဒီမိုကရေစီအစိုးရခေတ်မှာ ဖြစ်တာ။ အဲဒီခေတ်ကာလ ဝန်းကျင်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဆိုတဲ့ အဖွဲ့ကြီးပေါ်ခဲ့တယ် ထင်တယ်။ သူတို့ဖွဲ့တဲ့အဖွဲ့ဟာ နိုင်ငံရေးနှင့် ယှက်နွယ်ပြီး လိုအပ်တယ်လို့ ယူဆကြလို့ ဖွဲ့ခဲ့ကြပုံရတယ်။ နောက်ပိုင်း နိုင်ငံရေးမှာ အစိုးရအဖွဲ့ရဲ့ အတိုက်အခံအဖွဲ့အဖြစ် ရပ်တည်လာသလိုလိုတောင် ရောက်လာတယ်။ မရောက်ခဲ့ရင်တောင် ဆွဲထည့်ခြင်းမှာ တည်တယ်။ အာဏာရ အစိုးရအဖွဲ့ဟာလည်း မဘသ လို့အတိုကောက်ခေါ်တဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့မှ အမည်ပြောင်းလိုက်တဲ့ ဗုဒ္ဓ ဓမ္မရက္ခိတဖောင်ဒေးရှင်းအဖွဲ့နှင့် ယှက်နွယ်တယ်လို့ ယူဆရတဲ့ သံဃာကို အပြတ်အသတ် တိုက်ခိုက်လာတာ တွေ့ရတယ်။ လက်ရှိမှာ သံဃာတွေအပေါ် ပုဂ္ဂိုလ်ရေးဆန်ဆန် ဖိနှိပ်မှုတွေ တွင်တွင်ကျယ်ကျယ်လုပ်လာတယ်။ အထအနကောက် ယိုးမယ်ဖွဲ့ ယမယ်ရှာ အပြစ်ပြောအလုပ်တွေကို တသီးတသန့်ဆန်ဆန် လုပ်လာတယ်။ ၁၉၈၀ က ဦးနေဝင်း ဖွဲ့ခဲ့တဲ့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနအဖွဲ့ကို အတိုက်အခံဘဝတုန်းက အပြစ်ပြောခဲ့ပေမယ့် အာဏာရလာတဲ့အခါ အားကိုးအားထားပြုလာတယ်။ ၁၉၈၈ အရေးအခင်းကြောင့် မြန်မာနိုင်ငံဟာ ပညာရေးက နိမ့်ကျပြီး သံဃာထုဟာ တဖြည်းဖြည်းများလာတယ်။ ဒီမိုကရေစီလို့ ကြော်ငြာပြီး ၂၀၁၂ နောက်ပိုင်းမှာ စာသင်တိုက်ကြီးတွေ သံဃာစတင်နည်းလာတယ်။ အခုဆိုရင် အခွံပဲ ကျန်တဲ့အထိ ဖြစ်လာတယ်။ ဒီအချိန်မှာမှ သံဃာထုဟာလည်း ရည်ရွယ်ချက်ရှိရှိ အတိုက်ခံရနေတယ်။
မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံ ဗုဒ္ဓသာသနာ ထွန်းပတဲ့နိုင်ငံရယ်လို့ လူသိများခဲ့ကြတာနဲ့အတူ သာသနာဖျက်မင်းတွေလည်း အသကအသက ပေါ်ထွက်လာခဲ့ဖူးပါတယ်။ သိုဟန်ဘွားဟာ ရတနာသုံးပါးကို ကြည်ညိုသူမဟုတ်ဘူး။ ဒါကြောင့် သံဃာတွေကို သတ်၊ ပိဋကတ်တွေကို မီးရှို့လုပ်ခဲ့တာ။ တောင်ငူခေတ်မှာလည်း ပေါ်တူဂီသား ငစင်ကာကတော့ ဘာသာခြားမို့ စေတီဖျက် ဘုန်းကြီးကျောင်းတွေ ဖျက်လုပ်ခဲ့တာ။ နရသူမင်းကျတော့ သာသနာကို ကြည်ညိုတဲ့ မင်းပင် ဖြစ်လင့်ကစား သူကြည်ညိုတဲ့ ပံသကူမထေရ်နဲ့ မသင့်မတင့်ဖြစ်ပြီးသကာလ နောက်ဆုံး သံဃာတွေကို သံယတွေ ဝင်လာပြီးနောက် သာသနာကို ဖျက်ဆီးပါတော့တယ်။
တကယ်တမ်းကျတော့ မနုဟာ ပြောခဲ့တဲ့ စကားက ခုထိ မှန်နေဆဲပါပဲ။ “အရိုင်းအစိုင်းတွေအတွက် ပိဋကတ်နဲ့ မတန်ဘူး” ဆိုတာလေ။ မထိုက်တန်ကြလေတော့ သာသနာဟာ မြန်မာပြည်အတွက် လက်နက်တစ်ခုလောက်သာသာပဲ ဖြစ်ခဲ့ရပြီမဟုတ်ပါလား။
နောက်ဆုံး မြန်မာနိုင်ငံမှာ စေတီအဆောက်အဉီတွေပဲ ကျန်နေခဲ့ရင်လည်း “ဟိုရှေးရှေးတုန်းက …” လို့ပြောရတာပေါ့လေ။