သင်တန်းဆိုတာ အမျိုးမျိုးရှိတယ်။ အင်္ဂလိပ်စာသင်တန်း၊ ကွန်ပျူတာသင်တန်း၊ ဂစ်တာသင်တန်း၊ စက်ချုပ်သင်တန်း၊ တရားဟောသင်တန်း၊ သေနတ်ပစ်သင်တန်း စတဲ့ အတတ်ပညာပိုင်းဆိုင်ရာ သို့တည်းမဟုတ် ရုပ်ပိုင်းဆိုင်ရာသင်တန်းတွေရှိသလို မိမိကိုယ်ကိုသိရှိခြင်းသင်တန်း၊ နှစ်သိမ့်ဆွေးနွေးခြင်းဆိုင်ရာသင်တန်း၊ ဖွံ့ဖြိုးရေးဆိုင်ရာသင်တန်း၊ ခေါင်းဆောင်မှုသင်တန်း၊ စီမံခန့်ခွဲမှုသင်တန်းစတဲ့ အသိပညာပိုင်းဆိုင်ရာ သို့မဟုတ် နာမ်ပိုင်းဆိုင်ရာသင်တန်းလည်း ရှိတယ်။ အဲဒီအပြင် သက်မွေးပညာရပ်နဲ့ဆိုင်တဲ့ သင်တန်းတွေလည်း ရှိတယ်။ ဥပမာ အခုလိုချိန်မျိုးမှာ ခေါ်နေတဲ့ မန္တလေးက MIT လိုမျိုး၊ စစ်ကိုင်းက B ed လိုမျိုး၊ ပြီးတော့ တချို့တက္ကသိုလ်ကလည်း သင်တန်းဆိုတဲ့နာမည်နဲ့ခေါ်တာပါ။ ဆိုတော့ သင်တန်းအမျိုးမျိုးရှိတယ်။ အစားစား ရှိတယ်ပေါ့။ အဲလိုအများကြီးရှိတဲ့အထဲမှာ ရုပ်ပိုင်းဆိုင်ရာ သင်တန်းတွေသာ တက်ဖူးတဲ့ ကိုယ်ဟာ မမျှော်လင့်ဘဲ နာမ်ပိုင်းဆိုင်ရာ သင်တန်းကို ၂၀၁၁ လောက်မှာ ကြုံခဲ့ပါလေရောလား။ သင်တန်းပေးသူက နောင်တောင်းပရဟိတက ကျောင်းအုပ်ဆရာမ တယောက်။ သူမက မန္တလေး ဖောင်တော်ဦးပရဟိတကျောင်းတိုက် CPME အစီအစဉ်ကနေ ရက်ပေါင်း ၇၀ တိတိပေးလိုက်တဲ့ RWCT သင်တန်းကို ရလာတဲ့သူတယောက်ပါ။
သင်တန်းစစချင်း တရားထိုင်တယ်။ ကိုယ်က “ဟမ်” ဆိုပြီး ဖြစ်ရတောပေါ့။ နောက် မေတ္တာပို့တယ်။ ပြီးတော့ သင်တန်းတက်ဖို့ စိတ်စွမ်းအား ဘယ်လောက်ထိရှိလဲဆိုပြီး တယောက်ချင်းစီမေးပြန်တယ်။ စည်းကမ်းလို့ မပြောဘဲ အခြေခံသဘောတူညီချက်တဲ့။ သင်တန်းတစ်ခု အားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ကောင်းကောင်းမွန်မွန် သင်ယူနိုင်အောင် ဘယ်လိုနေထိုင် သင်ယူကြရင်ကောင်းမလဲ အားလုံးသဘောတူတဲ့ အချက်လေးထုတ်ရအောင်ဆိုပြီး အားလုံးလက်ခံတဲ့ စည်းကမ်းတွေကို သာတယ် နာတယ်မရှိရအောင် ဆွေးနွေးတိုင်ပင်ပြီး ရေးပြန်ရော။ အံ့သြရမလား။ တွေဝေရမလားတောင် မသိတော့ဘူး။ ဘယ်ကဦးမလဲ။ အချိန်ဇယားကိုလည်း ဆွေးနွေးနေလိုက်တာ။ နောက် ဂိမ်းတွေဆော့ကစားတယ်။ ကိုယ့်မှာတော့ သင်မှဖြင့် သင်တာမဟုတ်ဘူး။ ဘာတွေ ကစားနေတာလဲဆိုပြီး စိတ်က တော်တော်လေးအောင့်သက်သက်ဖြစ်ရတယ်။ အဲဒီမှာ ကိုယ်က သင်တန်းသား မဟုတ်ပါဘူး။ ဘေးကနေ ကြည့်နေသူပါ။ ကျွန်တော့်ဘဝတလျှောက် သင်တန်းတက်တယ်လို့သာ ပြောရတယ်။ ဘေးကနေ ကြည့်ခဲ့ရတာက ခပ်များများပါ။ ဒါပေမယ့် ကိုယ်တွေ့ဖူးတဲ့ အတတ်ပညာပိုင်းဆိုင်ရာ သင်တန်းမဟုတ်တော့ ကိုယ့်မှာ ကြောင်စီစီလေးနဲ့ရယ်။ ဖြစ်မှာပဲလေ။ ကိုယ်က ယဉ်ကျေးလိမ္မာသင်တန်းဆိုတာတွေ ပေးဖူးသလို ကွန်ပျူတာအခမဲ့သင်တန်းလည်း ပေးနေသူလေ။
နောက်ပြီး သင်တန်းမှာ 4 Direction ကိုသင်တဲ့ သင်ခန်းစာကို အခဲမကြေဆုံးပဲ။ ဒီအကောင်လေးကောင်နဲ့ သင်တန်းဆရာတွေ အချိန်ဆွဲတယ်လို့ပဲ ထင်နေတယ်။ ဟုတ်တယ်လေ။ အဲဒီသင်ခန်းစာက တနေကုန်တာတောင် တခါခါ မလောက်ဘူး။ တခါခါ ဆိုတာက အဲဒီလိုသင်တန်းကို ဆက်တိုက်နီးပါး မကြာခဏပေးနေရလို့ပါပဲ။ ကိုယ်ကလည်း ကိုယ့်လူဆိုရင် သို့တည်းမဟုတ် ကိုယ့်လောက် မသိဘူးလို့ယူဆရင် အထင်မကြီးတတ်ပြန်တော့ အဲဒီလိုပေးနေတဲ့ သင်တန်းကို ဘယ်လိုမှ ခံစားလို့မရဘူး။ အဲဒါကြောင့် အကောင်လေးကောင်ဖြစ်တဲ့ နွားရိုင်း၊ ဝက်ဝံ၊ ကြွက်နှင့် လင်းယုန်ကို အကောင်ပြောင်းရင် မကောင်းဘူးလားလို့ အကြံပေးသေးတယ်။ အကြံပေးရုံတင် မကဘူးထင်ရဲ့။ သို့ငြား ပြောင်းတော့ မပြောင်းဖြစ်ဘူး။ မကြာမတင် အွန်လိုင်းပေါ်မှာ သိတဲ့ ဗလနဲ့ စကားပြောဖြစ်ရင်း ဘာလုပ်နေလဲဆိုတော့ သင်တန်းပေးနေတယ်ပြောတော့ သူလည်း သင်တန်းပေးတတ်တယ်ဆိုပြီး ရောက်လာတယ်။ အဲဒီမှာ သူ့သင်တန်းကလည်း ဂိမ်းကစားတာ ဆွေးနွေးတာ မေးတာ ဖြေတာတွေဖြစ်နေပြန်တယ်။ ဒီရောက်မှ အော သင်တန်းဆိုတာ ဒီလိုပေးရတာလည်း ရှိသကိုးလို့ လက်ခံလိုက်တယ်။ မဟုတ်ရင် ဆရာက နည်းနည်းပြောပြီး တပည့်ကို များများမေးခိုင်းတဲ့ကိစ္စနကို ကျေလည်မှာ မဟုတ်ဘူး။ နောက်ထပ် ကျေလည်ဖို့အကြောင်းက ရန်ကုန်က ဒေါ်သဇင်အောင်ဆိုတဲ့ ဆရာမက အချိန်စီမံခန့်ခွဲနည်း သင်တန်းကို တစ်ရက်လာပေးလိုက်လို့ပါပဲ။
အဲဒီကနေ နာမ်ပိုင်းဆိုင်ရာ သင်တန်းကို စတက်ဖြစ်တယ်။ တက်ဖြစ်တယ်ဆိုတာကလည်း ခုနင်က ပြောခဲ့သလို ဘေးကနေ ကြည့်တာပါပဲ။ သေသေချာချာလေ့လာဖြစ်တဲ့ သင်တန်းက NTBY (Naung Taung Buddhist Youth) လို့ဖြစ်လာမယ့် သင်တန်းပါ။ အရင်က ဘီဝိုင်လို့ခေါ်ပြီး နောက်ပိုင်း ကလျာဏမိတ္တလို့ပြောင်းလိုက်တဲ့ ဘိုဘိုလွင်တို့သင်တန်းက စောရဲဝင်းဟိန်းဆိုတဲ့ ဆရာလာပေးတာ။ အဲမှာ မန်းဖြိုးတို့၊ ခွန်းမျိုးအောင်တို့၊ မြင့်မြင့်ထွန်းတို့ကို သိခဲ့တယ်တင်တယ်။ အဲဒီကနေ စပြီးနောက်ရောက်လာတဲ့သင်တန်းက SEMS (Socially Engaged Monastic based School) မြန်မာလို လောကသာရကျောင်းများ ဦးစီးတဲ့ RWCT (Reading Writing For Critical Thinking) ဆိုတဲ့ ရက်ရှည်သင်တန်းရဲ့ အစပိုင်း Self-Awareness သင်တန်း။ သင်တန်းပေးသူက GSMI (Gaia Sustainable Management Institute) လွိုင်ကော်ဇာတိ သုမောင်စိုးပါ။ အရင် BY သင်တန်းမှာကတည်းက Document အလိုက်ကောင်းတာနဲ့ ဒီသင်တန်းမှာလည်း စာလိုက်ရိုက်ခိုင်းတာပေါ့။ ဆယ်ရက်သင်တန်းလည်းပြီး စာအုပ်လည်းထွက်ဖြစ်သွားတာနဲ့ တော်တော်လေး သင်တန်းနောကြေသွားတယ်ဆိုရမယ်။ အဲဒီက ထွက်တဲ့ စာအုပ်ကိုတောင် ခုထိ သူများတွေ သုံးနေသေးတယ် ထင်တယ်။ သူများကတော့ တခြားသူတွေ မဟုတ်ပါဘူး။ နောင်တောင်းကျောင်းကပါ။ ဘယ်ကမှတော့ မသုံးဘူးလို့ ထင်ပါတယ်။
ဒါပေမယ့် မနောပိုင်းဆိုင်ရာ သင်တန်းကို အဲဒီမှာ သေချာသဘောပေါက်သွားတယ်။ အပြင်ပိုင်းကိုသာ ပြင်ဖို့လိုတယ်မဟုတ်။ အတွင်းပိုင်းကိုလည်း ပြင်ဖို့လိုတယ်ဆိုတာ သိသွားတယ်။ စာအရှည်ကြီး မရေးချင်လို့ ဂလောက်နဲ့ နားလိုက်ဦးမယ်။ အပိုင်း ၃ ဆက်ရေးဦးမယ်။ အယ်လယ်။