Facebook ပေါ်က အထာနဲ့ ပြောရရင် ဒီစကားမျိုးကို ကြားဖူးတာ ကျုပ်တယောက်တည်းလား လို့ မေးရမယ်။ ဘဝမှာ ကျောင်းတစ်ကျောင်းမှာ ကျောင်းထိုင် ဘုန်းကြီး လုပ်ရလိမ့်မယ်လို့ တစ်ခါမှ တွေးမထားခဲ့ဖူးဘူးဗျ။ သက်သေအားဖြင့် ပြောရရင် ကျုပ်ကွန်ပျူတာသင်တန်းတွေ ဖွံ့ဖြိုးရေးသင်တန်းတွေကို အခမဲ့ သင်ခဲ့တုန်းပေးခဲ့တုန်းက ကျုပ်တပည့်တွေက များသောအားဖြင့် မသတ္တဝါလေးတွေက ပြောခဲ့ကြတယ်။ ဒင်းတို့က ကျုပ်ကို ဦးဂျေလို့ခေါ်ခဲ့ကြတယ်။ သူတို့ပြောတာ ကြည့်ကြည့်လိုက်။
“ဦးဂျေ၊ လက်သည်းလေး ဘာလေး ညှပ်ဦး၊ လက်သည်းညှပ်မရှိဘူးလား။ ယူလာပေးရမလား”
“ဦးဂျေ၊ ဆံပင်လေးဘာလေးလည်း ရိတ်ဦး၊ မုတ်ဆိတ်မွေးတွေ နှုတ်ခမ်းမွေးတွေက ရွံစရာကြီး”
“ဦးဂျေ၊ ရေလေးဘာလေးလည်း ချိုးဦး၊ သင်္ကန်းလေး ဘာလေးလည်း လျှော်ဦး”
ဒါလေးက ကျုပ်ဘဝပဲ။ မတော်တရော် လျှောက်ပြောတာ။ ကန့်လန့်တိုက်တာ ပလီစိခြောက်ချက် လျှောက်ပြောတာတွေကို ချန်ထားလိုက်ဦး။ ဒါတွေက ကျုပ်ဘဝမှာ အကြားရဆုံးစကားတွေပဲ။ ဒါပေမယ့် ကျုပ်က ကျုပ်ပဲ။ Narcissistic personality traits တွေ ဘာတွေ စစ်လိုက်ရင်လည်း ကျုပ်က စိတ်ကုဆရာဝန်ဆီ ပြသင့်ပြီ ဘာညာ အဖြေထွက်တာချည်းပဲ။ သူများအထင်ကြီးလိုကြီးငြား စာဖတ်သယောင်ယောင် ဘာယောင်ယောင်လည်း ပြုလိုက်သေးတာပဲ။ ဒါတွေက တကယ့်ဘဝစစ်တွေပါ။ ကျုပ်အတွက် ဆိုပါတော့။
ဒီလိုနေရင်း ထိုင်ရင်း ကံအကြောင်း မလှလေတော့ ဘုရားတောင် တတောင်ကို ကျောင်းအဖြစ် လုပ်ပြီး နေဖို့ ကျုပ်ကို အအပ်ခံရတော့တာပါပဲ။ ဦးပဇင်းတစ်ပါးက မနေနိုင် မထိုင်နိုင် စေတီပုံကြီးကို စေတီဖြစ်ရုံ မွမ်းမံပြီးသကာလ ကမ္ဘောဇဘိလပ်မြေစက် ရုံက ကမျဉ်းကြောထပြီး ဇရပ်တဆောင်သွားဆောက်တယ်။ တိုင်တွေနဲ့ သွပ်တွေကို ဒီနားက ရွာသားတွေဆီ သူတို့က တောင်းလိုက်သေးသပ။ တိုင်နဲ့ သွပ်က အနီးက ရွာက လှူတာ။ သူတို့က ပျဉ်ကလေးနည်းနည်းပါးပါး။ လုပ်အားလေး မဖြစ်စလောက်လေးပေါ့။ ဒါပေမယ့် သူတို့ကတော့ သူတို့ကျောင်းချည်း ဇွတ်ဇက်ပြောနေတော့တာကိုး။ စေတီကလည်းသာ။ ဇရပ်ကလည်းရှိလေတော့ လောဘနည်းနည်းရှိတဲ့ တချို့သော ပုဂ္ဂိုလ်တွေက ကျောင်းလုပ်ချင်ပေမပေါ့။ ဒင်းတို့ ခြေမညိမ် လက်မညိမ်သွားသွားပြီး ည ည သွားသွားအိပ်တော့ နောက်ဆုံးကျုပ်ကို အအပ်ခံရတာပါပဲ။ ခုတော့လည်း ကမ္ဘောဇဘိလပ်မြေစက်ရုံက စည်းမရှိ ကမ်းမရှိ ပရမ်းပတာ ပုံထားတဲ့ ကျောက်မီးသွေးပုံက ထွက်တဲ့ အနံ့ဆိုးကြီးကို နေ့နေ့ညည ရှူရင်း လူတွေရဲ့ အနာဂတ်ကို ဖျက်ဆီးမယ့် စက်ရုံတွေဘေးမှာ ကျောင်းတည်ပြီး ဆရာမောင်သာရရဲ့ ဝတ္ထုနာမည်လို မနိုင်၍ သည်းခံရခြင်းသည်လည်းကောင်း လုပ်နေရတာပေါ့။
ပြောချင်တာက အဲဒါ မဟုတ်ဘူးဗျ။ ကျောင်းထိုင်ဖို့ စိတ်ကူးလည်းမရှိ။ စိတ်လည်းမဝင်စား။ လုပ်ချင်တာ လုပ်နေရရင်ကို ကျေနပ်နေတဲ့ ကျုပ် ကျောင်းထိုင်ဘဝရောက်တော့ ပထမဦးဆုံးတွေ့ရတာက လက်သမားလို့ခေါ်တဲ့သူတွေရယ် ပန်းရံလို့ခေါ်တဲ့သူတွေရယ်နဲ့ ကန်ထရိုက်လို့ခေါ်မလား ပွဲစားလို့ခေါ်မလား လက်ကြောမတင်းတဲ့ လူတန်းစားတွေရယ်ပေါ့။
ပထမဆုံးမှတ်မှတ်ရရ ဆင်ဝင်မရှိလို့ ဆင်ဝင်လေးလုပ်တော့
“တပည့်တော်တို့ကလည်း လှူချင်နေတာ၊ ဘယ်မှာ လှူရမယ်မှန်း မသိ။ ပိုက်ဆံကလည်း မရှိတော့ မလှူဖြစ်ဘူး၊ ခုလို အရှင်ဘုရားက ဒါလေးလုပ်ခိုင်းတော့ ဝမ်းသာတယ်ဘုရား။ အရှင်ဘုရား ပေးချင်သလောက်သာ ပေးပါ၊ တပည့်တော် အခမဲ့နီးပါး လုပ်ပေးပါ့မယ်”
ဆိုပြီး လက်သမားတယောက်က စလုပ်ပေးပါရော။ ကျုပ် အဲဒီကနေ စခံရတော့တာပဲ။ အလုပ်လည်း ပြီးရော ကျုပ်က ပေးလိုက်တယ်။
“ရော့ တစ်သောင်း”
လို့။
ငိုချင်းကြီးတွေလည်း စကြားဖူးတော့တာပါပဲဗျာ။ မိသားစု စားဝတ်နေရေးက ဘယ်လို။ သားသမီးပညာရေးက ဘယ်လိုဆိုပြီးတော့ပေါ့။ ကျုပ်ကလည်း အမှတ်မရှိပါဘူး။ လက်သမား တယောက် လာတယ်။
“အရှင်ဘုရား ကြည့်ပေးပါ၊ တပည့်တော်တို့က လှူတောင် လှူရဦးမှာ၊ ဘုန်းကြီးတွေရဲ့ အလုပ်ကို တပည့်တော်တို့ ဈေးဖြတ်လို့လည်း မကောင်းပါဘူး ဖရာ့”
ပန်းရံတစ်ယောက်လာတယ်။
“တပည့်တော်တို့က လှူတောင် လှူရဦးမယ်၊ အရှင်ဘုရား အဆင်ပြေရင် ပြီးတာပဲ”
ကားသွားပြင်တယ်။
“ဘုန်းကြီးကားဆို တပည့်တော်တို့က လက်ခ မယူဘူးဖရာ့”
ဝရိန်ကလေး တစ်ချက်ဆော်လိုက်တယ်။ နံပါတ် ၁၂ ဝရိန်ချောင်း နှစ်လက်မလောက် ကုန်သွားတာပေါ့။
“ဝရိန်ချောင်းဖိုးလေး တထောင်လောက်တော့ စွန့်ခဲ့ပါဖရာ့”
နံပါတ် ၁၂ ဝရိန်ချောင်းပေါင်း ၂၀၀ ပါတဲ့ ဝရိန်ချောင်းထုပ် တစ်ထုပ်ကို ၃၅၀၀ နဲ့ ဝယ်နေကျကျုပ်လေ။ ဝရိန်ချောင်း တစ်ချောင်းကို ၂၀ ကျပ်တောင် မကျဘူး။ ဒါပေမယ့် အပေါ်က လက်ခမယူယူး လှူပါတယ် ဆိုတဲ့ စကားနဲ့ ကျုပ်မှာ နင်ရော။
“တပည့်တော်တို့က ဗုဒ္ဓဘာသာတွေဆိုတော့ လှူတောင် လှူရဦးမယ်”
အဲဒီစကားနဲ့ ပေ ၆၀x၃၀ ကျောင်းတစ်ဆောင်မှာ အုတ်စီတဲ့ လက်ခ သိန်း ၇၀ ကုန်ခဲ့တယ်။ အဲဒီကျောင်းရဲ့ ၉ ထစ်လောက်လှေကားကို ၂၅ သိန်းကုန်ခဲ့တယ်။ တနေ့က ကားတံခါးအတွင်းဘက်က ဖွင့်မရလို့ ပြင်ခိုင်းလိုက်တာ ၃၅၀၀၀ အတောင်းခံလိုက်ရတယ်။ ဘုန်းကြီးကျောင်းကားကို တပည့်တော်တို့က ပိုမတောင်းပါဘူးဖရာ့ဆိုပြီးတော့လေ။ ကျုပ်ကျောင်းထိုင်နေစဉ်ကာလအတွင်း ကျုပ်ဖြင့် မှန်မှန်ကန်ကန် ဈေးတစ်ခါမှ အတောင်းမခံရပါ်ဘူးဗျာ။
“တပည့်တော်တို့က ဗုဒ္ဓဘာသာပဲ၊ လှူတောင် လှူရဦးမယ်”
ဆိုပြီး စားဝတ်နေရေး အကြောင်းပြလာတယ်။ သား ကျောင်းတက်နေလို့၊ သမီးကျောင်းတက်နေလို့ စသဖြင့် အကြောင်းပြလာတယ်။ တပည့်တော်တို့က ဗုဒ္ဓဘာသာတွေပါ။ ဘုန်းကြီးတွေကို လိမ်မတောင်းပါဘူးက ပါလိုက်သေး။ လိမ်တာ မလိမ်တာ အကြောင်းပြတာ မပြတာ အသာထား။ ကျသင့်တဲ့ တန်ဖိုးထက် ပိုတောင်းခံရတယ်။ ကျုပ်ကပဲ ဟိတ်ကြီးတခွဲသားနဲ့ ဟိုဟိုဒီဒီကို လေတလုံး မိုးတလုံး မပြောတတ်လို့လား မသိဘူး။ လာသမျှ ဧည့်သည်တွေက ကျုပ်ကို ဆရာလုပ်သွားတာချည်းပဲ။ ဆရာလုပ်သွားတာက အရေးမကြီးဘူး။ (ဆရာလာလုပ်ကြတဲ့ အပိုင်းကို နောက်မှသပ်သပ် ထပ်ရေးဦးမယ်။) ခုကတော့ တစ်ခုခု လာလုပ်ပြီးတိုင်း
“တပည့်တော်တို့က ဗုဒ္ဓဘာသာဆိုတော့ လှူတောင် လှူရဦးမယ်”
“ဘုန်းကြီးကို တပည့်တော်တို့က ဈေးပို မတောင်းပါဘူး”
စသဖြင့်တွေနဲ့ လာလိမ်နေကြတော့တာပါပဲဗျာ။ ဒါနဲ့ အထာကျလာပြီဆိုတော့ ကျုပ်က သေချာမေးတယ်။ ဒင်းတို့ကို။
“ခင်ဗျား သေချာပြော။ အပြင်မှာ ခင်ဗျားလုပ်ရင် ဘယ်လောက်ယူလဲ”
“အပြင်မှာတော့ တစ်ရက် တစ်သောင်းခွဲယူတယ် ဖရာ့။ အရှင်ဖရားတော့ တပည့်တော်ကို တသောင်းနှစ်ထောင်ပဲပေးပါ”
နောက်ပိုင်းမှ အဲလူအကြောင်း သူများလာပြောတယ်။ အပြင်မှာ တစ်ရက် ရှစ်ထောင်တောင် သူများမပေးတဲ့သူတဲ့။ ကျုပ်ကလည်း ခပ်ညံ့ညံ့လူတန်းစားထဲကပါဗျာ။ ခုနေများ ခင်ဗျားက “တပည့်တော်တို့က လှူတောင် လှူရဦးမယ်” (ဧရာဝတီ သို့တည်းမဟုတ် အောက်ပိုင်းဘက်က စကားနဲ့ ပြောရရင် တပည့်တော်တို့က လှူတောင် လှူကဦးမယ်) လို့လာပြောကြည့်။ ကျုပ်မရှာနိုင်တဲ့ ပိုက်ဆံတွေ မလိုအပ်ဘဲ ဗုံးပေါလအော သုံးပစ်ဖို့ ကျုပ်ဝန်မလေးတာတော့ အမှန်ပဲ။
ကဲ ခင်ဗျားလည်း ဗုဒ္ဓဘာသာပဲမဟုတ်လား တပည့်တော်တို့က လှူတောင် လှူရဦးမယ်လို့ လာပြောပါဦးလေ။