ပိုစ့်က ရေးရင်း ရေးရင်း ဘယ်ရောက်သွားမှန်း မသိဘူး။ ကိုယ်လှူတဲ့ အလှူက အဆိပ်ပင်ရေလောင်းသလို ဖြစ်တယ်၊ ဒီတော့ ကိုယ်လှူလို့ အကျိုးမရတဲ့ အပြင် သာသနာဖျက်ဖြစ်ရတယ်ဆိုတဲ့ စကားတွေလည်း ရှိပါတယ်။ ဒီထဲက လှူတာက ဘယ်လိုလှူလှူပါ။ သဒ္ဓါနဲ့ ပညာညှိနိုင်ရင် ပြီးပါပြီ။ မညှိနိုင်သူများအတွက် ပြောပြရရင် သာသနာဖျက်ဆိုတာ ဘယ်လိုလဲဆိုတော့ ဓမ္မဝိနယကို တကယ်မတတ်ဘဲနဲ့ ဟိုရဟန်းကို ဒီအမှုကြောင့် ဒီလိုလူထွက်၊ ဒီအမှုကြောင့် ဒီရဟန်းဟာ ရဟန်းယုတ်၊ ရဟန်းပျက်လို့ ဘုန်းကြီးတု စသဖြင့် ဆုံးဖြတ်လိုက်တဲ့သူသည် တစ်ယောက်။ သုတ္တန်အဘိဓမ္မာကို ကောင်းစွာ နားမလည်ဘဲနဲ့ ဘုရားဒီလိုဟောတာ ဒီအကြောင်းကို ရည်ရွယ်တာ မဖြစ်နိုင်ဘူး၊ ဟိုအကြောင်းကို ရည်ရွယ်တာ ဖြစ်နိုင်တယ် စသဖြင့် ဘုရားဟော စာပေများကို ဟိုကျမ်းနဲ့ ဟိုလိုဆွဲပြော၊ ဒီကျမ်းနဲ့ ဒီလိုဆွဲပြော ကိုယ်လိုအပ်တဲ့အထိ ပိုင်းပြော၊ ဟိုနားနည်းနည်း ဒီနားနည်းနည်းထုတ်ရေးပြီး အသိနုံ့နည်းသူ ဘာသာရေးဗဟုသုတနည်းသူ ကျမ်းတွေ သိပ်မကြည့်နိုင်သူ (ဘာသာပြန်စာအုပ်တွေတောင် နှစ်သိန်းခွဲဖိုးလောက် ဝယ်မှ အဆင်ပြေသကိုး) စာအုပ်တွေ ဟိုတစ်စ ဒီတစ်စ ဖတ်ဖူးသူများကို အယူလွှဲစေသူတစ်ယောက် အဲဒီနှစ်ယောက်ကသာ သာသနာဖျက်ဖြစ်ပါတယ်။ စာဖတ်ဆိုလို့ ပြောရဦးမယ်။ စာဖတ်တိုင်းလည်း အဆင်မပြေဘူး။ ဘာသာရေး စာပေလောကမှာ စကားတစ်ခွန်းရှိတယ်။ စာပေလောကတိုင်းနှင့်လည်း သင့်မယ်ထင်ပါတယ်။ “စာဖတ်ကို စာတတ်ဖျက်၊ စာတတ်ကို စာမှတ်ဖျက်” ဆိုတာလေးလေ။ ဟုတ်ပါတယ်။ ဘယ်လောက်စာဖတ်ဖတ်။ မင်းဖတ်ထားတာ ဘယ်ကျမ်းနဲ့ မညီဘူးဘာညာနဲ့ စာတတ်သူက ကျမ်းနဲ့ညှိပြောလိုက်ရင် စာဖတ်သူက ရှုံးရော။ စာဘယ်လောက်တတ်တတ် ဒီကျမ်းမှာတော့ ဒီလိုဟောထားတယ်ဆိုပြီး မှတ်ထားတဲ့ စာတစ်ကြောင်းနဲ့ ခံငြင်းလိုက်ရင် စာတတ်သူ ရှုံးရပြန်ရော။ ဒါပေမယ့် မင်းတုန်းမင်းလက်ထက်တုန်းကတော့ စာတတ်သူရော စာမှတ်သူရော ရှုံးသွားတဲ့ အဖြစ်အပျက်လေး တစ်ခုရှိပါတယ်။ အဲဒါကတော့ “စာတတ်ငါးခုံ၊ စာကုန်မကျည်းတော” ဆိုတဲ့ ဝေါဟာရကို ဖျက်ဆီးပစ်နိုင်စွမ်းလိုက်တဲ့ ဆရာတော်ပါပဲ။ ဘယ်ဆရာတော်လည်း မမှတ်မိတော့လို့ သိရင်တော့ ပြောပြကြပါ။ မင်းတုန်းက နိဗ္ဗာန်ရောက်ကြောင်း တရားတစ်ပုဒ်ကို အတိုဆုံး ဟောကြားခိုင်းတဲ့ ပညာစမ်းပွဲဆန်ဆန် ဆွမ်းပင့်ကျွေးတဲ့ အခန်းလေ။ ဆိုလိုတာကတော့ မှတ်ထားဖူးတဲ့ စကား သို့မဟုတ် စာသားတစ်ခုခုဟာ တကယ်တမ်းကျမ်းနဲ့ အညှိမခံတာတွေ ရှိတယ်ဆိုတဲ့ အကြောင်း ပြောချင်တာပါ။ ကျင့်ဝတ်ကို မထိန်းသိမ်းတဲ့ ရဟန်းတွေက သာသနာဖျက် မဖြစ်ပါဘူး။ အဲဒါကို ဘုရားက ဟောပြထားပြီးသားပါ။ ပါဠိလိုတော့ မရတော့ပါဘူး။ (မမှတ်မိတာတွေ အရမ်းများနေတယ်နော်) အဲဒီစကားကို တာရာမင်းဝေက သူ့ကဗျာထဲမှာ ယူသုံးထားပါတယ်။ “ငါဟာ ငါ့ကိုယ်ငါ တူးဖြိုတဲ့ ပေါက်တူးတစ်လက်ဖြစ်တယ်” လို့လေ။ နောက် စကားတစ်ခွန်း ပါးချင်ပါသေးတယ်။ ဘယ်လိုလူ ဘယ်လောက် စာတတ်တတ်။ သာသနာကို လုံးဝ မစောင့်ရှောက်နိုင်ပါဘူး။ “ဟေ့ ဆိုစမ်း အတ္ထော အက္ခရာ သညာတော” လို့ ကိုရင်တစ်ပါးပါးကို စာသင်ပေးလိုက်တဲ့ ရဟန်းတို့ကသာလျှင် သာသနာကို ဆက်လက် ထိန်းသိမ်းနိုင်ပါတယ်။ ဘာဆင်ခြေမှ မရှိပါဘူး။ ဘာအကြောင်းပြချက်မှ မရှိပါဘူး။ တစ်လမ်းတည်းပဲ သွားပါတယ်။
ပြန်ပြောပါ့မယ်။ ရဟန်းတွေ ကျင့်နေတဲ့ သိက္ခာပုဒ်တွေဟာ ဘုရားနှုတ်ကပတ်တော်တွေပါ။ ဘုရားရှင်ရဲ့ နှုတ်တော်နဲ့ သေချာမိန့်မြွက်ခဲ့တဲ့ တရားဓမ္မတွေပါ။ ဝိသုဒ္ဓိမဂ်ကျမ်းအလိုအရ “နဝကောဋိ သဟဿာနိ – ကုဋေကိုးထောင်ကျော်” ရှိတယ်လို့ဆိုပါတယ်။ နဝ ကောဋိကို ဖြုတ်ပြီး သဟဿာနိ – ထောင်ကျော်ကိုပဲ ကျင့်ဦး။ ရဟန်းဟာ ဘုရားဟောထားတဲ့ သိက္ခာပုဒ်တွေကို ကျင့်နေတာပါ။ လူလို နိစ္စသီလဖြစ်တဲ့ ဘုရားမပွင့်ခင်ကတည်းက ရသေ့တွေကျင့်တဲ့ ရသေ့တွေ ဆောက်တည်တဲ့ သီလကို ကျင့်နေကြတာ မဟုတ်ပါဘူး။ လူတွေ ကျင့်ကြံဆောက်တည်နေတဲ့ သီလဟာ ကမ္ဘာဦးခေတ် မဟာသမ္မတမင်းတို့ လက်ထက်ကတည်းက လူတွေရဲ့ အကျင့်စရိုက်ကို ရွံရှာလို့ တောမှာသွားနေသူတွေ ကျင့်ကြံတဲ့ သီလပါ။ ကမ္ဘာတည်တိုင်း အမြဲလိုက်ရှိလို့ နိစ္စသီလလို့ ခေါ်ထားတာပါ။ ငါးပါးသီလယူရာမှာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” စသဖြင့်သာ ဘုရားဟော ပါခဲ့တာပါ။ သို့သော် လူတွေက သုဒ္ဓေါဒနမင်းကြီးလို သန္တတိအမတ်လို ဘုရားဟောတဲ့ အချို့သော လူနဲ့လည်း သင့်လျှော်တဲ့ သိက္ခာပုဒ်များကို ကျင့်ကြံနေသော လူများဆိုရင်တော့ တမျိုးလို့ ပြောရမှာပေါ့။ ကျွန်တော် အထင်သေးလို့ ပြောတာ မဟုတ်ပါဘူး။ ဒီသိက္ခာပုဒ်ကို ဘုရားဟောခဲ့တာပဲ။ ဒီသိက္ခာပုဒ်မျိုးက ငါတို့ကျင့်လည်း ရတာပါပဲ။ ဆိုတဲ့လူပေါင်း ခုခေတ်မှာ ဘယ်ဘုန်းကြီးက ဘယ်သိက္ခာပုဒ်ကို ဘယ်လိုကျူးလွန်နေပါတယ်လို့ စွပ်စွဲကြတဲ့ လူတွေ အထူးသဖြင့် ဘလော့ဂါတွေမှာ ရဟန်းကျင့်တဲ့ သိက္ခာပုဒ်ထဲက ဘယ်နှစ်ပုဒ်ကိုများ ယူကျင့်ဖူးပါသလဲ။ ဒီကြားထဲ ဘုန်းကြီးတွေ ဘယ်လို ပျက်စီးနေကြောင်း ဘာသာရေးရေးတဲ့ အမျိုးသမီးလို့ ထင်ရတဲ့ ဘလော့ဂါ နှစ်ယောက်က ထရေးတော့ ကျွန်တော့်မှာ ငိုအားထက် ရယ်အားသန်။ စာတွေ သိပ်တတ်နေကြတာကိုး။ ကျမ်းတွေ သိပ်စုံနေကြတာကိုး။ ကျမ်းတွေဖတ်ရာမှာ ဒီကျမ်းဟာ စာတတ်ပေတတ် ဘုန်းကြီးတွေ လက်ခံလား မခံလား၊ သာသနာရေးက ပိုက်ဆံရလို့ ထုတ်ဝေခွင့်ပေးထားတာလား၊ ကျမ်းကြီးတွေနဲ့ တကယ်ညီရဲ့လား သိဖို့လိုပါတယ်။ ဆိုကြပါစို့။ ဒေါက်တာ မတင်ဝင်းတို့လို ဘုန်းကြီးတွေ ဘာသာပြန်မှားတယ်ထင်တယ်ဆိုပြီး အဇာတသတ်ရဲ့ မျက်လုံးကို ထိုးတာဟာ ဟတ္ထ-လှံ မဖြစ်နိုင်ဘူး။ ဟတ္ထ-အပ် ပဲဖြစ်မယ်ထင်တယ်ဆိုပြီး ပါဠိကိုတောင် ပြင်ရေးလိုက်တာမျိုးလေ။ နောက် စာအုပ်ကြီးကြီး ဈေးကြီးကြီးနဲ့ အတ္ထုပ္ပတ္တိစာအုပ် ၂ အုပ်ရေးထုတ်ထားတဲ့ ဘာသာရေးစာပေရေးသားသူ တစ်ယောက်ရဲ့ ကျမ်းဟာလည်း အမှားတွေ အများကြီးတွေ့ရတယ်။ ဘယ်နေ့ ဘယ်သူ စောဒနာမလဲတော့ မသိသေးဘူး။ စာရေးသူ မသေသေးလို့လား မသိဘူး။ ရေးရင်း ရေးရင်း ဒီပိုစ့်က ဘယ်တွေ ရောက်နေမှန်း မသိဘူး။
ဆိုပါစို့။ အဲလို ရဟန်းမျိုးကို လှူရင်လည်း သဒ္ဓါအား ပညာအား ညှိနိုင်ရင် ကုသိုလ်ရပါတယ်။ ရဟန်းတစ်ပါးဟာ အိမ်ကို ကြွနေကျ။ ကိုယ်ကလည်း လှူနေကျ။ ရဟန်းက ကိုယ်လှူထားတာကို မသင့်တော်တဲ့ နည်းတွေနဲ့ သုံးဖြုန်းနေတယ်။ ကောင်မလေးတွေကို ဟိုလိုက်ဝယ်ကျွေး၊ ဒီလိုက်ဝယ်ကျွေး။ လောင်းကစားလုပ်။ လက်ဘက်ရည်ဆိုင်မှာ ဟေလားဝါးလား လုပ်တယ်။ ဒါပေမယ့် လှူသူက စိတ်ပြတ်တယ်။ ဒီရဟန်း ဘယ်လိုပျက်ပျက် ဘာလုပ်လုပ် လှူရမှာမို့ လှူတယ်။ အဲဒီ အလှူက ဟိုဆရာတော်က နာမည်ကြီးတယ်။ အဲဒီရဟန်းကို ငါတို့ရဟန်းခံမယ်။ နှစ်ထောင့်ငါးရာခုနှစ်ဆယ့် ကိုးယောက်မြောက် ရဟန်းတကာပါဆိုပြီး အိမ်အလည်လာတဲ့ သူကို ခဏခဏ ထုတ်ပြောနေတဲ့၊ ဟိုဘက်အိမ်က ဘယ်လို အလှူလုပ်တာ၊ သင်းတို့ လှူတာလောက်ကတော့ ငါကသနားသေးတယ်ဆိုပြီး တုပြိုင် လှူတာထက် အကျိုးအများကြီးရပါတယ်။ လောဘအထောင်အသောင်း၊ ဒေါသအထောင်အသောင်း၊ မောဟအထောင်အသောင်းနဲ့ လုပ်တဲ့ အလှူထက် လောဘ၊ ဒေါသ၊ မောဟကင်းစွာ လှူတဲ့ အလှူက ကုသိုလ်ပိုရပါတယ်။ ဟင် လှူတာက ရဟန်းကို လှူတာချည်းပဲ ပြောနေတယ်။ ဒါကတော့ သံဃာဂုဏ်ကြောင့်ပါ။ သံဃာဂုဏ် ၉ ပါးကို သိကြပါတယ်နော်။ မသိလည်း အွန်လိုင်းမှာ ရှိမယ် ထင်ပါတယ်။ နောက်ဆုံးငါးပါးပေါ့။ အဓိကကတော့ နောက်ဆုံးကျတဲ့ ပုညခေတ္တံ ဆိုတဲ့ ဂုဏ်ပေါ့။ သင်္ကန်းကိုတောင်မှ လယ်ကွက်ပုံစံ ချုပ်ရတယ်လေ။ အဲ_ဒါနဲ့ ရဟန်းနဲ့ သံဃာ မတူဘူးနော်။ ရဟန်းဆိုတာက တစ်စုံတစ်ယောက်ကို ရည်ညွန်းတာ။ သံဃာဆိုတာ အုပ်စုကို ရည်ညွန်းတာ။ ရဟန်းကို လှူတာထက် သံဃာကို လှူတာက ပိုပြီးတော့လည်း အကျိုးကြီးပါတယ်။ ဘုရားကို လှူတာထက် ပိုအကျိုးကြီးပါတယ်။ အဟီး ကျွန်တော် အလှူအဒါန်းအကြောင်း ပြောနေတာ ဟုတ်တယ်နော်။ ဆောရီးပါ။ ဒီပိုစ့်ကို ဖတ်ပြီး မေ့လိုက်ကြပါ။ ကျွန်တော်နောက်တစ်ပုဒ်ကျရင် ကောင်းကောင်းမွန်မွန်တကယ် ရေးမှာပါ။ ကျွန်တော့် အတ္တနော မတိစစ်စစ်တွေ ဖြစ်ပါတယ်။ ကျမ်းနဲ့ ညှိလို့မရတဲ့ စကားလုံးများ ပါခဲ့ရင် ကျမ်းနဲ့တကွ ညွန်ကြားပေးကြပါ။