သူ့ကမ္မဝါနဲ့ ဖတ်မယ်၊ ငါ့ကမ္မဝါနဲ့ ဖတ်မယ်လို့ ငြင်းခုန်ကြရာကနေ စကားလုံးတွေက ဘာဖြစ်လာသလဲဆိုတော့ ဟိုကမ္မဝါနဲ့ ဖတ်ရင် ရဟန်းမဖြစ်ဘူး။ ဒီကမ္မဝါနဲ့ ဖတ်ရင် ရဟန်းမဖြစ်ဘူး ဆိုပြီးတော့ “မြန်မာနိုင်ငံမှာ ရဟန်းတကယ် ဖြစ်တဲ့ ရဟန်းတစ်ပါးမှ မရှိဘူး” အဆင့်ထိ ဖြစ်လာခဲ့ပါတယ်။ လူတွေရဲ့စိတ်တွေကလည်း တခါခါ ရယ်ရသား။ အဲဒီစကားကို ထောက်ပြီးတော့ အချို့အချို့ပုဂ္ဂိုလ်များဟာ “ငါ့ကို ကမ္မဝါဖတ်သူက ဘယ်သူ ဘယ်လို” စသဖြင့် ကိုယ့်ဘာသာကို စွဲချက်တင် ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပြီးတော့ နေချင်သလို နေတတ်ကြတဲ့ အဆင့်ထိ ရောက်လာခဲ့တယ်။ အဲ့ဒီ ပွဲမှာဘယ်လို ဆုံးဖြတ်ခဲ့တယ်ဆိုတာကိုတော့ မပြောတော့ပါဘူး။ နောက်ပိုင်းတော့ ပြဿနာကို သိပ်မကြာသေးတဲ့ ကာလက ပျံလွန်တော်မူသွားခဲ့တဲ့ ဓမ္မဗျူဟာ မဂ္ဂဇင်းက အမေးအဖြေကဏ္ဍကို တာဝန်ယူထားတဲ့ တည်တောဆရာတော်တို့ လက်ထက်ထိ ရောက်လာပြီး ပါဠိတော် အဋ္ဌကထာတွေနဲ့ ညှိခဲ့ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ နောက်ဆုံး ဘာအဖြေရလာသလဲဆိုတော့ ဘယ်ကမ္မဝါနဲ့ ဖတ်ဖတ် အသက် မပြည့်၊ ကမ္မဝါ ဖတ်စဉ် သိထိလ ဓနိထစသော အသံအင်္ဂါ(၁၀) ပါးနဲ့ မညီ စသဖြင့် ရဟန်း မဖြစ်နိုင်သော အကြောင်းအချက် များစွာနှင့် ရဟန်းတစ်ပါးဟာ ရဟန်း မဖြစ်ဘဲ ရဟန်းဘောင်ကို ရဟန်းအမှတ်နဲ့ ရောက်လာပြီဆိုကတည်းက ရဟန်းဖြစ်ကို ဖြစ်ပါတယ်။ “သာမဏသညာ” နဲ့ ရောက်လာခဲ့ပါတယ်။ ထိုရဟန်းသည် ရဟန်းမဟုတ်သော်လည်း ရဟန်းကျင့်ဝတ်ကို ဖြည့်ကျင့်ရပါတယ်။ ဆိုတော့ သီလမရှိသော ရဟန်းဆိုတာကို ရှာရတော်တော်ခက်သွားပါတယ်။ ဒါပေမယ့် ရဟန်းက “ရဟန်းအဖြစ်မှ ကျရှုံးနိုင်တဲ့ ပါရာဇိက (၄) ပါး” ကို ကျူးလွန်ထားပြီး သိက္ခာမကျသေးတဲ့ ရဟန်းလိုလို နေရင်တော့ တမျိုးပေါ့။ အဲ ပြောရဦးမယ်။ အဲလို ပါရာဇိကကျတယ်လို့ ယူဆရတဲ့ ရဟန်းကို အခြားသော ရဟန်းကြီးများက “လူထွက်တော့” လို့ မပြောရဲပါဘူး။ သာသနာရောင် တစ်ရောင် လျော့သွားမှာစိုးလို့ပါ။ သူဟာ သာသနာဖျက်နေတာ မဟုတ်ပါဘူး။ သူကနေမှ ဝန်မခံဘဲ ရဟန်းခံပေးမယ်ဆိုရင်လည်း ရဟန်းဖြစ်ပါတယ်။ လူတွေကို (၅) ပါး၊ (၁၀) ပါးသီလပေးမယ်ဆိုရင်လည်း သီလရပါတယ်။ ကိုရင်တွေကို ဥပဇ္ဈာယ်ပေးမယ်ဆိုရင်လည်း ဥပဇ္ဈာယ် ရပါတယ်။ တရားဟောလို့ တရားနာသူလည်း အကျိုးရနိုင်တယ်။ အပြစ်ကိုတော့ သူ့ဘာသာသူ ခံပေါ့။ ဝန်ခံရင်တော့ “ငါ့ရှင် ဘာလုပ်သင့်တယ်ဆိုတာ ငါ့ရှင်ဆုံးဖြတ်ပါ” လို့သာ ပြောပါတယ်။ အဲဒါကြောင့် သာသနာရေးမှာ အဆုံးအဖြတ် ခပ်ကြမ်းကြမ်းလေးပေးခဲ့တဲ့ ကိုယ်တော်ချောတစ်ယောက် … ဟဲဟဲ မပြောတော့ပါဘူး။ ထိုသာမဏသညာနဲ့ ရဟန်းဖြစ်ဖြစ်၊ ကမ္မဝါမှန်လို့ ရဟန်းဖြစ်ဖြစ် စောင့်ထိန်းအပ်သော သီလအချို့ကို ရည်ပြီး လှူဒါန်းမယ်ဆိုရင် လှူဒါန်းသူ၏ စိတ်စေတနာအရ အကျိုးပေးပါတယ်။
တချို့က ပြောတာ ရှိတယ်။ အဲဒီလို ဘုန်းကြီးပျက်၊ ရဟန်းယုတ်၊ သင်္ကန်းဝတ် သံဃာတု (ဘလော့ဂါတွေက အဲလိုပဲ ခေါ်ကြတာ မဟုတ်လား)၊ စသောသူတွေကို လှူရင် လှူတဲ့သူလည်း ငရဲကျ၊ အလှူခံလည်း ငရဲကျလို့ ပြောကြတာ ရှိပါတယ်။ အလှူခံဘက်ကတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ အလှူရှင်ဘက်ကတော့ စိတ်ချလက်ချ လှူနိုင်မယ်၊ သဒ္ဓါနဲ့ ပညာညှိပြီး လှူနိုင်မယ်ဆိုရင်ပေါ့။ သဒ္ဓါနဲ့ ပညာဆိုတာ ဘလော့ဂါတစ်ယောက်ကတော့ Grammer and Education လို့ ပြောပါတယ်။ သူတို့ အတွက် ဟုတ်ချင်လည်း ဟုတ်နေလိမ့်မပေါ့။ သိဘူးလေ။ ကျွန်တော် အားလုံး မျက်စိမှောက်နေတဲ့ အလှူတစ်ခုကို သာဓကပြပါ့မယ်။ ဝေဿန္တရာဟာ ဇာလီနှင့် ကဏှာစိန်ကို ဘယ်သူ့ကို လှူလိုက်တာပါလိမ့်။ စာဖတ်သူဟာ သားရှိသူ၊ သို့မဟုတ် သမီးရှိသူတစ်ယောက် ဖြစ်နေတယ် ဆိုပါစို့။ မရှိသေးရင်လည်း ရှိတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်ပါ။ သင့်သား သင့်သမီးကို ကိုယ့်ရှေ့မှာတင် ရိုက်နှက်ကန်ကျောက်မယ့် လူတစ်ယောက်ဆီကို ရေစက်ချ ယတိပြတ် လှူနိုင်ပါသလား။ ပေါ့ပေါ့လေး မတွေးပါနဲ့။ သင့်သား သင့်သမီးရဲ့ မျက်နှာလေးကို မြင်ယောင်ကြည့်လိုက်ပါ။ တီတီတာတာ ပြောတတ်စ၊ ဒါမှ မဟုတ် အခုမှ မူကြိုကနေ ပြန်လာပြီး ကျောင်းက သင်ပေးတာလေးကို သင့်ကို ဘယ်လိုပါ စသဖြင့် ပြန်ပြောနေတဲ့ သားသမီးလေးကိုပေါ့။ အလင်္ကာကျမ်းပြု ဆရာတော်တွေက သားနဲ့ သမီးကို ရိုက်နှက်နေသည် မြင်သောအခါ ဝေဿန္တရာမင်းသည် သင်္ခန်းတွင်းဝင်၍ လေးနှင့် မြှားကို ဆွဲလေ၏ ဆိုတဲ့ အဆိုဟာ စာဖြစ်ရုံမျှ အလင်္ကမြှောက်ရုံမျှ အဆိုသာ ဖြစ်ကြောင်းရှင်းလင်းချက်ကိုတော့ ဖတ်ဖူးကြမှာပါ။ ကျမ်းဂန် မလာပါဘူး။ စာရေးဆရာမ ဂျူးကတော့ ဒီလိုများလားလို့ တွေးဖူးတယ်။ သူက ဘာတွေးလည်းဆိုတော့ သူဟာ ဖခင်ဖြစ်နေလို့များလား တဲ့။ အဲလို ဆိုရင်လည်း သားတို့ကို ချစ်တဲ့ မိခင်ရဲ့ ချစ်ခြင်းမျိုးနဲ့ ချစ်ရသော သားသမီးကို လှူဖို့ ပေးပစ်ဖို့ စိတ်ကူးကြည့်ပေါ့။ ထားပါ။ အလဇ္ဇီရဟန်း အဲ… ပါဠိလိုပဲ ပြောကြပါစို့။ အလဇ္ဇီရဟန်းကို လှူတဲ့စိတ်က သန့်နေမယ်ဆိုရင် ဝေဿန္တရာရဲ့ ဇာလီနဲ့ ကဏှာစိန်အလှူလို ပါရမီ မြှောက်ကောင်း မြှောက်သွားနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ဘဲ မျှော်ကိုးမှုတစ်ခုခုပါခဲ့မယ်ဆိုရင် ဘယ်လိုပုဂ္ဂိုလ်မျိုးကို သွားလှူလှူ သဲထဲရေသွန်ပါပဲ။ ဟုတ်ပါတယ်။ အလှူမှာ တုပြိုင်လိုမှု၊ နာမည်ရလိုမှု၊ အောင်မြင်လိုမှု၊ ထင်ရှားလိုမှု၊ အနိုင်ယူလိုမှု၊ ကြွားဝါလိုမှု၊ ထင်ပေါ်လိုမှုစသဖြင့် တစ်ခုခုပါခဲ့မယ်ဆိုရင် အလှူဟာ သဲထဲ ရေသွန်ပါပဲ။ ညောင်ပင်လောက်လှူမှ ညောင်စေ့လောက် ရမယ့်အလှူပေါ့။
ယာဒိသီ ဝပတေ ဗီဇံ
တာဒိသံ ဟရတေ ဖလံ။ ကိုယ်စိုက်ပျိုးသလိုသာ ကိုယ်ရိတ်သိမ်းရတယ် လို့ဆိုတဲ့ ဘုရားဟော ပါဠိတော်အတိုင်း ကိုယ်စိုက်ပျိုးတာပဲ ကိုယ်ရပါလိမ့်မယ်။ တုပြိုင်လိုရင် တုပြိုင်တာပဲ ဖြစ်လိမ့်မယ်။ နာမည်ရလိုရင် နာမည်ရလိမ့်မယ်။ ဒါပေမယ့် ကုန်ပြီ။ လှူထားသမျှ အကျိုးက အဲဒီမှာပဲ။ မဂ်ဖိုလ် နိဗ္ဗာန် ရရပါလို၏လို့ ဆုတောင်းပြလည်း ဆုတောင်းရုံပဲ ဖြစ်လိမ့်မယ်။ ဘယ်ကနေ ဘယ်လို ဖြစ်သွားလဲ မသိဘူး။ ဒီပိုစ့် ရည်ရွယ်ရင်းက တခြား ရေးဖြစ်နေတာက တခြား။ အပိုင်းသုံးကျရင်တော့ ကောင်းတာလေး ရေးဖြစ်လိမ့်မယ် ထင်ပါတယ်။ ရဟန်းသံဃာနဲ့ ပြောရရင် ကောင်းတဲ့ သာရိပုတ္တရာတို့ ရှိသလို မကောင်းတဲ့ ဆဗ္ဗဂ္ဂီတို့ ဘာတို့လည်း ရှိသေးသကိုး။ သမ္မုတိသံဃာတွေ ပရမတ်သံဃာတွေလည်း ရှိသေးသကိုး။ ဒီ ပိုစ့်ကို ရေးသာ ရေးရတာ အတ္တနော မတိတွေက ခပ်များများ ဖြစ်နေမယ် ထင်ပါတယ်။ အကယ်၍ ရဟန်းတစ်ပါးပါးက ဝင်ရောက် ဖတ်ရှုတဲ့အခါ မှားနေတာတွေ့ရင် မှားနေတဲ့ အချက်အလက်တွေ့ရင် ပြောပေါ့ဗျာ။ comment တော့ ဖွင့်မထားပါဘူး။ စာမဖတ်ဘဲ နေ့စဉ် စကားလုံး မျိုးစုံနဲ့ လာလာဆဲနေတဲ့ တစ်စုံတစ်ယောက်အတွက် ပိတ်ထားရပါတယ်။ ၁၁ လပိုင်း ၂၀၁၀ ကနေ ၂၀၁၁ ဖေဖော်ဝါရီလထိ နေ့တိုင်း စိတ်ရှည်လက်ရှည် လာလာဆဲနေလို့ မပိတ်မဖြစ် ပိတ်လိုက်ရတာပါ။ Facebook ကနေ မန့်မယ်ဆိုရင်တော့ ရပါတယ်။ အကောင့်သစ်ဖွင့်ပြီးတော့ ပြောပေါ့ဗျာ။ ကျွန်တော့်ရန်သူများအကြောင်းကိုတော့ ကျွန်တော့်ရဲ့ http://jjqqyy.myanmarfriendsday.net မှာ ရေးထားပါတယ်။ ဖတ်လိုက ဖတ်နိုင်ပါတယ်။ သာသနာဖျက်ဆိုတဲ့ ဝေါဟာရနဲ့ ပတ်သက်လို့ မရှင်းဖြစ်သေးပါလား။ နောက်ပိုစ့်မှပေါ့။
အပိုင်း သုံးကိုမျှော် ဘာညာရေးရဦးမလား
Your article helped me a lot, is there any more related content? Thanks!