တနေ့တော့ ခြေဆော့ရင်း ကွန်အော်ဆိုတဲ့ ကျွန်းဆီကို အလည်ရောက်ခဲ့တယ်။ အဲ့ဒီမှာ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိတဲ့ SEMS (လောကသာရကျောင်းများ) အဖွဲ့ရဲ့ တနိုင်ငံလုံး အဝန်းရှိ ဘ/က ကျောင်းက ဆရာ ဆရာမတွေကို သင်တန်းပေးနေတာနဲ့ ဆုံခဲ့တယ်။ သင်တန်းကို ဦးဆောင်ကြတဲ့ ဆရာမတွေထဲက အဲမွန်က ၂၁ ရက်နေ့ကျရင် တဖွဲ့လုံး ကိုယ့်ဆီ မနက်စာလာစားကြမယ်လို့ ဆိုတယ်။ ခဲယဉ်းတဲ့ကိစ္စလည်း မဟုတ်တဲ့အတွက် လာစေသတည်းလို့ ပြောခဲ့တယ်။ အဲလိုနဲ့ ၂၁ ရက်ရောက်တော့ သူတို့ ရောက်လာတယ်။ မနက်စာ ရှမ်းခေါက်ဆွဲစားကြရင်း သူတို့ညီအစ်မက စာအုပ်အသစ်ပါတယ်။ ယူမလားတဲ့။ ယူတာပေါ့။ အလကားရတာကြီးကိုးလို့။ ဒါနဲ့ သာလာယံစာအုပ်တိုက်ကနေ ထုတ်တဲ့ စာအုပ်အသစ်နှစ်အုပ်ရယ် တက်တိုးဘာသာပြန်တဲ့ ဆရာမဘဝဆိုတဲ့ စာအုပ်ရယ် ကိုတာရဲ့ ငြိမ်းချမ်းစွာနေသူများဆိုတဲ့ စာအုပ်ရယ်ကို ပေးခဲ့တယ်။ စာအုပ်အသစ်နှစ်အုပ်က ဇတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ်နဲ့ ဝက်ဝံမဟုတ်တဲ့ ဝက်ဝံကြီးဆိုတဲ့ စာအုပ်။ ခါတိုင်း သည်လိုစာအုပ်မျိုးကို အလွယ်တကူ ဖတ်ခွင့်ရနေကျ။ ခုတော့ မလွယ်တော့ဘူး။ သူတို့သာ မလာခဲ့ရင် သည်စာအုပ်မျိုး ရှိမှန်းတောင် သိတော့မှာ မဟုတ်ဘူး။ တောင်ကြီးမှာ ရှိတဲ့ မီလျံနာကိုလည်း မရောက်ဖြစ်တာ ကြာပြီ။ မီလျံနာရောက်ရင် ကိုယ်က ရီဗျူးဖတ်ထားတဲ့ စာအုပ်တစ်အုပ်မေး။ အဲ စာအုပ်ကို ဝယ်ပြန်လာခဲ့။ အဲလိုပဲ လုပ်ချင်တာ။ ဒါပေမယ့် ဝန်ထမ်းလေးတွေက ကိုယ်ဘာမေးမေး မထွက်သေးဘူးနဲ့ ကုန်သွားပြီနှစ်ခွန်းလောက်ပဲ ဖြေဖြေတတ်တော့ နောက်ပိုင်း မသွားဖြစ်တော့ဘူး။
ကိုယ်က စာဖတ်ပျင်းတယ်။ စာအုပ်တစ်အုပ်ကို နှစ်ခါ သုံးခါဖတ်တာဆိုလို့ တက်ကျမ်းလိုလို မြသန်းတင့် စာအုပ်တစ်အုပ်နဲ့ မြတ်ငြိမ်းဘာသာပြန်တဲ့ စာအုပ်တစ်အုပ်၊ ပြီးတော့ ကျော်ဝင်းရဲ့ စာအုပ်တစ်အုပ်နဲ့ ဆရာမဂျူးရဲ့ စာအုပ်တစ်အုပ်ပဲ ရှိတယ်။ ဘာသာရေးစာအုပ်ဆိုရင်တော့ တောင်မြို့ဆရာတော်ရဲ့ ပဋ္ဌာန်းနဲ့ ဦးရွှေအောင်ရဲ့ ဓမ္မပဒပဲရှိတယ်။ ကျန်တာတွေက နှစ်ခါပြန်ဖတ်ရရင် သိနေသလိုလိုတွေ ဖြစ်တာနဲ့ ကျော်ကျော်ဖတ်မိတယ်။ ကျော်လည်းဖတ်ရော အဆက်ကပြတ်ရော။ အဆက်ပြတ်တော့ ပျင်းလာရော။ ဒါနဲ့ သိမ်းထားသင့်တယ်။ ပြန်ဖတ်သင့်တယ်ဆိုတဲ့ စာအုပ်တွေလည်း မဖတ်ဖြစ်ပါဘူး။
ရလာတဲ့ စာအုပ်နှစ်အုပ်ထဲက တစ်အုပ်ကို အပြင်ဘက်က ကြည့်ရင်း ဟိုဟိုဒီဒီစဉ်းစားကြည့်တယ်။ ဇာတ်ကြောင်းတစ်ခုတည်းရဲ့ အန္တရာယ်ဆိုတဲ့ စာအုပ်။ ဒီစာအုပ်ကို ဆရာရေးဆရာ သုံးယောက်က ရေးထားတယ်။ ဂျူးရယ်၊ ကိုတာရယ်နှင့် မောင်မြင့်ဇော်ရယ်။ စီစဉ်သူက ဘာလို့ ဂျူးကို ရှေ့ဆုံးထားတာလဲ မသိဘူး။ Gender မခွဲခြားပါဘူးလို့ ပြချင်လို့လား။ နာမည်ပိုကြီးလို့လား။ မတော်တဆလား။ ကိုတာနဲ့ဆို တခြားအရာတွေက တူတဲ့အချက်တွေ တော်တော်များတယ်။ ဒါနဲ့ အိမ်ထောင် မပြုသေးလို့များလား။ အရေးတော့ မပါပါဘူး။ စာအုပ်ရဲ့ အနှစ်သာရနဲ့လည်း မဆိုင်ပါဘူး။ ဂျူးကို ရှေ့ဆုံးထားတာကို အပြစ်တင်တာလဲ မဟုတ်ပါဘူး။ သူတို့ စဉ်းစားတုန်းက ဘယ်လိုများ စဉ်းစားခဲ့ကြလဲဆိုပြီး လိုက်စဉ်းစားကြည့်တာပါ။ နောက်တချက် သတိထားမိတာက သာလာယံ စာအုပ်တိုက်ဆိုတာပါပဲ။ ဒါနဲ့များ ဘာလို့ သာလာယံဝက်ဆိုက်မှာ ဘာလို့ review တက်မလာသလဲဆိုတာကိုလည်း စဉ်းစားမိပြန်တယ်။ နောက်တစ်ခုက ဒီစာအုပ်ဟာ သာသည့်မြေအဖွဲ့အစည်းရဲ့ ခွဲခြားဆက်ဆံမှု ပပျောက်ရေး အစီအစဉ် ဆိုတဲ့အကြောင်းအရာကနေ ပေါ်ပေါက်လာခဲ့တဲ့ အကြောင်းလေး။ ခွဲခြားဆက်ဆံမှုက ဘယ်သူနဲ့ ဘယ်သူတို့ရဲ့ ခွဲခြားဆက်ဆံမှုလဲ။ ကိုယ်မှ မသိတာကို။ မသိတာဆိုမှတော့ ဗြဲလရမ်းစဉ်းစားရတာပေါ့။ ဒါက အပြင်ပန်းကို ကြည့်မိတာ။
စာအုပ်နာမည်ဟာ တကယ်တော့ နိုင်ဂျီးရီးယားဆရာမ တယောက်ရဲ့ နာမည်ကြီး ဟောပြောချက်ကို ဘာသာပြန်ထားတဲ့ ဆရာမဂျူး ဆောင်းပါးနာမည်ပဲ။ ဒါကြောင့် ဂျူးကို ရှေ့ဆုံးထားတာ ဖြစ်ရမယ်။ သူ့ဆောင်းပါးကို ဖတ်လိုက်တော့ တစ်ခါက နောင်တောင်းပရဟိတကျောင်းတိုက်ကို ပွင့်လင်းအဖွဲ့အစည်းရောက်လာတုန်းက ကိုမင်းကိုနိုင်ဟာ “လူတယောက်တိုင်းမှာ လူမျိုးတမျိုးတိုင်းမှာ ပုံရိပ်တစ်ခု အမြဲတမ်းရှိတယ်၊ မင်းကိုနိုင်လို့ ပြောလိုက်တာနဲ့ ဘယ်ပုံရိပ်ကို ပြေးမြင်သလဲ။ ပအိုဝ်းလို့ပြောတာနဲ့ ဘယ်ပုံရိပ်ကို ပြေးမြင်စေချင်လဲ” ဆိုပြီး ပြောခဲ့ဖူးတယ်။ အဲဒီကတည်းက ပုံရိပ်ဆိုတဲ့ စကားလုံးကို အတော်ကြာ စဉ်းစားမိတယ်။ ကျွန်တော်တို့ဟာ လူတယောက်ကို ပုံရိပ်တစ်ခုနဲ့ ကပ်စဉ်းစားတတ်ကြတယ်။ လူမျိုးတစ်မျိုးကို ပုံရိပ်တစ်ခုနဲ့ ကပ်စဉ်းစားကြတယ်။ ဂျူးဘာသာပြန်တဲ့ ဇာတ်ကြောင်းတစ်မျိုးတည်းရဲ့ အန္တရာယ်ထဲက အကြောင်းအရာဟာ ကိုမင်းကိုနိုင်ပြောတဲ့ ပုံရိပ်နဲ့ ခပ်ဆင်ဆင်ပဲ။ ဆရာမဂျူး ဘာသာပြန်တဲ့ အကြောင်းအရာထဲကအတိုင်း အဖရိကလူမျိုးလို့ပြောတာနဲ့ ဆင်းရဲတယ်။ ငတ်မွတ်တယ်။ AIDS ရောဂါရနေတယ်။ မက္ကဆီကန်လို့ ပြောတာနဲ့ အမေရိကန်ဘက်ကို ခိုးဝင်နေတဲ့ လူမျိုးလို့ မြင်တယ်။ ကျွန်တော်တို့ဟာ လူတယောက် လူမျိုးတမျိုး နေရာဒေသတစ်ခုအပေါ် အမြဲအဲလိုစဉ်းစားတယ်။ တပည့်မလေးတယောက်က သူထင်ထားတာ သူပြောဖူးတယ်။ ရေတံခွန်လို့ပြောတာနဲ့ ဓာတ်ပုံတွေထဲကလို အမြတမ်း စိမ်းလန်းစိုပြေပြီး လူတွေစည်ကားနေမယ်။ အမှိုက်သရိုက်လည်း မရှိဘူး။ ရောက်လိုက်တာနဲ့ စိတ်ချမ်းသာသွားမယ်။ ပုဂံဆိုတာနဲ့ ဓာတ်ပုံထဲက မြင်နေကျအတိုင်း လူသူကင်းမဲ့ပြီး ခြောက်ကပ်နေမယ်။ ပူလောင်နေမယ်လို့ထင်ခဲ့တာချည်းပဲတဲ့။ ဒါပေမယ့် ဓာတ်ပုံထဲကရယ် အထင်ရယ် အမြင်ရယ်ဟာ အမြဲကွဲပြားခဲ့တာချည်းပဲလို့ သူပြောတယ်။ ဆရာမဂျူးရဲ့ သည်ဆောင်းပါးက ဒါကိုညွှန်းတယ်။ လူတယောက် လူမျိုးတမျိုး အကြောင်းအရာ တစ်ခုအပေါ် ကိုယ်သိထားတဲ့ ပုံရိပ်တစ်ခု သို့တည်းမဟုတ် ဇာတ်ကြောင်းတစ်ခုတည်းနဲ့ စဉ်းစားမယ်ဆိုရင် ဆက်ဆံရေးတွေ ကသိကအောက်ဖြစ်ပြီး တယောက်နဲ့တယောက် လူမျိုးတမျိုးနဲ့ တမျိုး မယုံမကြည်ဖြစ်မယ်။ အဲဒီကနေ ငြိမ်းချမ်းရေးတွေ ဆုံးရှုံးမယ်လို့ ဆိုထားပါတယ်။ ကျွန်တော် ဒီလိုပြောတာထက် ဆရာမဂျူးဘာသာပြန်တဲ့ နိုင်ဂျီးရီးယားဆရာမ Chimamanda Adichie ရဲ့ ဟောပြောချက်ကို ဖတ်ရင် ပိုပြီး ပိုမိုပြည့်စုံစွာ သိရမှာပါ။
ဒီဆောင်းပါးကို ဖတ်အပြီးမှာ စာအုပ်စီစဉ်သူတွေရဲ့ စေတနာနဲ့ ဉာဏ်ကစားထားတဲ့ တုန်လှုပ်ချောက်ချားဖွယ်နဲ့ မေးခွန်းတွေကို တွေ့ရမှာ ဖြစ်ပါတယ်။ မေးခွန်းတွေ ကြည့်ကြပါစို့။
၁။ စာရေးသူပြောတဲ့ “တစ်မျိုးတည်းသော ဇာတ်ကြောင်း” ဆိုတာရဲ့ အနက်အဓိပ္ပါယ်ကို ဘယ်လိုမျိုး ဆင်ခြင်မိသလဲ။
၂။ တစ်မျိုးတည်းသော ဇာတ်ကြောင်းဟာ အန္တရာယ်ရှိတယ်လို့ စာရေးသူက ဘာကြောင့်ပြောရတာလဲ။
၃။ ကိုယ့်မှာရှိတဲ့ တစ်ဖက်သတ် နားလည်မှုတွေ (တစ်နည်းအားဖြင့်) ဇာတ်ကြောင်းတမျိုးတည်းကိုပဲ သိပြီး အဲဒါကို ဆုပ်ကိုင်ထားမိတာတွေက ဘာတွေဖြစ်မလဲ။
၄။ ကိုယ့်အကြောင်းကို တခြားသူတွေက ပြောကြရင် တစ်ခုတည်းသော ဇာတ်ကြောင်းအမြင်ဘက်ကပဲ ပြောကြတာမျိုးတွေ ရှိသလား။
၅။ တစ်ခုတည်းသော ဇာတ်ကြောင်းကိုပဲ သိနေကြတဲ့ အခြေအနေတွေကနေ လွန်မြောက်နိုင်အောင် ဘာတွေ လုပ်ကြရမလဲ။
ဆိုတဲ့ မေးခွန်း (၅) ခုကိုတွေ့ရမှာ ဖြစ်ပါတယ်။ နံပါတ် (၁) နဲ့ နံပါတ် (၂) ကို ဆောင်းပါးဖတ်ရင်း အဖြေရနိုင်တယ်။ နံပါတ် (၃) နဲ့ နံပါတ် (၄) ကိုဖတ်ကြည့်လိုက်တဲ့အခါမှာတော့ တုန်လှုပ်ချောက်ချားသွားရပါတယ်။ ဒီမေးခွန်းတွေကို ဖတ်ရင်း ကိုယ့်ကိုယ်ကို အပြန်ပြန်အလှန်လှန် စဉ်းစားတယ်။ ပြီးတော့ နံပါတ် (၅) မေးခွန်းကို စိတ်ထဲကနေ စဉ်းစားတယ်။ အဖြေက အများကြီးထွက်တယ်။ ငါတို့ မိသားစု ပုံပြင်တွေ။ ငါတို့ ပတ်ဝန်းကျင်က ရယ်စရာလုပ်ပြီး ပြောဖြစ်ကြတဲ့ အကြောင်းတွေ။ ငါတို့ သင်နေတဲ့ စာတွေ။ ငါတို့ဟောနေတဲ့တရားတွေကို ငါတို့ စေ့စပ်ဆင်ခြင်သင့်တယ်လို့။
ဒီလိုနဲ့ နောက်ဆောင်းပါးတစ်ပုဒ်ကို ဆက်ဖတ်တော့ – ကျွန်တော်ရင်ဆိုင်နေရတဲ့ ပြဿနာနဲ့ ကျွန်တော့်ဘေးပတ်ဝန်းကျင်မှာ ကျွန်တော်တွေ့နေရတဲ့ အခက်အခဲကြီးကို ရေးပြထားတာ သွားတွေ့ရတယ်။ ဆောင်းပါးက မောင်မြင့်ဇော်ရဲ့ဆောင်းပါး။ နာမည်က “ဖြစ်တည်မှုတစ်ခု ပေါင်းစပ်မှု အသွယ်သွယ်”။ ပြင်သစ်မှာ အခြေစိုက်ဖြစ်တဲ့ လက်ဘနွန်သားကို ဘာလူမျိုးလဲဆိုတဲ့ မေးခွန်းနဲ့အတူ ဘာလို့ ပြင်သစ်စကားမတတ်တာလဲ ဆိုတဲ့ မေးခွန်း။ ဒီဆောင်းပါးက ကျွန်တော်နဲ့ တိုက်ဆိုင်တယ်။ ကျွန်တော်ရင်ဆိုင်နေရတာက ကျွန်တော်ဟာ မမှန်ဘူး။ မှားနေတဲ့ သူအဖြစ် သတ်မှတ်ခံရတဲ့ ကိစ္စပဲ။ အဖေဟာ ဓနုလူမျိုးဖြစ်တယ်။ ပအိုဝ်းတွေကြားမှာ ကြီးတယ်။ အမေဟာ ပအိုဝ်းဖြစ်တယ်။ ဓနုလူမျိုးကြားမှာ ကြီးတယ်။ ကျွန်တော့်ကို ဓနုတွေအများဆုံးနေထိုင်တဲ့ ရွာမှာ မွေးတယ်။ ပအိုဝ်းစကား မပြောတတ်ဘူး။ ဒါနဲ့ပဲ ကိုယ်ဟာ သစ္စာဖောက်လိုလို ဖြစ်ခဲ့ရတယ်။ ကျွန်တော်မြင်နေရတဲ့ ကျွန်တော့် ဘေးပတ်ဝန်းကျင်မှာလည်း မတူတဲ့ လူမျိုးချင်း ချစ်မိ ကြိုက်မိလို့ လက်ထပ်ထားကြပြီးနောက် ရလာတဲ့ သားသမီးတွေ မိဘရဲ့ ဘာသာစကားကို မတတ်ခြင်းကြောင့် ဘေးတွန်းပို့ခံကြရတဲ့ သူတွေ အများကြီးပဲ။ ဒီတော့ သင်က ကပြားလား။ ဒီဆောင်းပါးလေးဖတ်ကြည့်။ မိဘက ဘာသာစကားတမျိုးမျိုးကို တတ်ကြ ပြောကြပေမယ့် သင်က မိဘရဲ့ ဘာသာစကားကို မတတ်ဘူးလား။ ဒီဆောင်းပါးကို ဖတ်ကြည့်။ သို့တည်းမဟုတ် မိခင်ဘာသာစကား မတတ်တော့သူကို သင်တမျိုးမြင်နေလား။ ဒီဆောင်းပါးကို ဖတ်ကြည့်။
ဒီဆောင်းပါးမှာလည်း ဆင်ခြင်ရန်မေးခွန်းများ သုံးခုပါလာတယ်။ မေးခွန်းသုံးခုထဲက နံပါတ် (၁) ကို ကိုယ်က ဖြေပြီးပြီလို့ထင်ပါတယ်။ နံပါတ် (၂) နဲ့ နံပါတ် (၃) မေးခွန်းကတော့ ဖိအားအတော်ပေးတဲ့ ဖိအားမေးခွန်း ဖြစ်ပါတယ်။ ဆောင်းပါးကို ဖတ်ကြည့်ပါ။ ပြီးရင် မေးခွန်းကို ဖြေကြည့်ပါ။
နောက်ပိုင်းမှာတော့ စာရေးဆရာကိုတာရဲ့ “ကေဒါ ဘာကြောင့်သေရတယ်”၊ “ကျေးဇူးပြုပြီးတော့ဗျာ ကျွန်တော့်ကို ကျွန်တော့်နာမည်အမှန်တွေနဲ့ ခေါ်ကြပါ”၊ “လူ၏ အမှတ်လက္ခဏာများ (ဝါ) မြားမြောင်သော အိုင်ဒဲန်တတီများ” ဆိုတဲ့ ဆောင်းပါး သုံးပုဒ်ပါပါတယ်။ စာရေးဆရာကိုတာရဲ့ ဆောင်းပါးကတော့ ညွှန်းစရာ မလိုလောက်အောင် ပြည့်စုံပြီးသားပါ။ ဒါပေမယ့် “ကေဒါ ဘာကြောင့်သေရတယ်” ဆိုတဲ့ ဆောင်းပါးကိုတော့ ကျွန်တော်တို့အားလုံး အကြိမ်ကြိမ် အလီလီ ဖတ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။
လက်ဆောင်ရတဲ့ နောက်စာအုပ်တစ်အုပ်က ကာတွန်းစာအုပ်လေးပါ။ ကာတွန်းစာအုပ်ဆိုပေမယ့် ကာတွန်းတွေနဲ့ ပုံဖော်ထားတာလောက်ပါ။ စာအုပ်နာမည်က ဝက်ဝံမဟုတ်တဲ့ ဝက်ဝံကြီးတဲ့။ စာအုပ်နာမည်ရဲ့အောက်မှာ မောင်မြင့်ဇော် ပြန်လည်တင်ပြသည်လို့ပါတယ်။ ဆိုတော့ ဘာသာပြန်ထားတယ်ဆိုတဲ့ သဘော။ သူလည်း သာလာယံစာအုပ်တိုက်က ထုတ်တာပါပဲ။ ဇာတ်လမ်းနှစ်ပုဒ်ပါတယ်။ စာအုပ်ခေါင်းစီးနဲ့ ဝက်ဝံမဟုတ်တဲ့ ဝက်ဝံကြီး ဇာတ်လမ်းအကျဉ်းကတော့ ဝက်ဝံကြီးတကောင်ဟာ ဆောင်းရောက်တော့ တောထဲက ဂူတစ်ခုမှာ ဆောင်းခိုတယ်။ သူဆောင်းခိုနေချိန် သူဂူပေါ်မှာ လူတွေ သစ်ခုတ် တောရှင်း စက်ရုံဆောက်လုပ်တယ်။ ဝက်ဝံကြီးနိုးလာတော့ သူလုံးဝမသိတဲ့ ဝန်းကျင်ကိုပဲ တွေ့လိုက်ရတယ်။ အဲဒီထဲကို သူကြောင်အအနဲ့ မဝံ့မရဲတိုးဝင်တော့ သူ့ကို ဘယ်သူလဲလို့မေးတယ်။ သူက ဝက်ဝံကြီးလို့ဖြေတယ်။ ဒါပေမယ့် အားလုံးက သူဟာ ဝက်ဝံကြီးမဟုတ်ပါဘူးလို့ တညီတညွတ်တည်း ဝိုင်းပြောတယ်။ ဝက်ဝံကြီးတကောင် ဝက်ဝံဖြစ်လျက်ကယ်နဲ့ ဝက်ဝံမဟုတ်ဘူးလို့ ဝိုင်းပြောခံရတဲ့ ဝန်းကျင်မှာ ဝက်ဝံကြီး ဘယ်လိုနေထိုင်ခဲ့ရသလဲ။ ဒီကာတွန်းလေးက လက်ရှိကျွန်တော်တို့ လူမှုဝန်းကျင်ကို လှစ်ဟပြလိုက်တယ်။ ကျွန်တော်တို့ အားလုံး ဝက်ဝံမဟုတ်တဲ့ ဝက်ဝံကြီး ဖြစ်နေရပုံကို ထင်းထင်းလင်းလင်းကြီး ရေးပြထားတယ်။ နောက်တစ်ပုဒ်က ရန်သူပါ။ စစ်ပွဲထဲမှာ ကျန်ခဲ့တဲ့ စစ်သားနှစ်ယောက်ရဲ့ စစ်တိုက်ခန်းကို ရေးပြထားပါတယ်။ ဒီစာအုပ်မှာလည်း အရင်စာအုပ်လို စဉ်းစားဆင်ခြင်ရန် မေးခွန်းများပါပါတယ်။
စာအုပ်နှစ်အုပ်က ဆက်စပ်မှု ရှိတယ်။ လက်ဆောင်ရရင်လည်း နှစ်အုပ်လုံး တောင်းမှ ဖြစ်မယ်။ ဝယ်ဖတ်မယ်ဆိုရင်တော့ နှစ်အုပ်လုံးကို ဝယ်ရင် ပိုသင့်တော်မယ်။ ဝယ်မယ်ဆိုရင် သာလာယံစာအုပ်တိုက်ကို မှာလို့ရပါတယ်။ သူ့ဝက်ဆိုက်မှာလည်း မှာရင် ရမယ်ထင်ပါတယ်။ ဖုန်းနံပါတ်တစ်ခုပါတယ်။ 09 4500 655 15 တဲ့။
ကဲဗျာ။ ကျွန်တော်ရေးတဲ့ စာလေးကို ဖတ်ပြီးရင် ကျွန်တော့်စာရဲ့ ခေါင်းစီးလေးကို ပြန်ဆင်ခြင်တော်မူကြပါလို့။