ဒီနေ့နဲ့ပတ်သက်လို့အွန်လိုင်းပေါ် အီးလိုရော ဘားမစ်လိုပါ Googling ကြည့်တော့ ပုံမှာပါတဲ့ အဝိုင်းလေးတစ်ခုပဲကျန်တာနဲ့အောက်ဖ့်လိုင်းမှာလောင်တောင် မရှိတော့တာလား အောက်ဖ့်လိုင်းမှာ အဲသည်ထက် ဆိုးသွားလေပြီလားဆိုပြီးရယ်တော့တောမရောက် တောင်မရောက် မတွေးဖြစ်တာလေးကို ချရေးဖြစ်တယ်။ ခုတလော ရေးချင်တဲ့ စာတွေက ရေးရင်းတဝက်တပျက်မှာပဲ Stop sign နဲ့တွေ့တွေ့နေရလို့။ တခါခါတော့လည်း ပျံသန်းဖို့နေနေသာသာ တကျိကျိမြည်တဲ့ အသံလေးတောင် ထွက်မလာတာနဲ့ ဘာသာပဲ stopsign ပြလိုက်ရတာများလို့အကြောင်းဖန်တာနဲ့ အားမပါ ဆားမပါ ရေးကြည့်ဖြစ်တယ်။ မရောက်ဘဲနဲ့ သွားခဲ့တဲ့ခရီးဟာ ခရီးမမယ်ခင်မှာပဲသားလျောခဲ့ပေါ့လေ။ အတူလုပ်ခဲ့ကြတဲ့ သူငယ်ချင်းတွေပြောဆို ဆွေးနွေးတိုင်ပင်ခဲ့ဖူးသလိုတနေ့များတော့ သူတို့စုံစမ်းရင် လင်းလက်တို့ နှင်းစက်တို့ ဝေလင်းစောတို့ ထွက်ကျလာရင်လည်း ထွက်ကျလာပေမပေါ့။ခက်တာက ကိုယ့် Facebook Wall မှာ year ago ဆိုတဲ့ memorable တွေက ခုအချိန်ဆို တက်တက်လာတာပဲ။ ၉၀ ရာခိုင်နှုန်းလောက်မရင်းနှီးတော့ပေမယ့် တခါက ရိုးသားစွာ ခင်မင်ခဲ့တဲ့ သူတွေပြန်ကြည့်ရင်း “ဪ သူတို့တွေဘာများလုပ်နေကြပါလိမ့်” လို့ အမယ်ဘုတ်ရဲ့ ချည်ငင်ဖြစ်အောင်လုပ်ပြီး ဆွဲကြည့်မိတာလေးတော့ရှိတာပေါ့။
ကိုယ့်က ခုထိ Facebook Account Name ရဲ့ Nickname နေရာမှာ Myanmarfriendsday ဆိုပြီးထည့်ထားမိသေးတယ်။ ဒါက ၂၀ ရာစုအလွန် လေးငါးနှစ်အတွင်းက စိတ်ကူးတွေဖြစ်သွားခဲ့ပြီ။ သည်ခေတ်မှာ အရာအားလုံးဟာ အရှိန်တစ်ခုနဲ့ သွားနေပါတယ်။ အတွေးတစ်ခု အဖြစ်အပျက်တစ်ခုဟာ ဆယ်စုနှစ်တစ်ခုအတွင်း အလွယ်ကလေး ပျောက်ပျက်သွားနိုင်တဲ့ အနေအထားမျိုးကို ခေတ်က ခုတ်မောင်းသွားလိုက်ပါပြီ။ တလောက မြောက်ဝင်ရိုးစွန်းက ပျောက်ကွယ်တော့မယ့် လူမျိုးစုတစ်စုအကြောင်း သူများ ဘာသာြပန်ပြီး တင်ပြလာလို့ Youtube မှာ ရှု့လိုက်ရတယ်။ ကျွန်တော့်ရွာနဲ့ ကျွန်တော့်ရွာအနီးမှာ ရှိတဲ့ရွာက ဓနော့လူမျိုးဆိုရင်လည်း ဘယ်နေ့ ပျောက်ကွယ်မယ်မသိဘူး။ ဘာလို့ဆို သူတို့ကလေးတွေ တယောက်မှ ဓနော့စကားမတတ်တော့ကြတာကိုး။ ၂၀ ရာစုနောင်းပိုင်းကာလတွေမှာ စာအုပ်တွေ တသီတတန်းကြီးထွက်ခဲ့တဲ့ Paradigm Shift ဆိုတာကြီးက အခုထိ တိုက်စားနေတုန်းဖြစ်မယ်။ လှိုင်းတွေကလည်း ဆဋ္ဌလှိုင်းတွေရောက်ပြီလား မသိဘူး။ လှိုင်းချင်တိုင်း လှိုင်းရင်း စတုတ္ထလှိုင်းဆိုတာကြီးနောက် ဘယ်စာအုပ်မှကို မလှိုင်းဖြစ်တော့ဘူးဆိုတော့လေ။ ပြီးတော့ စာအုပ်ဆိုင်ကို ဘယ်ဘက်လှည့်မှန်း မသိတော့တဲ့အထိ စာအုပ်တွေ ဖတ်ဖို့ အဆင်မပြေဖြစ်လာတာကြာပြီ။ မြန်မာသူငယ်ချင်းများနေ့ကို အစပျိုးဖို့ ဖြစ်ခဲ့တဲ့ ဆရာကောင်းသန့်ရဲ့ The Best English Magazine တောင် ထွက်နေသေးလား ရပ်လိုက်ပြီလား မသိတော့။ ဒါကို လှုံ့ခဲ့တဲ့ သူငယ်ချင်းတွေလည်း မိနဲ့ သားနဲ့ စုနဲ့ စီးနဲ့ ပွားနဲ့ ရေးနဲ့ ဝေါဟာရတစ်လုံးချင်းစီမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကို တူးဖို့နေကြပြီဆိုတော့လည်း ဖြစ်ရမယ့်ရက်နေ့ကလည်း ရေနည်းငါးလို တဖျတ်ဖျတ်လူးပေါ့လေ။
လွတ်လပ်ရေးမတိုင်မီက မြန်မာနိုင်ငံမှာ နိုင်ငံတော်နေ့တွေက ဘယ်နေ့တွေ ဖြစ်မလဲ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းကကော ဘယ်နေ့တွေကို ထပ်ဆောင်းလိုက်လဲ။ ထိုထိုသို့သော မတိုင်မီမှာတော့ သေချာတယ်။ မြန်မာနိုင်ငံမှာ ငါတို့ပြောပြောနေကြတဲ့ အခါကြီးရက်ကြီးဆိုတာပဲရှိခဲ့မှာ။ ဒါဟာ ပြက္ခဒိန်ရှိလာလို့ ဖြစ်ရတဲ့ ကိစ္စနပဲဖြစ်ရမယ်။ Social Media ကြီးပေါ်လာမှ ငါတို့ အားရအောင် မုန်းလို့ရလာသလိုပေါ့။ ဒါပေမယ့် နောက်ပိုင်းမှာ ဘယ်နေ့ကတော့ဖြင့် မလိုအပ်ဘူး ဖြုတ်၊ ဒီနေ့ကတော့ဖြင့် သင်တော်တယ် ထည့်ဆိုတာ ရောက်လာဦးမှာ။ ပျော်စရာကောင်းတဲ့နေ့ဖြစ်ရမလိုလို ဝမ်းနည်းစရာကောင်းတဲ့နေ့ဖြစ်ရမလိုလိုနဲ့ အယောင်ပြတဲ့နေ့လည်း ဖြစ်ကောင်းဖြစ်လိမ့်မပေါ့။ ဘာသာရေး အမုန်းစကားတွေ လူမျိုးရေး အမုန်းစကားတွေကို သူ့ထက်ငါ နင်ပဲငဆဆိုပြီး ဇောင်းထက်သထက် ထက်အောင် သွေးနေကြချိန်မှာ မျိုးချစ်ကြောင်း လက်ခမောင်းလည်း ခတ်ပြဖို့လိုသေးတယ် မဟုတ်ပါလား။ သောက်ပဲဖြစ်ဖြစ် စောင်ပဲဖြစ်ဖြစ် ရေးမပါတာတွေကို ရေးလုပ်နေရင် ရေးမရှိသူဖြစ်ရတတ်တာမို့ ရေးဆိုရေးကာလမှာ သည်လိုနေ့ဟာ သောင်ကပ်လို့ ဘယ်ရမလဲ။ ကိုယ့်အမှန်တရားနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာနေကြတဲ့သူတွေကြား သူတို့ရဲ့ အမှန်တရားဆိုတာကြီး ပျောက်သွားတဲ့တနေ့မှာရယ်တော့ “မြန်မာသူငယ်ချင်းများနေ့” ဆိုတာ ထပ်ပေါ်လာကောင်း ပေါ်လာခွင့်ရှိရချည်သေးရဲ့။