အရင်က ပအိုဝ်းတိုင်းရင်းသားတို့ရဲ့ အိမ်တွေက အိမ်ထဲမှာ မီးဖိုအတွက် အခန်းတစ်ခန်းဖွဲ့ပြီး မီးဖိုကို အိမ်ထဲမှာပဲ ထားတတ်ကြတော့ မနက်စောစော အိမ်က တယောက်ယောက် ထမင်းဟင်း ထချက်ပြီဆိုတာနဲ့ အိမ်ထဲမှာ မီးခိုးတွေ ဝေနေတတ်ပါတယ်။ သူများအိမ်တော့ မသိဘူး။ ကျွန်တော့်အိမ်က အဲလိုပဲ။ ပြီးတော့ ပအိုဝ်းတိုင်းရင်းသား အများစုက သနပ်ဖက်လုပ်တတ်ကြတယ်။ သနပ်ဖက်က တစ်နှစ်မှာ အနည်းဆုံး လေးသီတင်းလောက် မီးမပြတ်အောင်မွေးပြီး အလုပ်ကို ဆက်တိုက်လုပ်ရတယ်။ ကျွန်တော့်အိမ်ကတော့ သနပ်ဖက်ဖိုကို အိမ်ဘေးမှာပဲ အဖီဆွဲပြီးတည်ထားတော့ မီးဖိုးခေါင်းတိုင်က အပြင်ဘက်ရှိသောငြား မီးထိုးတဲ့ဘက်က အိမ်ထဲမှာဆိုတော့ မီးခိုးက အမြဲရှိနေတတ်ပါတယ်။ ချောင်းဆိုးတာ၊ အသံနာတာ၊ ရင်ဘတ်နာတာ၊ အသက်ရှူမဝတာ၊ ခေါင်းတခြမ်းကိုက်တာ၊ ဝမ်းဗိုက်တဝိုက်နာကျင်တာ၊ မကြာခဏပျို့တတ်တာ၊ မျက်စိယားယံတာ၊ နှာခေါင်းနှင့် အသက်ရှူလမ်းကြောင်းကြပ်သွားနိုင်တာ စတဲ့ မီးခိုးကြောင့်ရတဲ့ ရောဂါတွေအကြောင်းလည်း မသိကြဘူးလေ။ ဒီလိုအပေါ်ယံဖြစ်တတ်တာလေးတောင် မသိရင် နောက်ထပ်သွေးအတွင်းပြဿနာတွေ ဘယ်သိမလဲလေ။ ငယ်ငယ်တုန်းကတော့ မီးခိုးကို ဘဝမှာ ဒီလောက်ပဲ ပတ်သက်ခဲ့ပါတယ်။ ဒါပေမယ့် ကြီးလာတဲ့အထိ မီးခိုးတွေနဲ့ ပိုပတ်သက်လာရတယ်။
မီးခိုးနဲ့ ပတ်သက်လို့ ကောင်းသော ဆက်စပ်မှုလည်း ရှိတယ်။ ဘယ်သူ့အိမ်မှာမှ ထမင်းချက်စရာမလိုတော့ဘဲ အလှူအိမ်မှာ သွားစားရုံဆိုတဲ့ မီးခိုးတိတ်အလှူဆိုတာမျိုးပေါ့။ အလှူရှင်က စေတနာထက်သန်သမို့ တစ်ရွာလုံးရှိလူတွေကို ကျွေးမွေးနိုင်အောင် ထက်သန်သမို့ ဒီမီးမိုးကတော့ ကောင်းတဲ့ မီးခိုးပေါ့။ ဘယ်နေရာမှာ ထပ်ပြီးကောင်းတာ ရှိသေးလဲ။ ဒါပဲထင်ပါတယ်။ အမေဖြစ်သူ ပြောဖူးတာ ရှိတယ်။ ဟိုတုန်းက ကောင်းကင်ပေါ် လေယာဉ်တွေ လာပြီဆိုရင် ရွာအရှေ့ဘက် ကျူတောထဲ ပြေးပုန်းရတာပေါ့။ ဘယ်သူ့မှ ထမင်းဟင်း မချက်ရဲဘူး။ မီးခိုးမြင်တာနဲ့ ဗုံးကျဲချတာ လှမ်းပစ်တာလုပ်လို့လေ။ ဒါကြောင့် သားတို့ရဲ့ ဘွားဘွားက လေယာဉ်သံကြားရင် လန့်နေတတ်တာ။
နောက်ထပ်ကျွန်တော်ထပ်ပတ်သက်ရတဲ့ မီးခိုးကတော့ သတိထားမိပေမယ့် ရှောင်မရတဲ့ မီးခိုးပါ။ အဲဒါက ပလပ်စတစ်ကို မီးရှို့လို့ရတဲ့ မီးခိုးပါပဲ။ ဘယ်နေရာမှာ ကြုံခဲ့သလဲဆိုတော့ မန္တလေးမှာပါ။ ကိုယ်သွားနေမိတဲ့ ရပ်ကွက်က တော်တော့်ကို ဆင်းရဲလေတော့ အမှိုက်ပုံနဲ့နီးပါတယ်။ ထူးဆန်းတာလေး ပြောပြရဦးမယ်။ မန္တလေးသားများကသာ ပလပ်စတစ်အမှိုက်ကို အကောင်းဆုံး အသုံးချနိုင်သူလို့ ပြောရင် မမှားဘူး။ ဒီကမ္ဘာကြီးမှာပါ အတော်ဆုံးအသုံးချနိုင်သူလို့ ဆိုနိုင်ပါတယ်။ ပလပ်စတစ်ချည်းတော့ မဟုတ်ပေမယ့် အများစုက ပလပ်စတစ်ပါပဲ။ သူတို့က ဒါကို ကိုလံဘတ်လုပ်ရာမှာ အသုံးချတယ်။ မန္တလေးရွှေတချောင်းမြောင်းရဲ့ အနောက်ဘက်မှာ အဲဒီလိုပဲ မြောင်းတမြောင်းရှိပါတယ်။ မြောင်းနာမည်တော့ မသိတော့ပါဘူး။ အဲဒီမြောင်းက မြောက်ပြင် ညောင်ပင်စျေးအနောက်ဘက်လောက်ကနေ စတင်ဖြစ်ပေါ်လာတယ်။ ကိုယ်လည်း အဲလောက်ပဲ ရောက်ဖူးလို့ ပိုမသိတော့ဘူး။ သို့သော် ချောင်းက အကျယ်ကြီး။ အဲဒီတော့ ရွှေမန်းသူ ရွှေမန်းသားတွေက ပလပ်စတစ်စတဲ့ အမှိုက်များကို မြောင်းဘေးမှာ အကန့်လေးလုပ်ပြီး လာသမျှ အမှိုက်လှည်းကို အဲမှာသွန်ခိုင်းပါတယ်။ ကြာတော့ ဆွေးတဲ့အမှိုက်က ဆွေးပြီး မဆွေးတဲ့အမှိုက်ကို ဖုံးသွားတယ်။ ဘာဖြစ်လဲ။ မြောင်းဘေးမှာ မြေသားလေး ရသွားတာပေါ့။ ဘယ်လိုမှ မဆွေးရင်တော့ သို့မဟုတ် အဆောက်အဦဆောက်ထည့်တော့မယ်ဆိုရင်တော့ တချို့ကို မီးရှို့ပါတယ်။ ဒါပေမယ့် မြောင်းဘေး မြေသားရဖို့ မလုပ်မယ့်ကျန်တဲ့အမှိုက်ကို မီးရှို့တာများပါတယ်။ ကိုယ်က မန္တလေးကို အပြစ်ပြောနေသလို ဖြစ်နေတယ်။ တောင်ကြီးမြို့အရှေ့ဘက် ၂ မိုင်လောက်မှာလည်း အမှိုက်ကျင်းကို မီးရှို့တာ တခါခါ မီးခိုးက ဟိုပုံးဘက်အဆင်း ကားလမ်းကိုတောင် ပိန်းအောင်လုပ်ပါတယ်။ တလောကလည်း ထိန်ပင်အမှိုက်ပုံမီးလောင်တာပဲ။ ကျွန်တော့်ကျောင်းမှာလည်း ဘာလုပ်ရမှန်းမသိလို့ ပလပ်စတစ်ကို အမှိုက်ကျင်းလုပ်ပြီး တစ်လကို လေးငါးကြိမ်လောက် မီးရှို့ရတာပါပဲ။ ဆိုတော့ ရှောင်ချင်ပေမယ့် ရှောင်မရတာက ပလပ်စတစ်မီးခိုးပေါ့။ ဒါတောင် ကမ္ဘာပေါ်မှာ ၁၂ ရာခိုင်နှုန်းလောက်ကိုပဲ ပလပ်စတစ်က မီးရှို့ခံရသေးတာနော်။ အီသလင်းအောက်ဆိုက်ဓာတ်ငွေ့ ဒိုက်အောင်ဆင်ဓာတုအဆိပ်ဓာတ်ငွေ့ကို ရှူရတာပေါ့လေ။ ကင်ဆာနဲ့ မျိုးဆက်ပွားစနစ်ပျက်စီးနေရင် သူ့ကြောင့်ပါဘဲ။
နောက်မီးခိုးကတော့ ၉/၁၁ တုန်းက WTC ကြီးပြိုကျတော့ မြင်ရတဲ့ မီးခိုးငွေ့။ အဲဒီရဲ့ အကျိုးဆက်ဖြစ်တဲ့ အကြမ်းဖက်အုပ်စုတွေနေတတ်တဲ့ နိုင်ငံပေါ်ကို ဗုံးကျဲချ ဒုံးကျည်နဲ့ပစ်ချလို့ အကြမ်းဖက်သမားများနေတဲ့နေရာမှာ ဆက်လက်ကျန်နေတဲ့ မီးခိုးငွေ့ ကချင်ပြည်နယ်နဲ့ တောင်ပေါ်ဒေသ အများစု ဒေသအစိတ်အပိုင်းမှာ သေနတ်ပြောင်းဝကထွက်တဲ့ မီးခိုးငွေ့နဲ့ အမြောက်ဆံကျတဲ့နေရာက ထွက်တဲ့ မီးခိုးငွေ့တွေပါပဲ။ သူတို့ကတော့ ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေပါတယ်။ တကမ္ဘာလုံးရှိ လူတွေရဲ့ စိတ်ကျန်းမာရေး ကောင်းကောင်းကြီး ထိခိုက်သွားသလို တိုင်းရင်းသားတို့ရဲ့ စိတ်ကျန်းမာရေးလည်း ကောင်းကောင်းထိခိုက်ခဲ့ရပါတယ်။ ဘယ်လိုထိခိုက်တယ်ဆိုတာ ပြောစရာမလိုဘူးထင်ပါရဲ့။
နောက်ထပ်ကတော့ ကျောက်မီးသွေးမီးခိုး။ အစကတော့ “အနာဂတ်ကို လုယူဖျက်ဆီးခြင်း” ဆိုတဲ့ အစီရင်ခံစာထဲမှာလောက်ပဲ ကြောက်စရာကောင်းခဲ့တာ။ စက်ရုံမကောင်းကြောင်း ကျောက်မီးသွေးမီးခိုးများ မကောင်းကြောင်းတွေကို သူများကို သင်ပေးခဲ့လို့လား မသိဘူး။ ကိုယ်ကိုယ်တိုင် စက်ရုံဘေးကို ရောက်ခဲ့ရတယ်။ ရှူပေါ့။ ကြက်ဥပုပ်နံ့လို အနံ့မျိုး။
ဘုရားနားမှာနေလေတော့ နောက်ထပ်ရှူရတဲ့ မီးခိုးတစ်ခုရှိသေးတယ်။ အမွှေးတိုင်မီးခိုး။ ဘုရား ကြိုက်မကြိုက် စိတ်တည်ငြိမ်မှု ရမရတော့မသိဘူး။ ကျွန်တော်မကြိုက်လို့ စိတ်ပိုညူးလို့ လာလှူသမျှကို အကုန်လွှင့်ပစ်တယ်။ မဟုတ်လည်း ထင်းရှူးအစားထိုးတယ်။ များသေားအားဖြင့်တော့ ပုံပြီးမီးရှို့လိုက်တာပဲ။
ပေကျင်းကတော့ နှစ်စဉ်နှစ်တိုင်း မီးခိုးငွေ့တွေနဲ့ပြည့်နေတဲ့ မြို့ပြဖြစ်လာပြီးနောက် အခြားမြို့တွေကလည်း ပေကျင်းကို မီအောင်လိုက်နေကြတယ်။ မြန်မာမြို့တွေလည်း ပေကျင်းကို မီအောင်လိုက်ချင်နေပုံပါပဲ။ တလောက ပအိုဝ်းဒေသဦးစီးမှူးက တရုတ်နိုင်ငံဆို စက်ရုံတွေမြို့လယ်ခေါင်မှာ တည်ထားတာပဲ။ ဘယ်သူမှ ဆန္ဒမပြဘူး။ သူတို့က သူတို့နိုင်ငံတိုးတက်ရေးကိုပဲ အာရုံစိုက်တယ်လို့ သြဝါဒပေးသွားတာ။ ဆိုတော့ မီးခိုးမြို့တော်တည်ဆောက်ကြရအောင်လေ။
နောက်ဆုံးမီးခိုးတစ်ခုကျန်ပါသေးတယ်။ အဲဒါကတော့ သုဿာန်တစပြင် မီးခိုးခေါင်းတိုင်က ထွက်တဲ့ မီးခိုးငွေ့ပါ။ သူ့မှာလည်း ဆိုးကျိုးရှိတယ်ဆိုပေမယ့် အဲဒီထဲက လူသားကတော့ တစ်ဘဝစာ ငြိမ်းချမ်းသွားတာပါ။