နေသူရိန်မေးတဲ့ မေးခွန်းကို ဖြေပေးပါ့မယ်။ မဖြေခင် ကျွန်တော် အနည်းငယ် ပြောချင်တာက ကျွန်တော် ဆက်ရေးသွားမယ့် ဗုဒ္ဓဖြစ်စဉ်ထဲမှာ ပေါက္ခရသာတိပုဏ္ဏားနှင့် သူရဲ့တပည့်ကျော် အမ္ဗဋ္ဌရဲ့အကြောင်းက ပါလာမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာမှာ မပြောမဖြစ်လောက်တဲ့ သူတို့အကြောင်းအနည်းငယ်နဲ့ အဲဒီမှာ မပြောဖြစ်မယ့် ဒေသစာရီကြွရခြင်း အကြောင်းကို ပြောပြီး ကျွန်တော့်ကို အပြင်မှာ ဥရုဝေဠကဿပရသေ့ညီနောင် ၁၀၀၀ ကို ဘာကြောင့် ဘုရားရှင်က လနဲ့ချီပြီး ခြွေချွတ်ခဲ့သလဲ လို့မေးထားတာကို နည်းနည်း ထည့်ပြောသွားပါမယ်။ ဘုရားရှင်က ကျွတ်ထိုက်မယ့်ပုဂ္ဂိုလ်ကို တစ်လလောက်ချွတ်မှ ကျွတ်မယ်ဆိုရင် တစ်လကြာအောင်ခြွေချွတ်ပါတယ်။ နှစ်လကြာလောက်အောင် ခြွေချွတ်ရမယ်ဆိုရင် နှစ်လကြာသည့်တိုက် ခြွေချွတ်ပါတယ်။ ကျွတ်ထိုက်မယ့် ပုဂ္ဂိုလ်ဟာ အခြားကမ္ဘာမှာဖြစ်ခဲ့ရင် ဘုရားရှင်က အခြားကမ္ဘာကို ကြွသွားမှာ ဖြစ်ပါတယ်။ ၀ါဆိုပြီးမှ ခြွေချွတ်ရမယ်ဆိုရင် ၀ါဆိုပြီးချွတ်တော်မူပါတယ်။ လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်းပါရမီတော်အဟုန်ရဲ့ ကရုဏာတော်ကို ကျွန်တော်တို့ ဉာဏ်နုနုလေးနဲ့ တွေးလို့ မမီနိုင်ပါဘူး။ ဘယ်လိုမှ မမီနိုင်ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင့် ဘုရားရှင်ရဲ့ အပြုအမူအချို့အပေါ် သံသယ၀င်တာဟာ ကိုယ်ညံ့လို့ပါ။ အဲလိုခြွေချွတ်ဖို့အတွက် ဘုရားရှင်ဟာ ဒေသစာရီလည်း ကြွချီရပါတယ်။ ဘုရားရှင် ဒေသစာရီကြွချီမှုတိုင်းမှာ လာဘ်လာဘအတွက် တစ်ကြိမ်တစ်ခါမှ မပါခဲ့ပါဘူး။ အခုပြောမယ့် အမ္ဗဋ္ဌနဲ့လည်း စပ်နေလို့ တစ်ခါတည်း ပြောခဲ့ပါတယ်။ ဘုရားရှင်နဲ့ တိုက်ရိုက်တွေ့တဲ့ အမ္ဗဋ္ဌဟာ ကျွတ်တမ်းမ၀င်ပါဘူး။ သူ့ကို ဘုရားရှင် အကြာကြီး စကားပြောခဲ့ရပါတယ်။ စကားကြမ်းတွေလည်း သုံးနှုန်းခဲ့ပါတယ်။ ဘုရားရှင်ရဲ့ သက်တော်ထင်ရှားရှိစဉ် ကာလမှာ စကားကြမ်းနဲ့ ဆုံးမခံရသူ နှစ်ယောက်ရှိပါတယ်။ တစ်ယောက်က မာဂဏ္ဍီပါ။ သူကတော့ ထင်ရှားလို့ လူသိများပေမယ့် အမ္ဗဋ္ဌကတော့ လူသိနည်းပါတယ်။ ဘုရားရှင် ချွတ်လို့မှ မကျွတ်တဲ့ လူစားမျိုးလည်း ရှိပါတယ်ဆိုတာကို သိစေနိုင်ဖို့ပါ။ အဲဒီတော့ ခုအချိန်မှ ဘုရားရှင်ကို အမျိုးမျိုးပုတ်ခတ်စွပ်စွဲ ပြောဆိုလာတဲ့သူတွေကို ကျွန်တော်တို့က မင်းမှားတယ်လို့ သွားပြောလဲ ဘုရားရှင်ချွတ်တာတောင် မကျွတ်တဲ့ မောဃပုရိသ (အလကားလူ) ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ ကုသိုလ်ဖြစ်ချိန် ပြုန်းတီးပါတယ်။ ကဲ ဘုရားရှင် ဘာကြောင့် ဒေသစာရီကြွချီပါသလဲ ဆိုတာကိုပဲ ဆက်ကြပါစို့။ ဗုဒ္ဓဖြစ်စဉ်ရေးတဲ့အခါ ဒါကို ချန်ခဲ့မှာ မို့လို့ပါ။
အိုမင်းနေသူ၊ ဖျားနေနေသူနှင့် ဆင်းရဲလွန်းသူတို့က ဘုရားရှင်ကို ဖူးမျှော်ကြည်ညိုချင်ခဲ့ရင်
ပန်းတွေနဲ့ ပူဇော်ချင်လိုက်စမ်းပါဘိတော့ ၊ ဆွမ်းလေးတစ်စွန်းလောက် ဘုရားရှင်ကို လောင်းလှူလိုက်စမ်းချင်ပါဘိတော့လို့ တောင့်တနေသူရှိခဲ့ရင်
ဘုရားရှင်နဲ့တွေ့လို့ အယူမှားကို စွန့်မယ့်သူရှိခဲ့ရင်
ဒီလူတွေအတွက် သဒ္ဓါတရားဖြစ်ထွန်းဖို့ ဘယ်လောက်ဝေးဝေး ဘုရားရှင် ဒေသစာရီကြွချီပါတယ်။
ကိုယ်တော် ကျန်းခံ့ဖို့၊ အတ္ထုပ္ပတ်ရဖို့၊ သိက္ခာပုဒ်ပညတ်ဖို့အတွက်လည်း ဘုရားရှင် ဒေသစာရီ ကြွချီပါတယ်။
ဘယ်လောက်ဝေးဝေး ဘယ်လောက်ခေါင်ခေါင် ဘယ်လောက်အန္တရာယ်ပေါပေါ ကျွတ်ထိုက်သူ ရှိခဲ့ရင် ဘုရားရှင် ဒေသစာရီ ကြွချီပါတယ်။ (ဥပမာ အင်္ဂုလိမာလ)
သတ္တ၀ါတို့ သရဏဂုံတည်ဖို့၊ တစ်ပါးသီလဆောက်တည်ခြင်းမှစ ငါးပါးသီလဆောက်တည်ဖို့၊ ဈာန်အဆင့်ဆင့်ရဖို့ နှင့် သောတာပတ္တိမဂ်စသည် မျက်မှောက်ပြုမယ့်ပုဂ္ဂိုလ်ရှိခဲ့ရင် ဘုရားရှင်ဒေသစာရီ ကြွချီပါတယ်။
အဲဒီအကြောင်းတွေထဲက ပေါက္ခရသာတိပုဏ္ဏားကို သောတာပတ္တမဂ်မှာ တည်မယ်လို့ သဗ္ဗညုတဉာဏ်တော်မှာ ထင်ရှားလာတဲ့အတွက် ဘုရားရှင်ဟာ ပေါက္ခရသာတိနေတဲ့ မြို့အနီးကို ဒေသစာရီကြွချီ လာခဲ့ပါတယ်။ ပေါက္ခရသာတိက မြို့စားပါ။ သူလည်း ကိုပီကေပြောတဲ့ ကပ်ပါပေ့မြို့စားရယ်လို မြို့စားပါပဲ။ ဗေဒင်ကို တဖက်ကမ်းခတ်တတ်ကျွမ်းပြီး အလွန့်အလွန် ချောမောတဲ့သူပါ။ မြို့ခံအကြီးဆုံးဖြစ်တဲ့ ပေါက္ခရသာတိဟာ ဘုရားလို့ ကြေငြာနေကြသူတွေထဲက ဒီတစ်ခါကြွလာတဲ့ ဂေါတမဆိုသူကော ဘုရားတကယ် ဟုတ်, မဟုတ်ဆိုတာကို သိဖို့လိုလာပြီ။ သူကိုယ်တိုင် စုံစမ်းလို့လည်း မဖြစ်ဘူး။ လူကြီးဆိုတာ ရှေ့တိုးပြီးမှ နောက်ဆုတ်ရခက်တယ်လေ။ ဒါကြောင့် အကြီးဆုံးလည်းဖြစ် ဂါထာပေါင်းများစွာကို တစ်ခဏတည်း ကျက်မှတ်နိုင်လောက်အောင် ဉာဏ်ကောင်းသူလည်းဖြစ်တဲ့ အမ္ဗဋ္ဌကိုခေါင်းဆောင်စေပြီး သူ့တပည့်တွေကို စုံစမ်းဖို့ လွတ်လိုက်ပါတယ်။ (ဘုရားရှင်ကို “ကတုံးကြီး” လို့ခေါ်ခေါ်ပြီး စကားအရိုင်းအစိုင်းတွေနဲ့ ပြောဆိုတဲ့ လူမိုက်ကလေး လူရမ်းကားကလေး အမ္ဗဋ္ဌကို “မင်းကနွားလား၊ မင်းဆရာကနွားလား” လို့မေးပြီး စကားအကြမ်းနဲ့ ခြွေချွတ်ခဲ့ရတဲ့ ချွတ်တော်မူခန်းကို နောက်ဗုဒ္ဓဖြစ်စဉ်မှပဲ တင်ပါတော့မယ်) အမ္ဗဋ္ဌဟာ ဘုရားရှင်နဲ့ အခြေအတင် အတန်ကြာဖြစ်ပြီးမှ သင့်မြတ်ခဲ့ပါတယ်။ သင့်မြတ်ပြီးနောက် ဘုရားရှင်ရဲ့ လက္ခဏာတော်တွေကို စစ်ပါတယ်။ ဘုရားရှင်မှာ လက္ခဏာတော် ၃၂ ပါးရှိပါတယ်။ တချို့ကို ဘုရားရှင် စင်္ကြံကြွမှ မြင်ရမှာဖြစ်တာကြောင့် ဘုရားရှင်က စင်္ကြံကြွပါတယ်။ အမ္ဗဋ္ဌကြွခိုင်းလို့ မဟုတ်ပါဘူး။ အမ္ဗဋ္ဌက တပည့်တော် အရှင်ဘုရားရဲ့ လက္ခဏတော်တွေ မှန်မမှန်စစ်နေတာ လို့လည်း မလျှောက်ပါဘူး။ ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်တော်နဲ့ ဆင်ခြင်ပြီး သိထားနှင့်မို့လို့ပါ။ အဲလို စင်္ကြံကြွလိုက်တော့ လက္ခဏာတော် တော်တော်စုံအောင် အမ္ဗဋ္ဌ မြင်လိုက်ရပါတယ်။ သို့သော် သူအပြည့်အစုံ မမြင်ရသေးပါဘူး။ ၃၂ ပါးရှိတာ။ ၃၀ ပဲ မြင်ရပါသေးတယ်။ ကျန်နှစ်မျိုးကို မြင်မှ ဘုရားရှင်လို့ သူလက်ခံနိုင်မယ်။ အဲဒီနှစ်မျိုးက ယောက်ျားမြတ်နိမိတ်နှင့် လျာ။ ဒါကိုလည်း ဘုရားရှင်က သိတော်မူတဲ့အတွက် အိမ်လေးနဲ့ ဖုံးထားတဲ့ယောကျာ်းမြတ်နိမိတ်ကို တန်ခိုးတော်နဲ့ ပြတော်မူခဲ့ပါတယ်။ အဲဒီနောက် အလွန်ပါးလျှတဲ့ လျာကို ပြတော်မူခဲ့ပါတယ်။ အလွန်ပါးလျှတဲ့ လျာဆိုတာကို ရှင်းရရင် လျာနဲ့ မျက်နှာပြင်ကို အုပ်လို့ရပါတယ်။ လျာနဲ့ နားပေါက်ထဲကို ထိုးသွင်းလို့ရပါတယ်။ လျာနဲ့ နှာခေါင်းပေါက် ဟိုဘက်ဒီဘက် ထိုးသွင်းပြနိုင်တာကို ခေါ်တာပါ။ အမ္ဗဋ္ဌလည်း သံသယရှင်းသွားပါတယ်။ စာတော်ပေမယ့် စာပေတွေ တတ်မြောက်ကျွမ်းကျင်ပေမယ့် ဆင်ကောင်ကြီးပြမှ အော် ဒါဆင်ကြီးပါလားသိမယ့် ဆင်ခြင်နိုင်စွမ်းဉာဏ်ရှိတဲ့ အမ္ဗဋ္ဌပေါ့ဗျာ။ ထိုတစ်ကြိမ်တွင်တော့ ဘုရားရှင်မှ (၁၀) ပါးမြောက်လက္ခဏာတော်နှင့် (၂၇) ပါးမြောက်လက္ခဏာတော်ကိုပြရင်း လက္ခဏာတော် ၃၂ ပါးအပြည့်အစုံကို ပြတော်မူခဲ့ပါတယ် နေသူရိန်ခင်ဗျာ။ ရှင်းရှင်းလင်းလင်းသိရအောင် တစ်ခါတည်းပဲ ဘုရားရှင်ရဲ့ လက္ခဏာတော် ၃၂ ပါးကို တင်ပြပေးလိုက်ပါတယ်။
မဟာပုရိသ လက္ခဏာတော်ကြီး (၃၂) ပါး
၁။ ရွှေခြေနင်းကဲ့သို့ တပြင်တည်း ညီညွတ်သော ခြေဖ၀ါးတော်။
၂။ တစ်ထောင်သော အကန့်အကွက်နှင့်တကွ လက္ခဏာတော်အပေါင်း အပြည့်ရှိသော ခြေဖ၀ါးတော်။
၃။ ခြေကို လေးပုံပုံ၍ တစ်ပုံမျှလောက် ရှည်သွယ်ပြည့်ဖြိုးသော ဖနောင့်တော်။
၎။ မျောက်မင်းခြေလေးချောင်းကဲ့သို့ အရင်းမှ အဖျားတိုင် သွယ်ပျောင်းရှည်သွယ်သော လက်ချောင်းတော်။
၅။ အကြိမ်တစ်ရာဖတ်အပ်သော ၀ါဂွမ်းစိုင်ကဲ့သို့ တစ်သားတည်းနူးညံ့တဲ့ ခြေဖ၀ါးတော်။
၆။ ခြေချောင်တော်နှင့် လက်မတော်မတစ်ပါး ခြေချောင်းလက်ချောင်းများ တစ်ညီတည်းရှိသော ခြေချောင်း၊ လက်ချောင်းတော်။
၇။ ဖမိုးတော်မှ အထက်သို့ လက်လေးသစ်ထက်မြင့်သော ဖမျက်တော်။
၈။ ဧဏီမည်သော သားကောင်၏ မြင်းခေါင်းကဲ့သို့ ချောပြည့်လုံးဝန်းသော သလုံးမြင်းခေါင်းတော်။
၉။ ကိုယ်တော် မကိုင်းညွတ်မူ၍ ပုဆစ်ဒူးနှစ်ဖက်သို့ရောက်သော လက်မောင်းတော်။
၁၀။ အအိမ်ဖြင့် ဖုံးလွမ်းသော ယောင်္ကျားမြတ်နိမိတ်တော်။
၁၁။ ရွှေစင်ကဲ့သို့ ၀င်းဝါသော အဆင်းတော်။
၁၂။ ၀က်ခြံ၊ မှဲ့၊ တင်းတိတ်စသည်ကင်းသော အသားအရေတော်။
၁၃။ မွေးညင်းတစ်တွင်း၌ တစ်ပင်သာပေါက်သော မွေးညင်းတော်။
၁၄။ သုံးကြိမ်လက်ယာရစ်၍ မျက်နှာတော်ကို ဖူးမြော်နေသကဲ့သို့ဖြစ်ကာ အထက်သို့တက်နေသော မွေးညင်းတော်။
၁၅။ ခါး၊ ပုဆစ်၊ ဒူးသုံးပါးတို့ မကိုင်းညွတ် ဖြောင့်မတ်သော ကိုယ်တော်။
၁၆။ လည်ကုတ်၊ လက်ဖမိုး၊ ပခုံးစွန်း၊ ခြေဖမိုးတို့ ပြည့်ဖြိုးသော အသားတော်။
၁၇။ ပြည့်ဖြိုးခန့်ညားသော ကိုယ်လုံးတော်။
၁၈။ လက်ပြန်ကြောတို့ ချိုင့်ဝင်ခြင်းမရှိ ညီညွတ်သော ကျောတော်။
၁၉။ ပညောင်ပင်ကဲ့သို့ လုံးဝန်းသော ကိုယ်တော်။
၂၀။ ရွှေမုရိုးစည်ကဲ့သို့ တပြေးညီသော လက်တော်။
၂၁။ အနည်းငယ်သော နှမ်းစေ့ကို ဘုဉ်းပေးကာမျှ တစ်ကိုယ်လုံးပြန့်နှံ့နိုင်သော အကြောတော်။
၂၂။ ခြင်္သေ့မင်းကဲ့သို့ ချွန်သော မေးတော်။
၂၃။ (၄၀) ချောင်းပြည့်သော သွားတော်။
၂၄။ တပြင်တည်း ညီညွတ်သော သွားတော်။
၂၅။ မကြဲမကွာ စေ့စေပ်သော သွားတော်။
၂၆။ ဖြူစင်၍ လေးခုပြည့်သော စွယ်တော်။
၂၇။ ရှည်လျားကျယ်ပြန့်သော လျာတော်။
၂၈။ ဗြဟ္မာမင်းအသံကဲ့သို့ ငြိမ့်ငြောင်းသော အသံတော်။
၂၉။ အလွန်ညိုဝင်းသော မျက်လုံးတော်။
၃၀။ မွေးကင်းစ နွားကလေး၏ မျက်တောင်ကဲ့သို့ နူးညံ့သော မျက်တော်တောင်။
၃၁။ ဥဏ္ဏလုံမွေးညင်းတော်။
၃၂။ နဖူးသင်းကျစ်တော်။
တို့ဖြစ်ပါတယ်။ ၃၁ ပါးမြောက် ဥဏ္ဏလုံမွေးညင်းတော် အကြောင်းကို (ကျွန်တော် မမှတ်မိတော့သော)ဘလော့ဂါတစ်ဦးမှ ရှင်းလင်းဖူးပါကြောင်း။