၇၃ လမ်းအတိုင်း ကျွန်တော်တို့ ကားကို ကျော်တက်သွားတဲ့ ဆိုင်ကယ်တစ်စီး။ မန္တလေးမြို့ထဲမှာဆိုပေမယ့် ရွှေမန်းသူတော့ မဟုတ်ဘူး။ ရွှေမန်းသူဆိုရင် ဆိုင်ကယ်လေးနဲ့ ဘယ်ဟုတ်မှာလဲလေ။ ပြီးတော့ အသားလည်း ဖြူမှာ ဟုတ်ဘူး။ ၇၃ လမ်းပေါ် ဆိုင်ကယ်စီးမှာဟုတ်ဘူး။ မြို့သစ်ထဲမှာ ဖြစ်သလိုလေးနဲ့ ဖြစ်နေမှာပါ။ သိပ်မကြာသေးခင်ကပဲ ကျွန်တော်တို့ရပ်ကွက်ရဲ့ အရှေ့ဘက် ရပ်ကွက်ထဲက ကောင်မလေးတစ်ယောက် ဆံနွယ်လေးတွေ လေမှာလွင့်နေတယ်လို့ ဘယ်သူများ မြှောက်ပေးလိုက်တယ်မသိဘူး။ ရပ်ထားတဲ့ ကားကို ဆိုင်ကယ်နဲ့ ၀င်တိုက်ပစ်လိုက်တဲ့အထိ အသက်ကို ဒီခန္ဓာကိုယ်ထဲ မထားတဲ့အထိကို မြောက်သွားတယ်။ ခုလည်း အရှိန်ပြင်းပြင်းနဲ့ မောင်းနေတဲ့ ကျွန်တော်တို့ကားကို ကျော်ပြီး ကွေ့ကာပတ်ကာ အခြားကားများ ဆိုင်ကယ်များကို ကျော်တက်သွားတယ်။ ထင်တော်မူတဲ့အတိုင်းပဲ ရှေ့နားက မီးပွိုင့်ကို ဂရုမစိုက်ဘဲမောင်းတဲ့ ငနဲတစ်သိုက်ရဲ့ ဆိုင်ကယ်နဲ့ ၀င်ချိတ်ပါရောလား။ ဘာမှ မဖြစ်လို့ တော်သေးတယ်လို့ ပြောရမှာပေါ့ဗျာ။ လူတွေရဲ့ စိတ်က ခက်လည်းခက်သလို နူးညံ့သိမ့်မွေ့လည်း နူးညံ့သိမ်မွေ့ပါတယ်။
သည်လိုဗျ။ အရာအားလုံးရဲ့ အဓိက အရင်းခံဟာ စိတ်။ သည်စိတ်က ခြေသည်း လက်သည်းလေးကို အလှပြင်ထားပြီးတဲ့နောက် ခြေသည်း လက်သည်းကို တစ်ယောက်ယောက်က ဂရုတစိုက်ပြောလိုက်ရင် သိပ်ဝမ်းသာတယ်။ ဆံပင်လေး ဖြောင့်လိုက်ပြီးနောက် ဆံပင်လေးကို အချီးမွှမ်းခံချင်တယ်။ ရေမိုးချိုး အလှပြင်ပြီး အပြင်ထွက်ရင် စိက်က ကြွနေတယ်။ ဆိုလိုတာက လူတိုင်းရဲ့ အနက်နဲဆုံး ပင်ကိုယ်သဘောက အချီးမွှမ်းခံလိုတဲ့ စိတ်ပါပဲ။ ကျွန်တော် ကျွန်မ ဘာမှ မဟုတ်သေးပါဘူးဆိုပြီးတော့ လူလယ်ခေါင် မဏ္ဍပ်တက်ပြတတ်တာ လူ့စိတ်တစ်ရပ်ပါပဲ။ ကိုယ်လုပ်နေရင် မှန်တယ်။ သူတပါးလုပ်နေရင်မှားတယ်လို့ မြင်တတ်တာ လူ့စိတ်ရဲ့ သဘာဝပါပဲ။ ဒါပေမယ့် ဒီစိတ်ကို ကျွန်တော်တို့အားလုံး ကြောက်စရာကောင်းတယ်။ အထီးကျန် အရုပ်ဆိုးတယ်။ မွေးမြူထားလို့ မကောင်းဘူးဆိုတာ သိနေပြန်သလိုလိုဖြစ်နေတယ်။ ဒါပေမယ့် တကယ်မသိပါဘူး။ သူများ မမြှောက်လည်း ငါ ဆိုင်ကယ်ကို အမြန်စီးလိုက်ရင် ငါ့ဆံနွယ်တွေ လေမှာလွင့်ပြီး ငါလှနေမှာပဲ လို့ထင်တဲ့စိတ်တွေ ကိုယ်ထဲမှာ အလိုလို ပွားနေတယ်။
လူပြော သူပြောများတဲ့ ဆုံးမစကားတွေရှိပါတယ်။ ဆင်းထုတော်ကို ကျောဘက်တွင် ရွှေချပါတို့ သုညစိတ်ဖြင့် အလုပ်လုပ်ပါတို့။ ဆိုလိုတာက အလုပ်ကို တန်ဖိုးရှိအောင်ပဲလုပ်ပါ။ ကိုယ်လုပ်လိုက်ကြောင်း ပြောနေရန် မလို ဟု ဆိုလိုသည်။ နောက်တစ်ခုက ဘာမှ မတတ်မက်ဘဲနဲ့ လုပ်ပါလို့ ဆိုလိုချင်တာပါ။ ဒီလိုလေ ဒါလုပ်ရင် ဒါရမယ် ဆိုတဲ့ စိတ်မျိုးကို ရှောင်ရှားသင့်တယ်လို့ ပြောချင်တာပါ။ ဒါပေမယ့် လူ့စိတ်ကလည်း ခက်ပါတယ်။ ငါဆိုတဲ့ အစွဲတွေ အတ္တတွေ ထိုးထိုးထောင်ထောင်ထ နေတာကိုတောင် င့ါအရင်စိတ်နဲ့ဆို မင်းမလွယ်ဘူး လို့ ပြောတတ်သေးတယ်။ လူ့စိတ်ကို မျောက်စိတ်လိုပဲ။ ကျွန်တော့်စိတ်က ဘယ်မှမရောက်ဘူး။ မ, တစ်ယောက်တည်းဆီကိုပဲတို့ ညီမလေးတစ်ယောက် တည်းဆီကိုပဲတို့။ အံမာ… သူ့စိတ်က သူနဲ့ မကပ်ဘဲ ရှိနေတာတောင် သူ့စိတ်ကို ငြိမ်တယ် လို့ ထင်တတ်သေးတယ်။ ဒီလို ကိုယ့်ကိုယ်ကို အဟုတ် လို့ထင်တတ်တဲ့စိတ်ကြောင့်သာ ကိုယ်ပဲ ဒုက္ခရောက်နေကြရကြောင်း ပြောချင်တာပါ။ ကိုယ့်ကိုယ်ကို အဟုတ်လို့ ထင်တဲ့နေရာမှာ ဒီစိတ်ဟာ မာရ်နတ်လိုစိတ်ထားဖြစ်နေလား။ ကဖျက်ယဖျက်စိတ်ထားဖြစ်နေလား။ ကောင်းကျိုးကို မဲ့စေတဲ့ စိတ်ထားဖြစ်နေလားဆိုတာကို ဆင်ခြင်ပြီးမှ လုပ်ကိုင်ကြရင် မလိုလားအပ်တဲ့ ဒုက္ခတွေ ပယ်ပြီးသားဖြစ်နေလိမ့်မယ်။ နူးညံ့စွာ ကိုယ့်ထဲရောက်နေတဲ့ မာနစိတ်တွေ အတ္တစိတ်တွေကလည်း တပုံတပင်ပါပဲ။ အဲဒါကလည်း ကိုယ့်ကိုဒုက္ခပေါင်းစုံရောက်အောင် လမ်းစပါပဲ။ ဒါပေမယ့် နူးညံ့လွန်းလို့ မသိရပါဘူး။ ရှိတယ်လို့တောင် မထင်ရဘူး။
ကျွန်တော် စိတ်ကူးပေါက်သလို ရေးထားတဲ့ စာမျှသာဖြစ်ပါကြောင်း။
Your article helped me a lot, is there any more related content? Thanks! https://accounts.binance.com/en-IN/register-person?ref=UM6SMJM3