မဂ္ဂ ဆိုတာ လမ်းပါပဲ။ လမ်းမှားကို လျှောက်တာဟာလည်း မဂ္ဂပစ္စယောပါပဲ။ လမ်းမှန်ကို လျှောက်တာဟာလည်း မဂ္ဂပစ္စယောပါပဲ။ အားလုံးသိကြတယ်လေ။ မဂ္ဂင်ရှစ်ပါး။ ဟုတ်တယ်မဟုတ်လား။ ဒါပေမယ့် တကယ်တော့ မဂ္ဂင်က (၁၂) ပါးရှိတာဗျ။ ဟ လေးပါးက ဘယ်က ပိုလာတာလဲဆိုတော့ ဟို အားလုံးသိကြတဲ့ မဂ္ဂင်လေးရဲ့ရှေ့မှာ စကားလေး တစ်လုံးပါတယ်လေဗျာ။ “သမ္မာ” တဲ့။ သမ္မာဆိုတာ ရှိမှတော့ သမ္မာရဲ့ ဆန့်ကျင်ဘက် “မိစ္ဆာ”လည်း ရှိရမှာပေါ့။ ဟုတ်ဘူးလား။ မကောင်းသော၊ မှားယွင်းသော လမ်းလေးပေါ့ဗျာ။ ဒါပေမယ့် သူကျတော့လေးပါးထဲပါ။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဝါယာမ၊ မိစ္ဆာသင်္ကပ္ပ၊ မိစ္ဆာသမာဓိတဲ့။ အဲဒီလေးခုထဲ တော်တော်ဆိုးတာက ရှေ့တစ်ပါး။ မပြောချင်ပေမယ့်လည်း ပြောရဦးမယ်။ ခုတလော အွန်လိုင်းပေါ်ထိ ရောက်လာတဲ့ ဂိုဏ်းနှစ်ခု။ ပထမတစ်ဂိုဏ်းက မဂ်ဖိုလ် နိဗ္ဗာန်ရဖို့ တရားထိုင်ရင် သီလမလိုပါဘူး။ သီလဆိုတာ သာမန်အထောက်အပံ့ကလေး တစ်ခုပါဆိုတဲ့ ဂိုဏ်း။ ပညတ်နဲ့ ပရမတ်ကွဲရင် ရပြီဆိုလားပဲ။ ဘုရားဟော ဟုတ်ခြင်း မဟုတ်ခြင်းထက် ကိုယ်တွေ့က ပိုကောင်းပါတယ်တဲ့။ ဟုတ်ပြီ။ လူတစ်ယောက်က သူအကြီးအကျယ်ဖျားတယ်။ ဒါနဲ့ သူက ကောင်းနိုးရာရာ ထင်ရာမြင်ရာလေး ဆေးတွေစပ်ပြီး သူ့ကိုယ်သူ ထိုးကြည့်လိုက်တယ်။ ဟော အဖျားကပျောက်သွားတယ်။ ယူပစ်သလိုကို ပျောက်သွားတယ်။ ဟာ ဒီလိုဆို ဒီဆေးမှန်ပြီပဲ။ ဆရာဝန်တွေ လေးနှစ်သင်၊ နှစ်နှစ်ကိုယ်တိုင်လေ့လာ၊ ဒါတောင် မှားသေးတယ်။ မဟုတ်ဘူး။ သူတို့နည်းက မဟုတ်ဘူး။ ငါ့နည်းကမှ မှန်တာဆိုတဲ့လူနဲ့ သွားမတူဘူးလား။ ခင်ဗျားတို့ အဲလို လူရဲ့ ဆေးထိုးကုသပေးတာကို ခံယူရဲလား။ ခံယူရဲရင်တော့ မပြောတတ်ဘူးလေ။ ခံယူတဲ့သူတွေက ပေါမှပေါ များမှများပဲကိုး။ အသက်တောင် ပေးဦးမယ်ဆိုတဲ့ ဘလော့ဂါနှစ်ယောက် တက်လာပါတယ် အွန်လိုင်းပေါ်။ ဒါ မိစ္ဆာဒိဋ္ဌိကြောင့်။ မိစ္ဆာဝါယာမတွေဖြစ်။ မိစ္ဆာသင်္ကပ္ပ (မှားယွင်းစွာ ကြံတဲ့အကြံ)တွေဖြစ်၊ မိစ္ဆာသမာဓိတွေရလို့ ဖြစ်ကုန်ကြတာ။ လမ်းမှန်ဖို့ သိပ်လိုပါတယ်။ နောက်ဂိုဏ်းတစ်ခု။ ဒီဂိုဏ်းကိုကျတော့ တည်ထောင်သူက မြန်မာနိုင်ငံထဲမှာ ဖြစ်ပြီး အွန်လိုင်းတင်ပေး နေသူက ထိုင်းမနဲ့ရပြီး ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ လူထွက် တပည့်တစ်ယောက် ဖြစ်ပါတယ်။ FWD တွေ ရကြသူတွေများလို့ ဒီဂိုဏ်းကို အားလုံးသိပြီးသားလို့ ထင်ပါတယ်။ ဘုရားရှင်ဟာ သာမန်လူတစ်ယောက်ပါပဲလို့ ဟောတဲ့ဂိုဏ်း။ မဂ္ဂ – လမ်းတွေရဲ့၊ ပစ္စယော – ထောက်ပံလိုက်ခြင်းကြောင့် ကျွန်တော်တို့ ကောင်းတဲ့နေရာ ဆိုးတဲ့နေရာတွေ ရောက်ကြရတာပါပဲ။ လမ်းကောင်းသွားရင် လမ်းကောင်းရောက်ပါတယ်။ လမ်းဆိုးသွားရင် လမ်းဆိုးရောက်ပါတယ်။ နှစ်လမ်းထဲပဲ။ အနောက်တိုင်း ပညာရှင်တွေပြောတဲ့ တတိယလမ်း ဒီထဲမှာ မရှိဘူး။ ဗုဒ္ဓဘာသာထဲမှာ တတိယလမ်းက အနာဂမ်တို့ ရဟန္တာတို့ဖြစ်မှ ရတယ်။ ဘုရားရှင် ပရိနိဗ္ဗာန်စံခါနီးတော့ မှာခဲ့တဲ့ စကားက “ငါ မရှိရင် ငါဟောထားတဲ့ တရားတော်က သင်တို့ကို ဆရာပြုလိမ့်မယ်” လို့ဟောထားခဲ့တာ။ “ငါ မရှိရင် ဟိုလူ သည်လူက ဒီတရားကမှ မှန်တယ် ဘယ်တရားက မမှန်ဘူးလို့ စောဒကတက်ဖွယ်တွေ ရှိလာမယ်။ အဲဒီအခါ ငါဟောထားတဲ့ တရားနဲ့ညှိကြ” မမှာခဲ့ရုံတမယ်ပါပဲ။ သဗ္ဗညုတရွှေဉာဏ်ရှင်ကြီး ရှိနေချိန်မှာတောင် တိတ္ထိခြောက်ယောက်မှာ တပည့်တပန်းတွေ မှိုလိုပေါက်ခဲ့သေးတာဆိုတော့လည်း ဒီခေတ်ဒီခါမှာ ဆရားမှား ဆရာတု
ဆရာယောင်တွေနောက် တပည့်တပန်းပေါတာ မဆန်းပါဘူး။ ဒါပေမယ့် သူတပါးနောက်လိုက် လုပ်တော့မယ်ဆိုရင် စဉ်းစားကြပါ။ ပြီးတော့ ခုခေတ်ဂိုဏ်းတည်ထောင်သူတွေက “ကာလာမသုတ်” ကို သိပ်ထောက်ပြတတ်ကြတယ်။ ကာလာမသုတ်နဲ့ပတ်သက်လို့ ကျွန်တော် ထေရ၀ါဒဆိုသည်မှာ မှာရေးထားပါတယ်။ ဖတ်ကြည့်ပါ။ ဒီတရားဟာ ပုဂ္ဂလဇ္ဈာသယလား။ ဝေနေယျဇ္ဈာသယလားဆိုတာကိုလည်း သိထား နားလည်ထားဖို့ လိုပါတယ်။ အထက်က ဆရာဝန်ယောင်ဆောင်တဲ့လူ ဆေးမျိုးအထိုးခံရရင် တစ်ဘ၀ပဲ။ အဲလိုလူလိုဖြစ်နေတဲ့ အယူမှားနေတဲ့ ဆရာတွေရဲ့ စကားကို နားထောင်မိသွားရင် လိုက်နာမိသွားရင် ကျွန်တော် အထပ်ထပ်ပြောဖူးပါတယ်။ အ၀ီစိငရဲကျသူ ငါးယောက်ထဲမှာ မိစ္ဆာဒိဋ္ဌိ အယူယူသူပါဝင်တယ်လို့။ ကဲ လမ်းမှားတွေချည်းပဲ ပြောနေမိတယ်။ လမ်းမှန်ကို ကျွန်တော်က ခရိယာန်တစ်ယောက်က ဟောတဲ့ နိဗ္ဗာန်ရောက်ကြောင်းတရားမှာ ရေးထားပြီးပြီမို့လိုပါ။ ဘေး ထွက်သွားတယ်လို့ ထင်လား။ နည်းနည်းလေးပါပဲ။ လမ်းဆိုတော့လေ။ ဒီထဲမှာပါပဲ။ လမ်းမှန်ကို လျှောက်နိုင်ပါစေလို့ ဆန္ဒဆုမွန်ပြုလိုက်ပါတယ်။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.