ခေါင်းစီးကိုတော့ ဆရာမြသန်းတင့်ရဲ့ နာမည်ကြီးစာအုပ်တစ်အုပ်နာမည်ကိုပဲ အလွယ်တကူ ယူလိုက်ပါတယ်။ ကျွန်တော် ပိုစ့်ကို မရေးခင် ကံချွန်ရဲ့ ဆူလှည်းလေးကို တစ်ချက်လောက် ဒီထဲတွန်းဝင်ချင်ပါသေးတယ်။ ဒီလိုပါ။ ငှါးဖြစ်၊ ဖတ်ဖြစ်လိုက်တဲ့ ဇွန်လထုတ် ရုပ်ရှင်တေးကဗျာမှာ ခုမှ နေရာရကာစ စာရေးဆရာတစ်ယောက်ရဲ့ အရေးအသားလေကို သတင်းစာရေးသလို ရေးပြရရင် `ပဋိကတ်ထဲကစာတွေကို ထုတ်နှုတ်ရေးသားသူဟာ စာရေးဆရာမဖြစ်နိုင်ကြောင်း၊ ဘာသာရေးဖြန့်ဝေသူသာဖြစ်ကြောင်း၊ စာရေးဆရာဆိုတာ သူဘထွေးတော်ချင်သော်လည်း မတော်လိုက်ရသော ဂျက်လန်ဒန်၊ ရှော၊ ဟဲမင်းဝေးတို့လိုလူမျိုးကသာ စာရေးဆရာဖြစ်ကြောင်း´ ပါတဲ။ (မောင်မြေကြီး(ပန်းတောင်း)အပြောမျိုးနဲ့ ပြောချင်လိုက်တာလေ. . . )
ဦးအောင်သင်းက ဦးရွှေအောင်ရဲ့ စာအုပ်တစ်အုပ်အတွက် အမှာစာရေးပေးရာမှာ `သူတစ်သက်လုံးရေးတဲ့စာနဲ့ ဦးရွှေအောင်ရဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ လှဲလို့ရမယ်ဆိုရင် သူလဲချင်ကြောင်း၊ ဦးရွှေအောင်သာလျှင် တကယ့် စာရေးဆရာအစစ်ဖြစ်ကြောင်း´ ပြောခဲ့ဖူးပါတယ်။ ကျွန်တော်က အထက်ပါ စာရေးဆရာကို ပြောရာမှာ ခပ်လွန်လွန်လေး ပြောလိုက်တာက သူသာ မင်းသုဝဏ်တို့ ဇော်ဂျီတို့ သိပ္ပံမောင်ဝတို့ကို ညွန်းခဲ့မယ်ဆိုရင် ကျွန်တော် အဲလို ပြောမှာ မဟုတ်ပါဘူး။ ခုတော့ …။ ကျွန်တော် ပြောရဲပါတယ်။ သူညွန်းတဲ့ သူတွေရဲ့ စာအုပ်တွေ သူ့စာအုပ်စင်မှာ မရှိပါဘူး။ ဒါပေမယ့် ပြောလို့မရဘူးလေ။ best တို့ light တို့မှာလည်း စာရေးသေးသူကိုး။
နိဒါန်းနဲ့ ခေါင်းစီးက မကိုက်ဘူးဖြစ်နေတယ်။ စာကိုယ်လည်း ကိုက်ဘူးဗျ။ ဘ၀မှာ အနုပညာကျကျ နေဖို့ အနုပညာဆန်ဆန်နေဖို့ဆိုရင် ဘာလိုအပ်လဲ ဆိုတော့ `မှန်မှန်ကန်ကန်မြင်တတ်ဖို့လိုပါတယ်´ ပါဠိလိုတော့ လွယ်တယ်ဗျ။ သမ္မာဒိဋ္ဌိရှိရမယ် တဲ့။ ဒါများ သိတာပေါ့။ မလုပ်နဲ့။ သမ္မာဒိဋ္ဌိကို ဘာမှတ်နေလဲ။ သမ္မာဒိဋ္ဌိရှိတာနဲ့ နိဗ္ဗာန်ရနိုင်တယ်ဗျ။ (ကျွန်တော့်ကို ဒီလိုပြောလို့ သံဃာသင်းခွဲနေတဲ့ ပစ္စုပ္ပန်ကမ္မ၀ါဒကလို့ မမှတ်နဲ့နော်ဗျာ။ ကျွန်တော်က အဲလိုကြီး အ၀ီစိကို တန်းရောက်တဲ့ အလုပ်မျိုးလုပ်ရဲဘူး)
သမ္မာဒိဋ္ဌိက စွမ်းတယ်နော်။ ဘယ်လိုစွမ်းလဲဆိုတော့ ကျွန်တော်တို့ ခင်ဗျားတို့ ကံတွေ ပြုလုပ်တယ်။ ကောင်းတဲ့ ကံလုပ်တယ်။ မကောင်းတဲ့ကံတွေလုပ်တယ်။ ကောင်းတဲကံ လုပ်တော့ ကောင်းတဲ့အကျိုးခံစားရတယ်။ မကောင်းတဲ့ကံလုပ်တော့ မကောင်းတဲ့အကျိုးခံစားရတယ်။ အဲဒီမှာ ကျွန်တော်တို့ နေ့စဉ် ဖြစ်ပျက်နေသမျှကို ပြန်စဉ်းစားကြည့်လိုက်။ ကျွန်တော်တို့ လုပ်လိုက်တိုင်းအောင်မြင်တယ်။ ပြောတိုင်းဖြစ်တယ်။ ဟာ ဒါဆိုရင် ငါဟာ ကောင်းကံတွေကို ပြုလုပ်ထားလို့ပဲ လို့ မြင်ရမယ်။ လုပ်လိုက်တိုင်း တလွဲချည်းပဲ။ ကိုယ်က ကောင်းကောင်းလုပ်ပေမယ့် ပျက်သွားတယ်။ ဒါ ကိုယ်ရဲ့ မကောင်းကံ အကျိုးပေးချိန်ရောက်လာတာ လို့ မြင်တတ်ရမယ်။ အဲဒီအခါ မကောင်းမှုတွေကို ရှောင်တတ်လာမယ်လေ။
လူတွေကို ကြည့်လိုက်။ တစ်ချို့ တော်တယ်။ တစ်ချို့ ညံ့တယ်။ တချို့ ကျန်းမာရေး ကောင်းတယ်။ တစ်ချို့ ကျန်းမာရေး ညံ့တယ်။ ဒါတွေဟာ ကံရဲ့ ပြုပြင်မှု ကို ခံရတာပဲလို့ မြင်တတ်ရမယ်။ ဒီကံ တွေကို ပြုလုပ်နေတာဟာလည်း တခြားမဟုတ်ဘူး။ အ၀ိဇ္ဇာနဲ့ တဏှာပဲ။ မကောင်းတာ ပြုလုပ်ချင်တာလည်း ဒီအ၀ိဇ္ဇာနဲ့ တဏှာ၊ ကောင်းတာပြုလုပ်ချင်တာလည်း ဒီအ၀ိဇ္ဇာနဲ့ တဏှာ။ ပါတယ်နော်။ ပါတယ်။ ကောင်းတာလေးကို လိုချင်တဲ့ အ၀ိဇ္ဇာနဲ့ တဏှာ။ နိဗ္ဗာန်ကို လိုချင်တဲ့ စိတ်လည်း ဒီအ၀ိဇ္ဇာနဲ့ တဏှာ။ မပါဘူးမထင်နဲ့ ပါတယ်။ အဲဒါတွေ ပါမှလည်း နိဗ္ဗာန်က ရအောင် လုပ်နိုင်မယ်။
ကောင်းတာတွေကို ခံစားရတဲ့အခါ ဒါငါ့ရှေးရှေးက ကောင်းတာတွေ လုပ်ခဲ့လို့ပေါ့။ နောက်နောက်မှာလည်း ဒီလို ကောင်းတာတွေပဲ ခံစားရဖို့ ကောင်းတာတွေပဲ ဆက်လုပ်မယ်လို့ မြင်တတ်ရမယ်။ ငါ မကောင်းတာ မလုပ်ဘူး။ ငါ မကောင်းတာတွေ လုပ်နေရင် ငါ မကောင်းကျိုး ခံစားနေရဦးမယ်။ မကောင်းတာတွေကို ခံစားရရင်လည်း ငါ ဒီလို ခံစားရတာဟာ ငါ မကောင်းတာတွေ လုပ်ခဲ့လို့ပေါ့လို မြင်တတ်ရမယ်။ ဒါပေမယ့် ဒီလိုဖြစ်နေတာတွေ အားလုံးဟာ ဒီရုပ်ဒီနာမ်ရှိနေတာကြောင့်ပဲလို့ ဆက်မြင်တတ်ခဲ့ရင်ဝိပဿနာဉာဏ်တွေ ရင့်သန်လာပြီ။ ဒါဆို မဂ်ဖိုလ်နိဗ္ဗာန်ကို အလွယ်တကူ ရနိုင်ပြီပေါ့ခင်ဗျာ။
အဲလို ကောင်းကောင်းပဲ နေသင့်တယ်။ မဟုတ်တာ မလုပ်သင့်ဘူးလို့ သမ္မာဒိဋ္ဌိကို ကောင်းကောင်းကျင့်သုံးတတ်ပြီဆိုရင် ကျန်တဲ့ မဂ္ဂင်တွေက အလိုလို ပါလာပြီးသားခင်ဗျ။ ကောင်းကောင်းနေမယ် လို့တွေးတတ်လာပြီဆိုရင် ကောင်းကောင်းပဲ ကြံစည်တော့မယ်။ မှားမှားယွင်းယွင်း စကားမပြောတော့ဘူး။ ကောင်းရောင်း ကောင်းဝယ်ပဲ လုပ်တော့မယ်.. စသဖြင့်ပေါ့ဗျာ။
ကျွန်တော် လက်တန်းရေးလိုက်လို့ မပြည့်မစုံဖြစ်နေရင် ဆရာတော် ဦးဇနက ရဲ့ ဓမ္မစကြာတရားတော်ကို နာယူကြပါရန်.