ဘာ မျှော်လင့်ချက်မှ မထားခဲ့တဲ့သူဟာ သူမမျှော်လင့်တဲ့ ဘဝမျိုးနဲ့ နေထိုင်ရလိမ့်မယ်။ အခု ကျုပ်လိုပေါ့ဗျာ။ သည်နေ့ အသက် ၄၄ ပြည့်တယ်။ လေးဆယ့်လေးပြည့်တဲ့အနေနဲ့ ကျုပ်ဘဝမှာ ဘာမှ မမျှော်လင့်ခဲ့ဖူးလို့ မမျှော်လင့်တဲ့ဘဝမှာ နေထိုင်နေရပုံလေးကို ပြောပြကြည့်ချင်တယ်။
ကျုပ် ဒီကို စရောက်တော့ ကျုပ်နေတဲ့ ဇရပ်လေး (အစက ဇရပ်ဆိုပြီး ဆောက်ထားတာ၊ ကျုပ်ကို ဘုန်းကြီးလာလုပ်ပေးပါလို့ လာပင့်ပြီးတော့မှ တံခါးတွေ ပြတင်းတွေ အဖြစ်တပ်ပြီး ကျောင်းလို့ ပြောင်းခေါ်ထားတာ) ဟာ လက်တွေ့မှာ လာလှူခဲ့သူ မရှိပေမယ့် ကျုပ်မရောက်ခင်က အလှူရှင်တွေတော့ သိပ်ကိုပေါခဲ့ပါတယ်။
“ဒီကျောင်းကို တပည့်တော်တို့ ဆောက်ထားတာပေါ့ဘုရား”
“ဒီကျောင်းကို တပည့်တော်တို့ လှူထားတာပေါ့ဘုရား”.
“အားလုံး လခွမ်းပါပဲ” လို့ အစကတည်းက သိရင် အဲလိုပြန်ပြောခဲ့ပါရဲ့။ ဘာဖြစ်လို့ နာမည်လာယူချင်နေကြရတာလဲ မသိဘူး။ တိုင်တွေလှူတဲ့သူ၊ သွပ်နဲ့ ပျဉ်တွေလှူတဲ့သူက သပ်သပ်ရှိနေတာဆိုတော့ ဒီကျောင်းကို တပည့်တော်တို့ ဆောက်ထားတာပေါ့ဘုရားနှင့် လှူထားတာပေါ့ဘုရားဆိုတဲ့သူတွေက ဘာတွေတုန်း။ ဘယ်ပေါက်ကလာတဲ့ အုတာလဲမသိ။ အဲ ဘယ်ဥက ပေါက်တာတွေလဲ မသိ။ အဲလို အဲလို ဒီမှာက ပျော်စရာ ကောင်းတယ်။ လခွမ်း။
သူငယ်ချင်းတွေနဲ့ တွေ့ဖြစ်တိုင်း သူတို့က မေးလို့ ကျောင်းတည်နေရာကို ပြောပြဖြစ်တယ်။ ဘိလပ်မြေစက်ရုံဘေးဆိုတော့ သူတို့က ကျောင်းကြီး ခန်းနားထည်ဝါနေမယ်မှတ်ကြတယ်။ ကျောင်းပုံကို ပြလိုက်တော့ သူတို့ တအားရယ်တယ်။ သူတို့မှတ်ချက်ကလည်း အားရစရာပဲ။ မင်းဘုန်းကံ တော်တော်နည်းတာပဲ တဲ့။ နောက်တခွန်းက မင်းအလုပ် ကောင်းကောင်းမလုပ်ဘူးထင်တယ်တဲ့။ ပြီးတော့ ဘုရားမှန်မှန်ဝတ်တက် ဟေ့ကောင် ဆိုပဲ။ ဘဝက အဲလို ရယ်စရာတွေနဲ့ ပြည့်နေတာ။
ကျုပ်မျက်နှာက သူများဆီ အတင်းအဓမ္မတောင်းချင်နေတဲ့ မျက်နှာပေါက်မျိုးလား ဘာလားတော့ မသိဘူး။ နည်းနည်းပါးပါး ရာထူးကြီးသူတွေ အာဏာကြီးသူတွေက ကျုပ်ဆီ ကိစ္စရှိလို့ လာရင်တောင် စကားသုံးခွန်းပြည့်အောင် အပြောမခံဘူး။ ချက်ချင်း ပြန်ထပြေးတယ်။ သူတို့ မျက်နှာကြည့်ရတာကလည်း ကျုပ်က သူတို့ဆီ အတင်းအဓမ္မ ဓားပြတိုက်အလှူခံမှာကို ကြောက်နေကြတဲ့မျက်နှာတွေ။ နောက်ပိုင်း လာတောင် မလာရဲကြတော့ဘူး။ သို့ပေတဲ့ ကျုပ် ဘာများ ကြီးကြီးမားမား အလှူခံခဲ့သတုန်း။ စဉ်းစား မရသေးဘူး။
“အရှင်ဘုရား အလိုရှိရင် မိန့်တော်မူပါ” ဆိုတာမျိုး လာကြောင်းတဲ့သူတွေရှိတယ်။ ကျုပ်ကလည်း ပြောစရာ ဘာမှ မရှိဘူး။ ကျောင်းမုခ်ဦးမရှိဘူး။ ကျောင်းမှာ သိမ်မရှိသေးဘူး။ စေတီတွေ ၁၇ ဆူရှိတာ ၆ ဆူပဲ ပြင်ရသေးတယ်။ ကလေးတွေအတွက် ပေ ၄၀ x ၂၀အိပ်ဆောင်လေး ဆောက်ချင်သားဆိုရင်တော့ အမြန်ဆုံးမြန်းကြတာပဲ။ သူတို့က အလိုရှိရင် လို့ပလ္လင်ခံတာက ဘာမှ မပြောဘဲ ပလ္လင်ခံတာမဟုတ်ဘူး။ ဘယ်မှာ ဘယ်ကဲ့သို့လှူထားတာဆိုတာမျိုးကို ဝခမန်းကြီးပြောပြီးမှ အဲဒီစကားမျိုး ကြောင်းတာ။ သို့ပေမယ့် တပည့်တော် ဒီလောက်တတ်နိုင်တယ် အရှင်ဘုရားအတွက် သို့မဟုတ် ကျောင်းအတွက် ဘာလုပ်ပေးရမလဲဆိုတဲ့ တကာ တကာမလေးတွေ ရှိနေကြတော့ သူတို့ကြောင့် အားရှိပါတယ်။ မဟုတ်လို့ကတော့ တပည့်တော်က ဘယ်မှာ ဘာကြီးလှူထားတာ ဆိုတဲ့ လူတွေနဲ့ သူတို့ဟာသတွေကို ထိုင်ရယ်နေရတာ မောပြီး သေလောက်တယ်။ ဒါကလည်း ကျုပ်က သူငယ်ချင်းတွေ ပြောသလို ဘုန်းကံနည်းတဲ့သူ ဖြစ်တာကြောင့်နှင့် အလုပ်သိပ်မလုပ်တာကြောင့်လည်း ဖြစ်ချင် ဖြစ်မပေါ့။ အလုပ်ကလည်း လုပ်ချင်တိုင်း လုပ်လို့ရတာမျိုးမဟုတ်ဘူး။ စိတ်ပါမှ လုပ်လို့ရတာ။ စိတ်ပါဦးတော့။ မျှော်မှန်းချက်တွေ မျှော်လင့်ချက်တွေ ရှိမှ လုပ်လို့ရတာ။ ကျုပ် ဘဝတလျှောက်လုံး ဘာမှ မျှော်မှန်းခဲ့ဖူးတာ မရှိဘူး။ ခုထိ ကျောင်းကို Eco-monastery လုပ်ရင်ကောင်းမလား။ ဆေးဖြတ်စခန်းလုပ်ရင်ကောင်းမလား။ စဉ်းစားတုန်း။
ဒီတော့ ကျုပ်က မျှော်မှန်းချက်တွေ မျှော်လင့်ချက်တွေ ဘာတွေ ထားတတ်တဲ့သူဆိုတာ ထင်ရှားရော မဟုတ်လား။ အဲဒီတော့ တပည့်တွေ ဘာတွေလည်း ဗျောက်သောက်/ ဗြောက်သောက် [ဒီစကားလုံးက အဘိဓာန်ထဲမှာ မရှိဘူးထင်တယ်ဗျ။ နောက်ထပ်ဖြည့်ကြတဲ့အခါကျရင်တော့ ထည့်ကြပေါ့] ဆိုပါတော့ဗျာ။ တချို့ဟာသတွေကို အပြင်မှာ တကယ်မရှိဘူးလို့ မှတ်တာဗျ။
သို့ပေတဲ့ ကျုပ်ခမျာ တကယ်ကြီး ကြုံရရှာသကိုး။ တနေ့က သုတ်ဆေး တဂါလံဗူးဝယ်ဖို့လိုလာတယ်။ ဒီဝန်းကျင်နားလေး အိမ်ဆောက်ပစ္စည်းဆိုင် သုံးဆိုင်ရှိတယ်။ ဒါနဲ့ အရင်သွားကြည့်ခိုင်းတယ်။ ဂါလံဗူးရှိသလားလို့ မရှိဘူးတဲ့။ ဒါဆိုလည်း နှစ်မိုင်ကျော်လောက်ဝေးတဲ့ နေရာမှာ အိမ်ဆောက်ပစ္စည်းဆိုင်ရှိတယ်။ အဲမှာပဲ သွားဝယ်လိုက်တော့လို့ ခိုင်းလိုက်တယ်။ ဂါလံဝက်ဗူး၊ ကွာတာဗူးထက်သေးတဲ့ ဗူးဝယ်လာတယ်။ ဘာလို့လဲ။ ဗူးကြီးမရှိဘူးလား မေးတော့ မရှိဘူးတဲ့။ ဒါနဲ့ ဒီသေးသေးလေးတွေကို ဘာလို့ ဝယ်လာတာတုန်းလို့မေးလိုက်တယ်။ အဲဒီမှာ သွားဝယ်ခိုင်းလို့ ဝယ်လာတာပါဆိုပါလား။ ခုနက ဒီနားဆိုင်နားလေးတွေမှာ ငါဘာခိုင်းတာလဲမေးတော့ ဗူးကြီး ဆင်းကြည့်ခိုင်းတာလို့ဖြေတယ်။ ဒါဆို ဒီနားမှာ ဗူးကြီးမရှိလို့ ဟိုဘက်သွားဝယ်ခိုင်းတာ ဘာလို့ ဒီဗူးသေးသေးလေးတွေ ဝယ်လာရတာလဲဆိုတော့ “ဝယ်လာဆိုလို့ ဝယ်လာတာလေ” ဆိုပဲ။ အော် ကျုပ်ပဲ မှားသွားတာ။
တနေ့တုန်းကလည်း ကိုရင်လေးတွေက သူတို့ ဟင်းပန်းကန်တွေကို မဆေးချင်တာနဲ့ ဟင်းလေးနည်းနည်းကျန်တာကိုလည်း ချန်ထားပြီး အလှည့်ကျတဲ့ ကိုရင်တွေ ဆေးရအောင်လုပ်တယ်။ ဒါကြောင့် ဆွမ်းဘုဉ်းပြီးတဲ့အခါ ဟင်းကျန်တွေကို တခွက်တည်းပေါင်းပြီး ကျန်တာ အကုန်ဆေးလို့ ပြောလိုက်မိတယ်။ စကားနားထောင်ပါတယ်။ ဟင်းကျန် မှန်သမျှ တခွက်တည်းကိုပဲ ပေါင်းထည့်တာ။ ဟင်းတွေ မှောက်ပြီး ဖိတ်သွားလည်း ပေါင်းထည့်နေတုန်းပဲ။ ဒါနဲ့ ဘာလို့တုန်းလို့ မေးတော့ “အရှင်ဘုရားပဲ ပြောထားတာလေ၊ ဟင်းတွေ ကျန်နေရင် တခွက်တည်းပေါင်းဆို” တဲ့လေ။ ဒါတွေ အကင်းပဲ ရှိသေးတယ်။ ခိုင်းရင် ခိုင်းတဲ့အတိုင်း လုပ်တယ်။ “စောက်ရမ်းလိမ္မာတယ်” အဲလို ရွဲ့ပြီးတော့ကို ပြောချင်လောက်အောင် အားလုံး ခိုင်းတဲ့အတိုင်း တသွေမတိမ်းပဲ။ ဟင်းကျန်တွေ ပေါင်းပြီး ဟင်းပေါင်းလုပ်ခိုင်းတယ်၊ ခါးတဲ့ဟင်းတွေ လက်သုတ်ချဉ်တွေ နားမလည်ဘူး အကုန်ထည့်ပေါင်း။ အတန်တန်မှာထားလည်း ထည့်ပေါင်း။ ပန်းကန်တွေ သပိတ်တွေ ဆေးနည်းကို အခါခါသင်ပေးလည်း စောင့်မကြည့်တဲ့ရက်ဆို ထမင်းလုံးတွေ ဟင်းတွေ ဝရုန်းသုန်းကား ပစ်တာပဲ။ လက်နှီးစုတ်တွေ လက်သုတ်တွေ လျှော်ခိုင်းတယ်။ လျှော်တယ်။ ပြောင်တာ မပြောင်တာ မဆိုင်ဘူး။ လျှော်ဆိုလို့လျှော်တာ၊ ခြောက်ရင်း သိမ်းဖို့ တာဝန်သူတို့မှာ မရှိဘူး။ မြေပေါ်ပြုတ်ကျပြီး နှင်းတွေ ထပ်စိုသွားလည်း သူတို့နဲ့ မဆိုင်ဘူးပဲ။ ဘုရားပန်းအိုး ရေလဲပေးကြဦးဆိုရင် ရေလဲလိုက်တာပဲ။ ရေနဲ့ကပ်ပြီး မဲသွားတဲ့အရွက်တွေဖြုတ်တန်ဖြုတ်၊ ဆေးတန်ဆေး၊ ပန်းနည်းနည်းနွမ်းရင် ခြွေတန်ခြွေ လုံးဝမလုပ်ပါဘူး။ ခိုင်းတာပဲ လုပ်တယ်။ အပိုမလုပ်ဘူး။ ရေဖွင့်ထားလို့ ရေလျှံနေတာ သူတို့နဲ့ မဆိုင်ဘူး။ ရေမရှိလို့ ရေဖွင့်ရမှန်း မသိဘူး။ အောက် အကပ်ကို ခပ်သုံးတယ်။ ကြွေပန်းကန်တွေဆိုရင် စင်ရဲ့ အပြင်ပိုင်းဘက်မထားနဲ့။ အတွင်းဘက်ထားလို့ အကြိမ်တထောင်ပြောလည်း ကြွေပန်းကန်းတွေက စင်အစွန်းမှာပဲ အမြဲရှိနေပြီး စတီးပန်းကန်တွေက အတွင်းပိုင်းဘက်မှာ အမြဲရှိတတ်တာကိုလည်း နားကို မလည်နိုင်ဘူး။ သင်္ကန်းတွေ လှန်းလို့ခြောက်ရင် သိမ်းပါလို့ပြောတယ်။ တခါပဲ။ မြေပေါ် ပြုတ်ကျသွားရင် မကောက်ဘူး။ နိုင်ငံတော် အဆင့်အနေနဲ့ သင်ကြားခံထားရတာ ဖြစ်တဲ့အတွက် ကျုပ်ကိုရင်တွေလည်း တတ်ပါတယ်။ ဒီတော့ မြေပေါ်ကျနေတဲ့ အဲဒီသင်္ကန်းက ပိုင်ရှင်မဲ့ပဲ။ ဒီနေ့မနက်မှ သိလိုက်ရတာ တခုရှိတယ်။ Project K အဖွဲ့ဟာ သူတို့အမှားကို တာဝန်မယူပဲ မသိဘူးဆိုပြီး ဘွာခတ်လိုက်တယ်။ Idol တောင်မှ အဲလိုဗျာ။ ကျုပ်ကိုရင်တွေက ဘာမို့လဲ။ သင်္ကန်းမြေပေါ်ကျတာကို မေးလို့ အချိန်သာ ကုန်သွားမယ်။ မသိဘူးဆိုတဲ့ အဆင့်က တက်မှာ မဟုတ်ဘူး။ သူတို့ကို ဆဲတာ ဆိုတာ အော်တာ ငေါက်တာ တခွန်းမှ မပါဘူး။ ဆွေးနွေးတာ။ ဒီမိုကရေစီ စံချိန်နဲ့အညီ စနစ်တကျ ရှင်းပြပြီး တာဝန်ယူမှု တာဝန်ခံမှုနှင့် လူသားဂုဏ်သိက္ခာတွေအကြောင်း အပြည့်နဲ့ကို ရှင်းပြတာ။ မရဘူး။ ဘုရားနိပါတ်တော်တွေနဲ့ ရှင်းပြတယ်နော်။ ပိုင်ရှင်မဲ့အမှုက ပိုင်ရှင်မဲ့ပဲ။ မသိတာကလည်း မသိတာပဲ။ ဘဝမှာ အဲလို နိုင်ငံဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ တပည့်တွေကို ပိုင်ဆိုင်ထားရတာ ဘယ်လောက် ဂုဏ်ယူစရာကောင်းလဲ။
နောက်တခုက တခါပြောရင် တခါပဲ ရတာ။ အဲဒါကတော့ ကြီးကြီးငယ်ငယ်အားလုံးပဲ။ အစကတည်းက ခိုင်းရင် ဒီမှာနေသမျှကာလပတ်လုံး လုပ်ရမယ်ဆိုတဲ့ စကားမပါတာကလွှဲလို့ အဲလိုခိုင်းတာ။ ဘယ်သူ တာဝန်ယူပေးမလဲဆိုပြီးတော့ မေးခိုင်းတာ။ ဒါပေမယ့် တရက်ပဲ။ ပြောလိုက်တာနဲ့ ဆင်ခြေပေါင်း သောင်းခြောက်ထောင် တန်းစီပြီးတက်လာတယ်။ သူတို့ကို ကြည့်လိုက် အေးဆေးပဲ။ မီးပိတ်ဖို့၊ ရေဖြည့်ဖို့၊ ဆွမ်းစားကျောင်းတံခါးပိတ်ဖို့၊ မနက် ၅ နာရီထဖို့ တခါပြောရင် တခါပဲ။ ကျုပ်ကို သောက်ဂရုကို မစိုက်တာ။ အမှိုက် လျှောက်မပစ်ဖို့နှင့် အမှိုက်ပုံး ပုံမှန်သွန်ဖို့ ကျုပ်လောက်ပြောတာ ကျုပ်ပဲ ရှိတာ။ သို့ပေတဲ့ ကျုပ်က ဩဇာသိပ်ကောင်းတဲ့သူလေ။ ဟဲ ဟဲ ဟဲ။ တကယ်တော့ ကျုပ်က သူငယ်ချင်းတွေ ပြောသလို ဘုန်းကံနည်းတာပါမကဘူး။ ဩဇာပါနည်းတာ။ ကုသိုလ်ကံကောင်းချက်။
တကယ်တော့ ကျုပ်ဘေးကပ်ရက်ခုံလေးမှာ လာထိုင်တယ်ဆိုတဲ့ သူတို့တွေကလည်း သူတို့ခရီးအတွက် သူတို့လာထိုင်တာ ဖြစ်ပါတယ်။ ဒီတော့ သူတို့ရဲ့ဘေးနား ထိုင်တဲ့လူတွေရဲ့ ကောင်းခြင်း ဆိုးခြင်းကို သူတို့ စဉ်းစားမယ်မဟုတ်ဘူးဆိုတာကို သိပါတယ်။ နည်းနည်းနောက်ကျသွားတာက လွဲလို့ပေါ့။ သိရပြီဆိုကတည်းက မဆိုးဘူးလေနော့။ ဒါပေမယ့်လည်း တချို့က ကိုယ့်ကို ဒုက္ခပေးဖို့ ကိုယ့်ဘေးနားရောက်လာတာ ဖြစ်တတ်သလို ကိုယ့်ကို ကူညီမယ့်သူလည်း ဖြစ်နေနိုင်တာလည်း ပါပါတယ်။ ဒီတော့ အခု ကျုပ်ဘေးနားကပ်ရက်ခုံမှာ ထိုင်နေကြတဲ့သူတွေက ကျုပ်ကို ဘယ်လိုလူတွေလဲ။