`ငါဘုရင်ဖြစ်ရရင် ကောင်းမယ်။ ငါဘုရင်ဖြစ်ရလို့ ငါဘုရင်ဖြစ်ချိန်ကျရင် ဘုရားရှင်က ငါ့တိုင်းပြည့်ကို ကြွလာရင် ကောင်းမယ်။ ဘုရားရှင်ကြွလာလို့ရှိရင် ဘုရားရှင်ကို ရိုသေစွာ ဆည်းကပ်ခွင့်ရရင်ကောင်းမယ်။ ငါ ဘုရားရှင်ကို ဆည်းကပ်တဲ့အချိန်မှာ ဘုရားရှင်က ငါ့ကို နိဗ္ဗာရောက်ကြောင်းတရားဟောရင် ကောင်းမယ်။ ပြီးတော့ ငါကိုယ်တိုင်ကလည်း ဘုရားရှင်ဟောတဲ့တရားကို နာယူနိုင်စွမ်းရှိခဲ့ရင် သိပ်ကောင်းမှာပဲလို့ ´ ရာဇဂြိုဟ်ပြည့်ရှင်ဖြစ်လာမယ့် ဗိမ္ဗိသာရမင်းဟာ သူအိမ်ရှေ့စံဘ၀မှာ အဲလို ဆုတောင်းခဲ့ဖူးပါတယ်။ သူ့တောင်းတချက်ဟာ အကြောင်းအကျိုး ညီညွတ်ခါနီးပါပြီ။ ဘုရားရှင် တောထွက်တုန်းကလည်း သူပဲ ဘုရားဖြစ်ရင် သူ့နိုင်ငံအရင် ကြွလာပါလို့ လျှောက်ထားဖူးတယ်လေ။
ကြာနေတာက ဥရုဝေလကဿပ ကို ချွတ်နေရလို့ပါ။ ကြည့်စမ်းပါဦး။ ဥရုဝေလကိုချွတ်ဖို့ ဘယ်လောက်တောင်ကြာတယ်ထင်လဲ။ ခြောက်လဗျ။ ခြောက်လ။ ဥရုဝေလကဿပဆိုတဲ့ ရသေ့တွေအားလုံးရဲ့ခေါင်းဆောင်ဟာ သူ့ကိုယ်သူ တော်တော်လေးအထင်ကြီးနေတယ်။ ဘုရားရှင်နဲ့တွေ့တွေ့ချင်း ဘုရားရှင်က နဂါးကို နိမ်နင်းပြပါတယ်။ ဒါပေမယ့် ဥရုဝေလက ဘာတွေးလည်းဆိုတော့ တန်ခိုးတော့ ကြီးရှာပါတယ်။ ငါ့လို ရဟန္တာမဖြစ်တာပဲဆိုးတယ်…တဲ့။ ဒါပေမယ့် ဘုရားရှင်ရဲ့ ဘ၀ဆက်ဆက်က အာဟာရလှူဒါန်းခြင်း၊ အ၀တ်အစားလှူဒါန်းခြင်း၊ တံမျက်စည်းလှည်းခြင်း၊ အမျက်မထွက်ခဲ့ဖူးခြင်းစတဲ့ ကောင်းမှုကုသိုလ်ကံကြောင့် ရုပ်ဆင်းဟာ အလွန့်အလွန်တင့်တယ်ပြီး ကြည်ညိုဖွယ်ကို ဆောင်နေပါတယ်။ ရုပ်ဆင်းကြောင့်ရယ် ။ ဘုရားရှင်က နဂါးကိုနိုင်တာကြောင့်ရယ် ဥရုဝေလကဿပက နည်းနည်းတော့ ကြည်ညိုတယ်။
ဒီတော့ သူက ဘုရားရှင်ကို ဆွမ်းခံမကြွခိုင်းပါဘူး။ သူ့ တပည့်တွေရာတဲ့ဆွမ်းကို ဘုရားရှင်နဲ့အတူ စားပါတယ်။ ကြားထဲ ခြောက်လလုံးလုံး ဘုရားရှင်က ဥရုဝေလရဲ့မာန်မာနကျစေဖို့ တန်ခိုးအမျိုးမျိုးပြပါတယ်။ ဒါပေမယ့် ဥရုဝေလက သူ့ကိုယ်သူ အထင်အရမ်းဇွတ်ကြီးနေတဲ့ ပုဂ္ဂိုလ်မဟုတ်လား။ လုံးဝပါပဲ။ ဒီလိုနဲ့ ခြောက်လလောက်ကြာလာတယ်။ ဆောင်းတွင်းရောက်လာတယ်ဗျာ။ အဲမှာ အခါလွန်မိုးရွာတယ်။ မိုးတွေက သည်းသည်းမဲမဲ။ ရေတွေပါတယ်။ ဘုရားရှင်နေတာက ချိုင့်ဝှမ်းထဲ။ ဒီတော့ ဥရုဝေလက ရုပ်ကလေးသနားကမားနဲ့ ဟိုရဟန်းကြီး မိုးထဲ လေထဲ ဘယ်လောက်ဒုက္ခရောက်နေပြီလဲ မသိဘူး ငါသွားခေါ်ဦးမှ ဆိုပြီး ဘုရားရှင်ထံလာခဲ့တယ်
`ဟာ ဒီရဟန်းကြီးတော့ ခြောက်လလုံးလုံး အံ့သြနေရတယ်ဟေ့ ။ ခု ကြည့်စမ်း မိုးတွေ ဒီလောက်ရွာနေတာ. .. သူ့ကို ရေတစ်စက်မှ မစိုဘူး။ ကြည့်စမ်း ရေတွေ ဒီလောက်စီးနေတာ သူလျှောက်နေတဲ့လမ်းမှာ ရေတစ်စက်မစိုဘူး တန်ခိုးတော့ တော်တော်ကြီးရှာတယ်။ ခက်တာက ငါ့လို ရဟန္တာမဟုတ်တာပဲ´ လို့ ထုံးစံအတိုင်းတွေးပါတယ်။ ဘုရားရှင်က သူ့ရဲ့ဉာဏ်အနုအရင့်ကို ကြည့်လိုက်တော့ ဉာဏ်ရင့်သန်ချိန်ကို ရောက်သွားပါပြီ။ ဒီတော့မှ ဘုရားရှင်က
`ဥရုဝေလ ကဿပ သင်ဟာ ရဟန္တာမဟုတ်ပါဘူး။ ရဟန္တာအဖြစ်ကို မြူတစ်စက်လောက်တောင်မှ မရောက်သေးပါဘူး´ လို့ ဥရုဝေလရဲ့ စိတ်ထဲကအကြံကို ပြောလိုက်ပါတယ်။ ဒီတော့ ဥရုဝေလ နောင်တရသွားတယ်။ ပြီးတော့ ဘုရားရှင်ကို တောင်းပန်တယ်။ ရဟန်းအဖြစ်ကိုလည်း တောင်းတယ်။ ဘုရားရှင်က ချက်ချင်းရဟန်းပြုခွင့်မပေးပါဘူး။
`သင့်မှာ တပည့်တွေ အများကြီးရှိတယ် ကဿပ၊ သင့်တပည့်တွေကို သင်ဘယ်လိုလုပ်မလဲ´ လို့ မေးတော့ ဥရုဝေလက သူ့တပည့်တွေဆီသွားပြီးတော့ `ကဲ မင်းတို့သွားချင်ရာ သွားကြပေတော့ ငါတော့ ရဟန်းကြီးဆီမှာ တပည့်ခံတော့မယ်´ လို့သွားပြောတယ်။ အံမယ်။ တပည့်တွေက ဆရာထက်သာတယ်။ ကျွန်တော်တို့များ အဲဒီရဟန်းဆီမှာ တပည့်ခံချင်နေတာ နဂါးကို နိမ်နင်းပြကတည်းကပါပဲတဲ့။ ဒီလိုနဲ့ အဲဒီနေ့ ရဟန်း ငါးရာဖြစ်လာတယ်။ နောက်တော့ ဥရုဝေလရဲ့ ညီဖြစ်တဲ့ နဒီနှင့် ဂယာ တို့ကလည်း တပည့်တွေနဲ့အတူ ရဟန်းလာဝတ်ကြတယ်။ ဒီတော့ ဘုရားရှင်ဆီမှာ ရဟန်းတစ်ထောင်ဖြစ်သွားတယ်။ အဲဒီရဟန်းတစ်ထောင်နဲ့ ဘုရားရှင်ဟာ ရာဇဂြိုဟ်ပြည်ကို ကြွပါတယ်။
ဘုရားရှင်က နန်းတော်နဲ့ မနီးမဝေးဖြစ်တဲ့ ထန်းပင်ပျိုတောထဲမှာ သီတင်းသုံးနေပါတယ်။ ဒီသတင်းကိုကြားတော့ ဗိမ္ဗိသာရက ပုဏ္ဏားသူဌေးပေါင်း ၁၂၀၀၀၀ နဲ့ ရောက်လာတယ်။ အများကြီးမှ အများကြီးပါပဲ။ များလွန်းမက များတယ်ဆိုတော့ လူများ စိတ်များပေါ့။ အမျိုးမျိုးပေါ့လေ။ တစ်ချို့က ဘုရားရှင်ကို နှုတ်ဆက်ကြတယ်၊ တစ်ချို့က နှုတ်မဆက်ကြဘူး။ တစ်ချို့က ဟိုလိုလို ဒီလိုလို။ သူတို့က လက်အုပ်ကလေးချီထားတာ။ မင်းတို့က ဘုရားကို ရှိခိုးတယ်ပေါ့ ဟုတ်လားလို့ တစ်ယောက်ယောက်က ပြောလာရင် ဟုတ်ပါဘူးကွာ မကောင်းတတ်လို့ လက်အုပ်ချီထားတာ လို့လုပ်မယ်။ မင်းတို့က ဘုရားကိုတောင်မှ ရှိမခိုးဘူးပေါလေ ပြောလာရင် `လက်အုပ်ချီထားတာမတွေ့ဘူးလား´ လို့ ပြန်ပြောမယ်ပေါ့ တချို့ကတော့ သူ့ကိုယ်သူ ဘယ်သူဘယ်ဝါပါလို့ နှုတ်ဆက်တယ်။ ဘုရားဆိုတဲ့ပုဂ္ဂိုလ် သူ့ကို အထင်သေးနေမှာစိုးလို့ ။ တစ်ချို့ကတော့ လုံးဝ နှုတ်မဆက်ဘူး။ ခပ်လှမ်းလှမ်းမှာကို ထိုင်နေတာ။ ငါများသွားနှုတ်ဆက်လိုက်လို့ င့ါအိမ်ဆွမ်းစားကြွလာမယ်ဆိုရင် ငါ့မိန်းမနဲ့ငါ ကွိုင်ပြီ ဆွေမျိုးတွေကလည်း ကဲ့ရဲ့ပြီ စသဖြင့် တွေးမိလို့ လုံးဝ နှုတ်မဆက်ဘူး။
ဘုရားရှင်ဘေးနားမှာ ဥရုဝေလပါလာတာကို အားလုံး နည်းနည်းစိတ်ဝင်စားတယ်။ ဘယ်သူက တပည့် ဘယ်သူက ဆရာဆိုတာကို သိချင်ကြတယ်။ ဒီအကြောင်းကို သိတဲ့ ဘုရားရှင်က ဥရုဝေလနဲ့ အမေးအဖြေလိုပါတယ်။
`ကဿပ.. အရင်တုန်းက သင် မီးပူဇော်တဲ့ အလုပ်ကို လုပ်တယ် ၊ အခု ဘာလို့ စွန့်လွတ်လိုက်တာလဲ´
`အရှင်ဘုရား မီးပူဇော်သောအလုပ်ဟာ အဖန်ဖန်မွေးဖွားရခြင်း အဖန်ဖန်သေဆုံးရခြင်းမှ မလွတ်သောကြောင့် တပည့်တော်စွန့်လွတ်လိုက်ပါပြီ´
စသဖြင့် မေးဖြေပြီးနောက် ဥရုဝေလဟာ ထန်းပင်လောက်အမြင့်ကိုတက်ပြီး တန်ခိုးပြပြီး ဘုရားရှင်ရဲ့ ခြေတော်ရင်းမှာ ဦးသုံးကြိမ်ချပါတယ်။ ဒီတော့ ဘုရားဟာ ဆရာ ဥရုဝေလဟာ တပည့်လို့ သိကုန်ပါတယ်။
အဲလိုသိပြီးတဲ့နောက်ပိုင်း ဘုရားရှင်က မင်းနဲ့တကွ ပရိသတ်ကို အလှူဒါနနဲ့ ပတ်သက်တာ၊ သီလနဲ့ပတ်သက်တာ၊ နတ်ပြည်နဲ့ ပတ်သက်တာ ၊ မဂ်ဖိုလ်နဲ့ပတ်သက်တာတွေကို ဟောကြားပါတယ်။ ဟောကြားပြီးတဲ့အခါ ဗိမ္ဗိသာရဟာ နက်ဖြန် နန်းတော်ကို ဆွမ်းစားကြွခဲ့ဖို့ပင့်တယ်။
နောက်တစ်နေ့ နန်းတော်ကို ဆွမ်းစာကြွဖို့သွားတော့ လူတွေက ကြိတ်ကြိတ်တိုး ဘုရားကို ဖူးမြော်ကြတယ်လေ။ ထုံးစံပေါ့။ ထူးထူးဆန်းဆန်းလည်းဖြစ်တယ်။ ဘုရားကိုလည်းဖူးမျှော်ချင်ကြတယ်။ တစ်မြို့လုံး ထွက်ကြတည်ဆိုတော့ လမ်းကိုပျောက်ရော။ လမ်းပျောက်နေလို့ သိကြားမင်းကတောင် လမ်းဆင်းဖယ်ပေးရသေးတယ်။ ဆွမ်းစားပြီး ဗိမ္ဗိသာရက ဝေဠုဝန်ဥယျာဉ်မှာ ကျောင်းဆောက်လုပ်လှူဒါန်းပါမယ်လို့ လျှောက်ထားပြီး ဘုရားရှင်ပြန်ကြွတော့ ကျောင်းဆောက်ဖို့ စီမံပါတယ်။
ဒါကို မကျေနပ်တဲ့သူရှိပါတယ်။ တောက်တစ်ခေါက်ခေါက်နဲ့။ တစ်ချို့ဆို ငိုနေကြတယ်။ တစ်ချို့ဆို ကြိတ်မနိုင် ခဲမရ။ မျှော်လင့်ချက်လုံးဝပျောက်နေတဲ့ မျက်နှာတွေနဲ့။ သူတို့ကတော့ ဗိမ္ဗိသာရမင်းရဲ့ ဆွေမျိုးတွေပါ။ ဟုတ်ပါတယ်။ ဒါပေမယ့် ခုဘ၀ဆွေမျိုးတွေ မဟုတ်ပါဘူး။ ဟိုး ၉၂ ကမ္ဘာလောက်က ဆွေမျိုးတွေပါ။ သူတို့က အခုကမ္ဘာမှာမှ ငရဲက လွတ်လာပြီး ပြိတ္တာလာဖြစ်နေကြတဲ့ ဗိမ္ဗိသာရဲ့ဆွေမျိုးတွေပါ။