ဘုရားရှင်က ဇာတ်တော် ငါးခုကို ဟောပြတော်မူပြီး နှစ်ပြည်ထောင်ရဲ့ ရန်ကို ငြိမ်းစေလိုက်တဲ့အခါ နှစ်ပြည်ထောင်မင်းတို့ဟာ ဘုရားရှင်ကို ပိုကြည်ညိုသွားကြပြီးနောက် တစ်ဖက်ကို မင်းသား (၂၅၀) စီလှူပြီး ရဟန်းဝတ်စေပါတယ်။ အားလုံး ဧဟိဘိက္ခု ချည်းဖြစ်ပါတယ်။ ဘုရားရှင်က အဲဒီ ရဟန်းငါးရာနဲ့ ကပိလ၀တ်ကို တစ်လှည့်၊ ကောလိယကို တစ်လှည့် ဆွမ်းခံကြွပါတယ်။
နောက်လိုက် ရဟန်း ၅၀၀ ကတော့ သဒ္ဓါတရား အလျှောက် ရဟန်းဝတ်လာတာ မဟုတ်ကြလေတော့ မပျော်ကြဘူး။ အဲဒီကြားထဲ ကျန်ခဲ့တဲ့ ချစ်သူတို့ အိမ်သူတို့က ဟိုညည်းပြ ဒီညည်းပြ လုပ်ပြန်တော့ သူတို့ခမျာ ပိုဆိုးရပြန်ပါတယ်။ ဘုရားရှင်ဟာ အဲဒီရဟန်းတွေကို တစ်ရက်ခြောက်ကြိမ် သဗ္ဗညုတဉာဏ်နဲ့ ကြည့်တော်မူပါတယ်။ ဘုရားရှင်မှာ နေ့စဉ် နေ့တိုင်း လေးဆယ့်ငါးဝါပတ်လုံးလုံး အဲဒီလုပ်ငန်းကို လုပ်သွားခဲ့တာဖြစ်ပါတယ်။ ဘုရားရှင်ဟာ သူ့တပည့်ရဟန်းတွေ အားလုံးအပေါ် ရစ်မက ဥကို စောင့်ရှောက်သလို စာမရီက မိမိမြီးဆံကို စောင့်ရှောက်သလို မိခင်က တစ်ဦးတည်းသော သားကို စောင့်ရှောက်သလို တစ်ဖက်လပ်က ကျန်မျက်လုံးကို စောင့်ရှောက်သလို အမြဲ စောင့်ရှောက်တော်မူခဲ့တာ ဖြစ်ပါတယ်။ ဘုရားရှင် အဲဒီလို ဆင်ခြင် ကြည့်တော့ ရဟန်းတွေ မပျော်ပိုက်တာကို တွေ့ရပါတယ်။
မနက် ဘုရားရှင်က ဆွမ်းခံပြန်ရောက်တော့ အဲဒီ ရဟန်း(၅၀၀)ကို “ချစ်သားတို့ ဟိမ၀န္တာကို ရောက်ဖူးလား” လို့မေးတယ်။ ရဟန်းတွေက မရောက်ဖူးဘူး ဆိုတော့ “အဲဒီဘက်ကို ခရီးလှည့်လည်မလား” လို့မေးတော်မူတယ်။ “တပည့်တော်တို့မှာ တန်ခိုးမှ မရှိတာ၊ ဘယ်လိုလုပ်သွားမလဲ” လို့ ရဟန်းငါးရာက ဖြေတော့ ဘုရားရှင်က “တန်ခိုးရှိသူ တစ်ယောက်ယောက်က ခေါ်သွားမယ်ဆိုရင်ကော ချစ်သားတို့ လိုက်မလား” လို့ မေးတော်မူပြန်တယ်။ ရဟန်း (၅၀၀) ကတော့ “အာမ ဘန္တေ” ပဲ။
ဟိမ၀န္တာ မှာ လှည့်လည်နေစဉ်မှာပဲ ရဟန်း (၅၀၀) ဟာ ချစ်သူ၊ အိမ်သူတို့ဆီကို တပ်မက်တဲ့ တပ်မက်မှုက ပျောက်သွား ပါပြီ။ လှည့်လည်ပြီးနောက် ဘုရားရှင်က ကမ္ဘာပတ်လုံးတည်မဲ့ အင်ကြင်းပင်တစ်ပင်အောက်မှာ အနားယူပြီး “ကဲ ချစ်သားတို့ ချစ်သားတို့ သိလိုတာရှိရင် မေးနိုင်တယ်” လို့ ဖွင့်ပေးလိုက်တော့ ရဟန်းငါးရာဟာ ထူးဆန်းတာတွေချည်း တွေ့မြင်ခဲ့ရလို့ ဘာမေးလို့ မေးရမှန်းမသိဘူး ဖြစ်နေကြတယ်။ ပိုထူးဆန်းတာ တစ်ခုကိုတော့ ရဟန်းတိုင်းက သိချင်နေကြတယ်။ အဲဒါက ဥသြငှက်တစ်ကောင်ကို သူတို့ မြင်ခဲ့ရပုံလေး။
ဥသြငှက်ပျိုမ နှစ်ကောင်က တုတ်တစ်ချောင်းကို အစွန်းမှာ ကိုက်ပြီး အလယ်မှာ ဥသြငှက်တစ်ကောင်ကို ထိုင်နေစေတယ်။ ဘေးမှာလည်း ဥသြငှက်တွေ ခြံရံလို့။ အဲဒါဘာလဲ။ ထူးဆန်းတာတွေ အများကြီးထဲက အဲဒါက ပိုထူးဆန်းနေတယ်ပေါ့။ ဘုရားရှင်က “အဲဒါ သကုဏ၀င် ငှက်မျိုးတွေဖြစ်ပါတယ်။ အဲဒီ အစဉ်အဆက်ရဲ့ အစကို ငါဘုရား ထွင်ခဲ့တာဖြစ်ပါတယ်၊ အဲဒီတုန်းကတော့ ခြံရံနေတဲ့ ငှက်တွေ ဒီထက်များတယ်” လို့ ဘုရားရှင်က ရှင်းပြပြီး သကုဏဇာတ်ကို ဂါထာပေါင်း (၃၀၀) ကျော်နဲ့ ဟောတော်မူပါတယ်။ ဂါထာ အဆုံးမှာ ရဟန်းအားလုံး သောတာပတ္တိမဂ်နဲ့တကွ မြေလျှိုးမိုးပျံသော ဈာန်ကိုပါ တစ်ခါတည်း ရကြပါတယ်။ ဘုရားရှင်က သောတာပန်အဆင့်မှာပဲ ရဟန်းငါးရာကို ခေတ္တထားလိုက်ပြီး ကောင်းကင်ခရီးဖြင့် မဟာဝုန်တောကို ပြန်ကြွလာခဲ့ပါတယ်။ မဟာဝုန်ရောက်တော့ ရဟန်းငါးရာကို တစ်ဖန်ခေါ်ပြန်ပြီး အထက်မဂ်ရကြောင်း တရားကို ဆက်လက်ဟောကြားလိုက်ပါတယ်။ အဲဒီမှာ ရဟန်းငါးရာက “ဘုရားရှင်ဟာ ငါတို့တွေ ညည်းငွေ့နေတာကိုလည်း သိတော်မူတယ်။ သောတာပန်ပုဂ္ဂိုလ်လည်းဖြစ်စေခဲ့တယ်။ အခု အထက်မဂ်ရဖို့ တရားကို ဟောပြန်ပြီ၊ ငါတို့ဟာ ဘုရားရှင်ရဲ့ ချစ်ခြင်းကို အလဟဿ မဖြုန်းတီးပစ်သင့်ဘူး” ဆိုပြီး တရားကို ပြင်းပြင်းထန်ထန် အားထုတ်ကြပါတယ်။ သိပ်မကြာခင်မှာပဲ ရဟန်းငါးရာဟာ ရဟန္တာဖြစ်ပါတယ်။
ပထမဦးဆုံး ရဟန္တာက ငါ့တစ်ပါးတည်း ရဟန္တာဖြစ်သလား ဆိုပြီး နောက်ကိုပြန်လှည့် ကြည့်ပါတယ်။ နောက်က ရဟန္တာကလည်း ငါ့တစ်ပါးတည်း ရဟန္တာဖြစ်သလား ဆိုပြီး နောက်ပြန်လှည့်ကြည့်တယ်။ မှန်ပါတယ်။ ရဟန္တာတို့ဆိုတာ ကိုယ်ရဟန္တာဖြစ်ရင် ကျန်တဲ့ သူများကိုလည်း ရဟန္တာဖြစ်စေချင်တယ်။ ရဟန္တာဖြစ်ရခြင်းရဲ့ အရသာကို သူတို့ သိသွားကြပြီကိုး။ ဒါပေမယ့် ရဟန္တာဟာ သူရဟန္တာဖြစ်တာကို ဘယ်တော့မှ ဘယ်သူ့ကိုမှ အကြောင်းပြချက် မခိုင်လုံဘဲ မပြောပါဘူး။
အဲဒီနေ့ညဟာ နယုန်လပြည့်နေ့ညပါ။ ရဟန္တာတွေ စုဝေးနေထိုင်နေလေတော့ သဘာဝကြီးက ဆီးနှင်း၊ မြူ၊ တိမ်၊ အသူရိန်နှင့် မီးခိုးစတဲ့ အလင်းရဲ့ အပြစ်ငါးမျိုးကနေ ကင်းစင်နေ စေပါတယ်။ ရဟန္တာတွေချည်း စုစည်းနေတာမြင်တော့ နတ်တွေက ဆူညံဆူညံနဲ့ လာကြပါတယ်။ ရဟန္တာတွေချည်း ဖူးရခဲတယ် သွားဖူးရအောင် ဆိုပြီးတော့ပေါ့လေ။ မဟာဝုန်တောအုပ်က နတ်တွေရဲ့ ဆူညံသံကို နတ်တွေအဆင့်ဆင့်ကြားပြီး ရောက်လာကြပါတယ်။ နောက် ဗြဟ္မာတွေလည်း ရောက်လာကြတယ်။ အဲ သုဒ္ဓါဝါသ ဗြဟ္မာကြီးတွေကတော့ နည်းနည်းနောက်ကျတယ်။ သူတို့က သူတို့ နောက်ကျတာကို အရှက်ပြေလေးနဲ့ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို သီဖွဲ့ပြီး လာကြတယ်။ ဒါမှ သူတို့ လာရာလမ်းကြောင်းလည်း ပွင့်နိုင်မယ်လေ။ နတ်တွေက ဘယ်လောက်ထိ များသလဲဆိုရင် နတ်တွေကြားထဲ မုန်ညင်းစေ့လေးထည့်လိုက်ရင်တောင် မုန်ညင်းစေ့ဟာ အောက်ကို မကျနိုင်ဘူးတဲ့။ နတ်တွေကြားထဲ ရနံ့တစ်ခုလောက် အပေါ်ကို ထိုးတက်ချင်ရင်တောင် မထိုးတက်နိုင်ဘူးတဲ့လေ။
တချို့နတ်တွေက ဘာတွေ စဉ်းစားကြလဲ ဆိုတော့ နတ်တွေ ဒီလောက်များတာ ဘုရားရှင်က ငါ့ကို သိမှာ မဟုတ်ဘူးလို့ စဉ်းစားမိကြပြီး ၀မ်းနည်းမိကြသတဲ့။ ဒါကို ဘုရားရှင်ရဲ့ သဗ္ဗညုတဉာဏ်နဲ့ မြင်တော်မူတော့ ဘုရားရှင်ဟာ ကျွတ်ထိုက်တဲ့ နတ်သားရဲ့ နာမည်ကို ထည့်ပြီး တရားဟောတော်မူပါတယ်။ ဘုရားရှင်ရဲ့ တရားတော်ဟာ ကျွတ်ထိုက်တဲ့ နတ်သားများရဲ့ နှလုံးအိမ်ကို ကိုင်လှုပ်ပြီးတော့ ဟောသလို ဖြစ်သွားပါတယ်။ ပြီးတော့ ဘုရားရှင်ဟာ နတ်တွေ ဒီလောက်အများကြီးထဲမှာ ငါ့အတွက်သာ တရားဟော တော်မူတယ်လို့ ထင်သွားစေခဲ့ပါတယ်။
ဒါပေမယ့် ဒီနေရာမှာ ဘုရားရှင် တရားဟောပုံက ထူးဆန်းပါတယ်။ ဒီလိုမျိုး ဘုရားရှင် တစ်ကြိမ်သာ ဟောခဲ့ပါတယ်။ ဘုရားရှင်က တရားဟောရာမှာ
၁။ ကိုယ်တော်မြတ်အလိုအတိုင်း ဟောခြင်း
၂။ တရားနာမည့်သူ အလိုအတိုင်း ဟောခြင်း
၃။ ဖြစ်ပေါ်လာသည့် အကြောင်းကို စွဲပြီး ဟောခြင်း
၎။ မေးခွန်းအပေါ်တည်၍ အဖြေတရားဟောခြင်း
လို့ လေးမျိုးရှိရာမှာ ဒီနေရာမှာ ဘုရားရှင်က နောက်ဆုံး ဟောခြင်းနဲ့ ဟောမှ အဆင်ပြေမှာ ဖြစ်တဲ့အတွက် ပုစ္ဆာမေးမြန်းနိုင်သူလည်း မရှိတဲ့အတွက် နိမ္မိတရုပ်ဖန်ဆင်းပြီးတော့ ကိုယ်တိုင်မေး ကိုယ်တိုင်ဖြေတရား ဟောတော်မူခဲ့ပါတယ်။ ဒါကို အရိယာ နတ်ဗြဟ္မာများသာ သိပါတယ်။ ဒီနေရာမှာ ဟောတဲ့တရားက နာမည်လည်းကြီးပါတယ်။ နိုင်ငံတော်ကလည်း နယုန်လပြည့်ညမှာ ဒီတရားတော်ကို ရွတ်ဘာသ်ပူဇော်ပွဲ ကျင်းပပေးလေ့ရှိပါတယ်။
ဒီတရားတော်ဟာ နတ်တွေ အလွန်လေးစားကြည်ညိုတဲ့ တရားတော်လည်းဖြစ်ပါတယ်။
နည်းနည်းပဲ ရေးမယ်လေ။ မေးခွန်းမမေးရတာကြာလို့ မေးခွန်းမေးလိုက်ပါဦးမယ်။ ဘုရားရှင် နယုန်လပြည့်ညမှာ ဟောခဲ့တဲ့ တရား နတ်တွေ အလွန်ကြည်ညိုတဲ့ တရားတော်ရဲ့ အမည်က ဘာတရားတော်ပါတဲ့လဲ ခင်ဗျာ။