အပြင်မှာ အလုပ်တွေများနေတာနဲ့ ကျွန်တော် ဗုဒ္ဓဖြစ်စဉ်ကို ပစ်ထားမိသလိုဖြစ်သွားပါတယ်။ အခု အဂ္ဂိဒတ္တရသေ့ ရဲ့ အဖြစ်အပျက်ကနေစလို့ ပြန်လည်ရေးသားပါမယ်။
မြတ်စွာဘုရားက သုမနပန်းသည်ကို ချွတ်တော်မူပြီးနောက် ဒီအဂ္ဂိဒတ္တရဲ့အဖြစ်အပျက်ကလေး ဖြစ်ပေါ်လာတာပါ။ ဒီအဖြစ်အပျက်လို့ မပြောခင် အဂ္ဂိဒတ္တရဲ့ အဖြစ်အပျက်ကလေးကို ကြိုပြောမှ ရပါမယ်။ ခေတ်အခေါ်အဝေါ်နဲ့ ဆိုရင် အဂ္ဂိဒတ္တဟာ ဗေဒင်ဆရာပါ။ ရာထူးလည်း နည်းနည်းကြီးပါတယ်။ ဘုရင်ရဲ့ ဗေဒင်ဆရာဆိုပါတော့။ ဘုရင်အဆက်ဆက် သူ့ကို ဗေဒင်ဆရာအဖြစ်ခန့်ထားပါတယ်။ ဘုရင်နှစ်ဆက်၊ သုံးဆက်ပြောင်းလာတော့ ဘုရင်က ငယ်လာတယ်။ သူက အသက်ကြီးလာတယ်။ ဗေဒင်ဆရာပဲ။ ခန့်မှန်းမိမှာပေါ့။ ဘုရင်ငယ်ငယ်လေးဟာ ငါ့လို ပုဏ္ဏား အိုကြီးကို အကြာကြီးသဘောမကျနိုင်ဘူးလို့ပေါ့။ ဒါနဲ့ သူတောထွက်ခဲ့ပါတယ်။ ပြောရဦးမယ်။ အဲဒီခေတ်က အသက်ကြီးလာရင် တောထွက်ရမယ်လို့သတ်မှတ်ထားကြတယ်ဗျာ။ ရသေ့ ရဟန်းဝတ်ရမယ်ပေါ့။ ဒီတော့ အဂ္ဂိဒတ္တ ကလည်း တောထွက်ခဲ့တယ်ဆိုပါတော့ဗျာ။ ဆရာတောထွက်တော့ တပည့်တွေလည်း လိုက်ထွက်ကြတယ်။ တစ်သောင်းလောက်တောင်ရှိတယ်။ တပည့်တွေက။ အဲဒီတပည့်တွေနဲ့အတူ တောတစ်တောဆီကို တောထွက်ခဲ့တယ်။ ဗေဒင်ဆရာပဲ လုပ်ခဲ့သူဆိုတော့ ဘာကိုးကွယ်ရမယ်မှန်းမသိဘူးလေ။ ဒါနဲ့ တောထဲ ရှိတဲ့ သစ်ပင်တွေ တောင်ပို့တွေကို ကိုးကွယ်နေတယ်ဆိုပါတော့။ ရာဂစိတ်တစ်ချက်ပေါ်ရင် သဲတစ်ဆုတ် လာပုံစတမ်းဆိုပြီး နေရာတစ်ခု သတ်မှတ်ထားတယ်။ အဲဒီနေရာကိုလည်း ကိုးကွယ်တယ်။ ကြာတော့ တောင်ပို့ပုံစံလေးဖြစ်လာတယ်။ အဲဒီလို သူကိုးကွယ်တဲ့ တောင်ပို့တစ်ခုမှာ နဂါးကြီးတစ်ကောင်လာနေတယ်ဗျ။ ရသေ့တွေက လာလာအရိုအသေပေးတာကို ပထမတော့ နဂါးက စိတ်တိုသေးတယ်။ နောက်တော့ သူ့ကို ကိုးကွယ်နေမှန်းသိတော့ ငြိမ်နေလိုက်တယ်။ နတ်ကိုးကွယ်သူများ သိသင့်တယ်။ တိရစ္ဆာန်တောင်မှ သူ့ကို ကိုးကွယ်မှန်းသိတော့ ငြိမ်ခံနေသေးတယ်ဗျာ။ နတ်စိမ်းတွေ နတ်ဆိုးတွေ နတ်ညံ့တွေလည်း ကိုယ့်ကို ကိုးကွယ်နေမှန်းသိရင် ဘယ်စိတ်ဆိုးတော့မှာတုန်း။ အဲ ကိုးကွယ်နေလက်စ ဖြတ်မယ်ဆိုရင်တော့ လာခဲ့… ငါ့ အစွမ်းတွေသိစေရမယ်ဆိုပြီး ရှိစု မဲ့စု နတ်တန်ခိုးထုတ်တော့မှာပေါ့ဗျ။ ဟုတ်တယ် မဟုတ်လား။ ခုလည်း နဂါးက ကိုးကွယ်ခံနေတယ်။ အဂ္ဂိဒတ္တပုဏ္ဏားရဲ့ ကျွတ်တမ်းဝင်ခါနီး အချိန်ကို ဘုရားရှင်က သိမြင်တော်မူပါတယ်။
ဘုရားရှင်က ရှင်မောဂ္ဂလာန်ကို ခေါ်တယ်။ ပြီးတော့
“ချစ်သား. . . လူအများ မဟုတ်တဲ့လမ်းကို လျှောက်ခိုင်းနေတဲ့အဂ္ဂိဒတ္တကို သင်ဘာလို့ လစ်လျှူရှုနေရပါသလဲ” လို့မေးတော်မူတယ်။
“မှန်ပါဘုရား၊ အဂ္ဂိဒတ္တတို့လူစုဟာ များတယ်ဘုရာ့၊ တပည့်တော် မနိုင်နိုင်ပါဘူး”
“ငါဘုရားလည်း လာခဲ့မည် ချစ်သား” ဆိုတာနဲ့ ရှင်မောဂ္ဂလာန်ဟာ ရသေ့တွေရှိရာဆီ ကြွသွားပါတယ်။
မောဂ္ဂလာန်ကြွသွားတော့ ရသေ့တွေက များတယ်လေ။ ဒီတိုင်းမဖြစ်နိုင်လို့ မိုးအရင် ရွာခိုင်းလိုက်တယ်။ မိုးရွာတော့ ရသေ့တွေက သူ့ကျောင်းကိုယ့်ကျောင်းဝင်ကြတယ်။ အဒီအချိန်ကျမှ ရှင်မောဂ္ဂလာန်က အဂ္ဂိဒတ္တတဲရှေ့မှာ သွားရပ်ပါတယ်။
“အဂ္ဂိဒတ္တ”
ရှင်မောဂ္ဂလာန်ရဲ့ခေါ်သံကို အဂ္ဂိဒတ္တဒေါပွသွားတယ်။ သူ့ကို ဘယ်သူမှ အဲလို မခေါ်ရဲဘူးလေ။ ငါ့ကို တည်းခွင့်ပေးပါ ဆိုတော့ ဘယ်ရတော့မလဲ။ နဂိုရ်ဒေါပွနေတာကို။ မရဘူးပေါ့။ ဒီလိုနဲ့ သူတို့ကိုးကွယ်တဲ့တောင်ပို့မှာ တည်းခွင့်ရတယ်ပဲ ဆိုပါစို့။ မနက်လင်းတော့ အဂ္ဂိဒတ္တက တပည့် ရသေ့တွေ ခေါ်ပြီး တောင်ပို့ဆီ အလောင်းကောက်လာတယ်။ ဟုတ်တယ်လေ။ နဂါးက နဂိုရ်ကမှ ဒေါသခပ်ကြီးကြီးရယ်။ မနေ့ညတုန်းကတော့ သူပြောလိုက်သေးတယ်။ ငါ့ရှင်ဘာသာ င့ါရှင် တည်းတာနော်။ ငါတည်းခိုင်းတာမဟုတ်ဘူးလို့။ ဒါပေမယ့် ရှင်မောဂ္ဂလာန်ကို နဂါးက အမောက်နဲ့ အုပ်မိုးထားပေးတာကို တွေ့လိုက်တယ်။
“ဟ … ဒီရဟန်းက တန်ခိုးကြီးလှချည်လား”
လို့ တအံ့တသြ ရေရွတ်ကြတယ်။ အဲဒီအချိန်ဘုရားရှင်ကြွလာတယ်။ ဘုရားရှင်ကို ရှင်မောဂ္ဂလာန်က နေရာပေးတယ်။ ရသေ့တွေကတော့ ရှင်မောဂ္ဂလာန်ကို အထင်ကြီးနေတုန်း။ ဒါပေမယ့် ရှင်မောဂ္ဂလာန်က ဘုရားရှင်ကိုရှိခိုးတယ်။
“ဒီရဟန်းက သင့်ထက်တန်ခိုးကြီးသလား”
လို့မေးတယ်။
“ဘုရားရှင်က ငါ့ရဲ့ ဆရာပဲ။ ငါက သူ့ရဲ့ သာဝကမျှသာဖြစ်တယ်” ဆိုတော့မှ ဘုရားရှင်ကို ၀ိုင်းဝန်းရှိခိုးကြတယ်။ ဘုရားရှင်က အဂ္ဂိဒတ္တကို မေးတယ်။
“သင့်တပည့်တွေကို သင်ဘယ်လိုဆုံးမသလဲ”
“ဒီတော ဒီတောင်တွေကို ကိုးကွယ်ပါ။ ဒီလိုကိုးကွယ်ရင် သင်တို့ ဆင်းရဲ အပေါင်းမှ ကင်းလွတ်လိမ့်မယ်လို့ ဟောပါတယ် ဘုရား ” ဆိုတော့ ဘုရားရှင်က သစ်ပင်ကို တောတောင်ကို ကိုးကွယ်ခြင်းဟာ ဆင်းရဲ အပေါင်းမှ လွတ်ခြင်းအကြောင်းမဟုတ်ဘူးလို့ ဟောပြတော်မူပါတယ်။ ပြီးတော့ ကိုးကွယ်ရာ အစစ်အမှန်ကိုလည်း ဟောပြတော်မူပါတယ်။ ရသေ့အပေါင်း ဧဟိဘိက္ခု ရဟန်းတွေဖြစ်ကုန်ပါတယ်။ အဲဒီအချိန်မှာပဲ အဂ္ဂိဒတ္တကို ကိုးကွယ်တဲ့ ဒကာ ဒကာမတွေ ရောက်လာတယ်။ ရသေ့မှ တစ်ဆင့် ရဟန်းဖြစ်သွားတဲ့ ရဟန်းတွေနဲ့ အတူ ဘုရားရှင်ကို တွေ့ပါတယ်။ ဒါပေမယ့် ဘုရားရှင်က မြတ်သလား။ အဂ္ဂိဒတ္တက မြတ်သလားမသိဘူးဖြစ်သွားတယ်။ ဘုရားရှင်က
“သင့်ဒကာ ဒကာမတို့၏ ယုံမှားမှုကို သင်ကိုယ်တိုင်ဖြတ်တောက်လော” လို့ အဂ္ဂိဒတ္တကို မိန့်တော်မူတယ်။ အဂ္ဂိဒတ္တက ကောင်းကင်မှာ တန်ခိုးအမျိုးမျိုးပြပြီး ဘုရားရှင်ရဲ့ ခြေရင်းမှာ ၀ပ်စင်းရှိခိုးလိုက်ပါတယ်။
နောက်ဘုရားရှင်က ဇမ္ဗုက ကို ချွတ်တော်မူပါတယ်။
ဇမ္ဗုကကို ချွတ်မယ်ဆိုတော့ ဇမ္ဗုကအကြောင်းကို အရင်ပြောမှ ဖြစ်မှာပေါ့။ ဒါပေမယ့် ဓမ္မကထိက ဆရာတော် တော်တော်များများက ဒီဇမ္ဗုက အကြောင်းကို တရားထဲ ထည့်ဟော လေ့ရှိပါတယ်။ အထူးသဖြင့် ဣဿာနဲ့ မစ္ဆရိယအကြောင်းကို ဟောရင် ဇမ္ဗုက အကြောင်းကို သာဓက အဖြစ်ပြကြပါတယ်။ တော်တော်များများက ကြားဖူးပြီးသားဖြစ်မှာပါ။ သိလည်း သိကြမှာပါ။ အိမ်သာနားမှာ ခြေတစ်ဖက်ထောက်ရပ်ပြီး ပါးစပ်ကို ဟထားတဲ့ ပုဂ္ဂိုလ်လေ။ ပြီးတော့ ချီးကို စားတဲ့ပုဂ္ဂိုလ်လေးလေ။ ခြေတစ်ဖက်ထောက်ထားတာက နောက်ခြေတစ်ဖက် ကိုချလိုက်ရင် ကမ္ဘာကြီး ပျက်သွားမှာမို့ဆိုလားပဲ။ ပါးစပ်ဟ ထားတာက လေကိုပဲ စားတယ်တဲ့လေ။ နေတာက ဈေးအိမ်သာနားမှာ။ ဒါပေမယ့် လူတွေက မိုက်မဲတဲ့လူတွေ မတွေးခေါ်တတ်တဲ့ လူတွေက ပိုများတယ် မဟုတ်လား။ ဇမ္ဗုက ပြောတာကို အဟုတ်မှတ်နေတဲ့လူတွေက အများသား။ စားစရာတွေ အမျိုးမျိုးလာပို့ကြတယ်။ ဇမ္ဗုက မြေဇာမြက်ဖျားလေးနဲ့ စားစရာလေးကို တို့ပြီး မြက်ဖျားလေးကို လျှာပေါ်တင်လိုက်တယ် ဆိုရင်ပဲ ၀မ်းသာသွားကြတဲ့ပုဂ္ဂိုလ်က ဒုနဲ့ဒေး။ ဘယ်… ဟိုက ထမင်းတွေကို စားလို့မှ မရတာ။ စားချင်စိတ်လည်း မရှိဘူး။ ချီးပဲ စားချင်နေတာ။ စားချင်မှာပေါ့။ ကဿပဘုရားရှင်လက်ထက်မှာ ရဟန်းတစ်ပါးကို ထမင်းစားမယ့်အစား ချီးစားပါလား လို့ ပြစ်မှားဖူးတဲ့ ၀စီကံက ချီးပဲ စားချင်နေတာကိုး။ မွေးကတည်းက ထမင်းကို အတင်းကျွေးရင် အန်တယ်ဗျာ။ ငိုတယ်ဗျာ။ ထွက်ပြေးတယ်ဗျာ။ အဲလို။ အ၀တ်လည်း ၀တ်ပေးလို့မရဘူး။ ဘယ်ရမှာလဲ။ အဲဒီရဟန်းကို သင်္ကန်းဝတ်နေမယ့်အစား ဗလာထီးနေတာက ပိုကောင်းသေးတယ် လို့ ပြောဖူးတဲ့ အပြစ်ရှိတာကိုး။ ကုတင်ပေါ်မှာ လည်း အိပ်လို့မရဘူး။ အဲဒီရဟန်းကို ကုတင်တွေနဲ့ အိပ်မယ့်အစား မြေကြီးမှာ အိပ်ပါလားလို့ ပြစ်မှားဖူးတဲ့ ၀စီကံက မွေးသမိခင် မွေးဖင်တွေကို အရှက်ခွဲစေခဲ့တယ်လေ။ ဒီဘ၀မှာ သူ့မိဘတွေက တကယ့် ဒိတ်ဒိတ်ကြဲ ချမ်းသာသူတွေ။ ကုတင်ပေါ်သိပ်တာကို မြေပေါ် ဆင်းအိပ်တယ်။ ထမင်းကျွေးတာကို ချီးစားတယ်။ အ၀တ်ဝတ်ပေးရင် ငိုတယ်။ မိဘက စွန့်ပစ်ပြီလေ။ သူ့မိဘတွေက ဂုဏ်သရေရှိမိဘ။ သူ့လို သားသမီးရှိရင် ဂုဏ်ပျက်မှာပေါ့။ ဒီတော့ တောင်းစား တတ်တဲ့အရွယ်ကတည်းက စွန့်ပစ်ခဲ့တာ။ ဇမ္ဗုက ကလည်း အကုသိုလ်ကြီးတဲ့သူ။ လုံးဝ အိမ်မှာ မနေဘူး။ ဈေးနားလေးသွားနေတယ်။ ချီးထိုင်စားတယ်။ မြို့သူမြို့သားတွေ မြင်တော့ မြို့က နှင်ထုတ်တယ်။ တက္ကတွန်းကျောင်းတစ်ကျောင်းမှာ ရဟန်းသွားဝတ်တယ်။ အဲဒီက သူ့ဆံပင်ကို အုန်းမှုတ်နဲ့ ညှပ်တယ်။ ဆွဲတယ်။ ဒါကလည်း သူ့အကုသိုလ်ပဲ။ အဲဒီ ရဟန်းကို ခေါင်းကို အုန်းမှုတ်နဲ့ ဆွဲညှပ်ပါလား ဘာညာနဲ့ ပြောဖူးထားတယ်လေ။ အဲဒီတက္ကတွန်းတွေကလည်း ဇမ္ဗုက က ချီးကိုပဲ စားမှန်းသိတဲ့နောက် ကျောင်းက နှင်ထုတ်လိုက်တယ်။ ဇမ္ဗုကကလည်း ပျော်ပျော်ထွက်တယ်။ ဒါပေမယ့်သူက ခပ်ဆန်းဆန်းလေး နေတယ်။ ခြေတစ်ဖက် မြေပေါ် မချဘူး။ ပါးစပ်ကို ဟထားတယ်။ အဲဒီမှာ သူ့ကို ကိုးကွယ်တဲ့လူပေါတယ်လေ။ စားစရာ မပူရ။ သောက်စရာမပူရ၊ အ၀တ်အစားမလို။ အဲလိုဘ၀မှာ နေထိုင်ရတဲ့ သူကတောင် သူများ အကြည်ညိုခံတာကို လိုချင်သေးတယ်နော်။ လူ့စိတ်က ဘယ်လိုမှန်းမသိဘူး။
ဒါပေမယ့် ကျွန်တော် ပြောချင်တာက ရဟန်းတွေကို နှုတ်နဲ့တောင် မပြစ်မှားဖို့ပါပဲ။ ၀စီကံ ကကြီးတယ်နော်။ ကံသုံးပါးထဲမှာ ၀စီကံကို အကြီးဆုံးလို့ သတ်မှတ်လို့ရတယ်။ ဘုရားရှင် ပါရမီဖြည့်ခဲ့တဲ့ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းမှာ မုသာဝါဒကံကို လုံးဝ မကျူးလွန်ခဲ့ဘူးဗျ။ ရဟန်းတွေအပေါ် ၀စီကံနဲ့ ပြစ်မှားတာတောင် ဒီလောက်အပြစ်ကြီးမှတော့ဗျာ မပြစ်မှား ကြနဲ့ပေါ့။
ဒီလိုနဲ့ ဇမ္ဗုကဉာဏ်က ရင့်သန်ချိန်ရောက်လာပါတယ်။ ဒါကို ဘုရားရှင်က သိမြင်တော်မူပါတယ်။ ဆွမ်းခံအပြန်မှာ ဘုရားရှင်က ဒီည ငါ ဇမ္ဗုကဆီ သွားမယ် လို့ အာနန္ဒာကို ပြောလိုက်ပါတယ်။ အာနန္ဒာက တပါးတည်း ကြွသွားမှာလား လို့ မေးပါတယ်။ ဘုရားရှင်က ဟုတ်ပါတယ်လို့ မိန့်တော်မူတယ်။ ဒီစကားကို နတ်တွေက ကြားတော့ မိုးတွေ ဆက်တိုက် ရွာသွန်းစေပါတယ်။ ညချမ်းမှာ ဘုရားရှင်က ဇမ္ဗုက ဆီ ကြွသွားပါတယ်။
“ဇမ္ဗုက”
ဘုရားရှင်က ဇမ္ဗုကကို ဇမ္ဗုက လို့ခေါ်လိုက်ပါတယ်။
“ဘယ်အယုတ်တမာက ငါ့နာမည်ခေါ်တာလဲကွ”
ဇမ္ဗုက အတွက်ကဟုတ်တယ်လေ။ ခုလောလောဆယ် လူတွေ အများကြီး ကိုးကွယ် ခံနေရသူ။ သူ့နာမည်ခေါ်ဖို့ မပြောနဲ့ သူ့ကို စေ့စေ့မော်ကြည့်ရဲတဲ့ သူတောင် မရှိတဲ့ အချိန်မှာ။ ခေါ်လိုက်တာက ငယ်နာမည်ကို။
“ငါရဟန်းပါ ဇမ္ဗုက”
“ဘာကိစ္စလဲ”
“ဒီည ဒီမှာတည်းချင်လို့”
“မရဘူး ရဟန်းကြီး”
ပြောရဦးမယ်။ ဘုရားရှင်ရဲ့ စကားကို သုံးခွန်းကျော်အောင် ငြင်းနိုင်တဲ့သူ ဒီကမ္ဘာမှာ မရှိဘူးဗျ။ ဒီလိုနဲ့ ညဦးမှာ စတုမဟာရာဇ်နတ်လာတယ်။ ညသန်းခေါင်မှာ သိကြားလာတယ်။ မနက်လင်းခါနီးမှာ ဗြဟ္မာကြီးလာတယ်။ ဒါကို ဇမ္ဗုကက မြင်တယ်။ ပြီးတော့ ဘုရားရှင်ကို မေးတယ်။ သူတို့ဘယ်သူတွေလဲပေါ့။ ဘုရားရှင်က ပြောပြတယ်။ အဲဒီနောက် ဇမ္ဗုက က သူ့ကိုယ်သူ ပြောသလိုလို ညည်းသလိုလိုနဲ့ ကြွားတယ်။
“ကျုပ် ဒီမှာ ၅၅ နှစ်လုံးလုံး လေပဲစားလာတာကိုတောင် ဒီလိုနတ်တွေက မသိဘူးဗျာ” တဲ့။
“ဇမ္ဗုက တခြားအသိဉာဏ်မရှိတဲ့ လူတွေကို လှည့်စားလို့ ရချင်ရမယ်။ ငါ့ကိုတော့ မလှည့်စားနိုင်ဘူး” ဇမ္ဗုကရဲ့ ဒီလိုဖြစ်နေရခြင်း အကြောင်းကို ဟောပြလိုက်တယ်။ ဇမ္ဗုက လှန့်သွားတယ်။ တရားအဆုံးမှာ အရဟတ္ထဖိုလ်ရတဲ့ ဧဟိဘိက္ခု ရဟန္တာဖြစ်သွားပါတယ်။
Your point of view caught my eye and was very interesting. Thanks. I have a question for you.