ဘုရားရှင်က ရဟန်းတော်တွေကို ရှေးဘ၀တုန်းက သူကိုယ်တိုင်ပြုခဲ့ဖူးတဲ့ အနည်းငယ်လေးသော ကုသိုလ်ဖြစ်တဲ့ စေတီဘေးတွင် မြက်နှုတ်ခြင်း။ ရေဖြန်းခြင်း၊ သဲဖြူးခြင်း၊ ပန်းပွင့်များ ပက်ကြဲခြင်းစတဲ့ ကောင်းမှုဟာ ဒီဘ၀မှာ ချိန်ခါမရွေး အကျိုးပေးကြောင်း ရှင်းပြပါတယ်။ အဲဒီ ရာဇဂြိုဟ်မှာ မြတ်စွာဘုရားသီတင်းပြန်သုံးချိန်မှာပဲ မြို့ထဲမှာ တစ်ပတ်ကြာကျင်းပတဲ့ ဂျွမ်းဘားပြလေးတစ်ခု ရှိပါတယ်။ ဂျွမ်းဘားကစားပြမယ့်သူက ဥဂ္ဂါသေန။ ခါတိုင်းတော့ ဒီပြပွဲမှာ ကောင်မလေးတစ်ယောက်ပြနေကျပါပဲ။ ဒါပေမယ့် ဒီနှစ်တော့ ဒီရာဇဂြိုဟ်မြို့သား ဥဂ္ဂါသေနကိုယ်တိုင် ပြမှာ။ သူပြမယ့်ပုံစံကလည်း ထူးခြားတယ်။ ခါတိုင်းကစားပြတဲ့ ဂျွမ်းဘားမယ်ထက် သူက နှစ်ဆပို ကစားပြမှာ။ ကောင်မလေးကစားပြခဲ့တဲ့ တိုင်အမြင့်က ဆယ်ပေဆိုရင် သူက ပေနှစ်ဆယ်။ ကောင်မလေးက ကောင်းကင်ဘားတန်းပေါ်မှာ ဂျွမ်း ခုနှစ်ပတ်ပစ်တယ်ဆိုရင် သူက ဆယ့်လေးပတ်ပစ်မှာ။ အဲဒီလိုထူးခြားတာထက် ထူးခြားတာက သူတို့က လင်မယားဗျ။ ပြီးတော့ ဒီလိုပြရတာက သူ့ချစ်မယားနဲ့ သူနဲ့ မကျေမနပ်လို့ အဲဒီချစ်ဇနီးလေးကို အရွဲ့တိုက်ဖို့ပါပဲ။
လွန်ခဲ့တဲ့လေးငါးနှစ်လောက်တုန်းကပေါ့ဗျာ။ ရာဇဂြိုဟ်မြို့လေးထဲမှာ တစ်နှစ်တစ်ကြိမ်ကျင်းပတဲ့ ဆပ်ကပ်ပွဲမှာ ဆယ်ပေအမြင့်မှာ ဂျွမ်း ခုနှစ်ပတ်ပစ်ပြတဲ့ကောင်မလေးတစ်ယောက် ရှိခဲ့ဖူးတယ်။။ ပညာကလည်းတော်။ လူကလည်းလှဆိုတော့ ဥဂ္ဂါသေနဆိုတဲ့ ကောင်လေးက အဲဒီကောင်မလေးကို ကြိုက်သွားတယ်။ ဒီကောင်မလေးကို သူမရ ရအောင်ယူမယ်တဲ့။ ဘာလုပ်မင်ထင်လဲ။ ယောက်ျားပဲဗျ။ ရအောင်ကြိုးစားမှာပေါ့နော။ ဟမ် လုပ်ဘူးဗျ။ အိမ်ပြန်အိပ်နေတာ။ အဖေက နိုးပြီးမေးတယ်။ “ငါ့သား ဘာဖြစ်နေတာလဲ” “ဘာမှ မဖြစ်ပါဘူးဗျာ”လို့ မဖြေဘူးဗျာ။ “ဂျွမ်းဘားမယ်ကောင်မလေးကို ရချင်တယ်” တဲ့။ မဖြစ်နိုင်တာ ငါ့သားရယ် မယူပါနဲ့။ ငါတို့နဲ့ ဇာတ်မတူပါဘူး။ ဥဂ္ဂါသေနကတော့ ဟင့်အင်း မရဘူး။ ဒီလိုနဲ့ မိဘတွေက ခြိမ်းခြောက်လိုက်။ ချော့လိုက်ပေါ့ဗျာ။ နောက်ဆုံးတော့လည်း မရပါဘူး။ ချော့လည်းမရ။ ခြောက်လည်းမရအဆုံး ပိုက်ဆံတစ်ထောင်ကို အလုပ်သမားတစ်ယောက်ကိုပေးပြီး အဲဒီကောင်မလေးဖခင်ဆီ သွားခိုင်းလိုက်တယ်။ ခင်ဗျားသမီးကို လာတောင်းတာပေါ့။ ကောင်မလေးဖခင်ကတော့ ပြတ်ပြတ်ပဲ။ ပိုက်ဆံတစ်ထောင်ကို ပြန်ပေးလိုက်တယ်။ ငါ့သမီးရချင်ရင် ငါ့အဖွဲ့နောက်လိုက်တဲ့။ လိုက်တာပေါ့ ဥဂ္ဂါသေနတို့က။ ပျော်ပျော်ကြီးကိုလိုက်တာပေါ့။
အချိန်တန်လာတော့ သားလေးတစ်ယောက်ရလာတယ်။ ဟိုက ဂျွမ်းဘားမယ်ဗျာ။ သူက ဘာမှ မလုပ်တတ်တဲ့ သူဌေးသား။ ဆပ်ကပ်က ဆိုတော့လည်း ပွဲရှိရာလိုက်သွားနေတာပေါ့။ လှည်းစောင့် ။ အထုတ်ထမ်းပေါ့။ အမှိုက်သိမ်းပေါ့။ ကလေးကို ဂျွမ်းဘားမယ်လေးက ဒီလို ချော့တယ်။
“လှည်းစောင့်ကြီးရဲ့သား…”
“အမှိုက်သိမ်းသမားရဲ့သား…”
“အတတ်ပညာ မတတ်သူရဲ့သား…”
လို့ ကလေးကိုချော့တယ်။
“မင်းငါ့ကို စောင်းဆိုနေတာလား”
ဥဂ္ဂါသေနက ဗြောင်ပဲ မေးလိုက်တယ်။ ဂျွမ်းဘားမယ်ကလည်း ရှင်းရှင်းပဲ။
“ရှင့်ကို စောင်းနေတာမဟုတ်ဘူး၊ ဒဲ့ပြောနေတာ တော်ရေ ဒဲ့ပြောနေတာ” ပေါ့။
ဥဂ္ဂါသေန မကြိုက်လေ။ မိန်းမက ဆိုလေပဲ။ မိန်းမက ပညာတတ်တယ်။ ရုပ်ချောတယ်လေ။ ကြာလာတော့ ဥဂ္ဂါသေန သည်းခံလို့ သိပ်မရတော့ဘူး။
“မင်းအဲလိုဆိုနေရင် ငါ့မိဘဆီ ငါပြန်တော့မယ်”
ရမလားလို့၊ ဥဂ္ဂါသေနက ခြိမ်းခြောက်ကြည့်တယ်။ ဟိုက တစ်ပြားမှ မလျှော့ဘူး။
“တော့် ဘာသာ တော် သွားသွားပြန်ပြန်၊ ကျွန်မနဲ့ ဘာဆိုင်လို့တုန်း”
“ဟမ်” ဥဂ္ဂါသေနလည်း ငေါင်သွားတယ်။ ဟုတ်တယ်လေ။ ကိုယ့်မိန်းမက ကိုယ့်ကိုပြန်ပြောတယ်။ သူနဲ့ ဘာဆိုင်လို့တုန်းဆိုတော့။ ဒါပေမယ့် ဥဂ္ဂါသေနက သေချာ စဉ်းစားတယ်။ ဒီမိန်းမ ဘာဖြစ်လို့ ဒီလောက်တောင် မာန်တက်နေရတာလဲ လို့ပေါ့။ “ပညာ” ဟုတ်တယ်။ “ပညာ”ကြောင့်။ သူလည်း လူသားပဲ ။ ပညာဆိုတာ သင်ရင်ရမှာပဲ ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်တယ်။
ဥဂ္ဂါသေနဟာ ယောက္ခမဆီမှာပဲ ဂျွမ်းဘားပညာကို သင်ကြားပါတယ်။ ဒီလိုနဲ့ သူဂျွမ်းဘားအတတ်ကို သင်လို့ တတ်သွားပြီးတဲ့တစ်နေ့ ရာဇဂြိုဟ်မှာ သူ့ပညာ ပြဖို့ ကြုံလာတာပါပဲ။ လူတွေကလည်း ကိုယ့်မြို့သားက လာပြီး ဂျွမ်းဘားကို ကစားပြမှာ ။ အရင်က ဂျွမ်းဘားမယ်ထက်လည်း သာဦးမှာဆိုတော့ ဆပ်ကပ်ပြမယ့် နေရာ မင်းရင်ပြင်မှာ အုံလို့ ခဲလို့ပေါ့။
အဲဒီနေ့မိုးသောက်မှာ ဘုရားရှင်က သဗ္ဗညုတဉာဏ်နဲ့ လောကသုံးပါးမှာ ဘယ်သူ့ကို ဘယ်လို တရားဟောရင် ကျွတ်တမ်းဝင်မလဲလို့ ကြည့်လိုက်တော့ ဥဂ္ဂါသေနကို တွေ့သဗျား။ ဘုရားရှင်ကလည်း ဆွမ်းခံကြွရင်း ဥဂ္ဂါသေန ဂျွမ်းဘားပွဲကိုတစ်ခါတည်း လာခဲ့တော့တာပေါ့။ ဘုရားရှင်က တန်ခိုးနဲ့ လူတွေကို ဥဂ္ဂါသေနဘက်မကြည့်အောင် ခဏလုပ်ထားလိုက်တယ်။ ဥဂ္ဂါသေနက အားနဲ့မာန်နဲ့ ဂျွမ်းဘားပြခါနီး လူတွေကိုကြည့်လိုက်တော့ လူတွေက သူ့ကိုမကြည့်ဘဲ ဘုရားရှင်ကို ကြည့်နေတာတွေ့တာနဲ့ စိတ်တော်တော်လေးပျက်သွားပါတယ်။ ဒါကို ဘုရားရှင်ကသိတော့ ရှင်မောဂ္ဂလာန်ကို ဆပ်ကပ်ဆက်ကဖို့ ဥဂ္ဂါသေနကို ပြောလိုက်ပါလို့ မိန့်တော်မူလိုက်တယ်။ မောဂ္ဂလာန်က ဥဂ္ဂါသေနကို အောက်ကနေပဲ လှမ်းပြောပါတယ်။ ဘုရားရှင်က ငါ့ဂျွမ်းဘားကို ကြည့်ချင်တယ် ထင်ပါရဲ့ ဆိုပြီး ဥဂ္ဂါသေနဟာ ဂျွမ်းဘားကို အစွမ်းကုန်ပြပါတော့တယ်။
ကြားထဲ ဖြတ်ပြောကြည့်ပါ့မယ်။ အဲဒီမှာ ဥဂ္ဂါသေနက ဘုရားရှင်ကို သူ့ရဲ့ဂျွမ်းဘားအစွမ်းကို ကြည့်ပါဆိုတဲ့အကြောင်းပြောရာမှာ ဣင်္ဃ ဆိုတဲ့ ပါဠိလေးထည့်ပြောသွားတယ်။ ဘာသာပြန်လို့မရဘူးဖြစ်နေတယ်။ အဲတုန်းက ပါဠိလိုပြောတဲ့အခါ ၀န်ခံစကား တိုက်တွန်းစကားကို အဲဒီလို ဣင်္ဃ လို့ပြောတယ်ထင်ပါရဲ့။
ဥဂ္ဂါသေနက ဂျွမ်းဘားအမျိုးမျိုးပြပြီးချိန်မှာ ဘုရားရှင်ကလည်း ကောင်းကင်ဈာန်ကြွပြီးတော့ ဥဂ္ဂါသေနကို တရားဟောပါတယ်။ ဘုရားရှင်ဟောတဲ့တရားကတော့ ဖြစ်ပြီးတဲ့ ခန္ဓာ၊ ဖြစ်နေတဲ့ ခန္ဓာ၊ ဖြစ်လာမယ့်ခန္ဓာကို မစွဲလန်း မတပ်မက်ဘူးဆိုရင် ဇာတိ၊ ဇရာ၊ မရဏဘေးကနေ လွတ်နိုင်ပါတယ်လို့ဟောလိုက်ပါတယ်။ တရားအဆုံးမှာ ပွဲကြည့်ပရိသတ်အားလုံးကျွတ်တမ်း ၀င်ပါတယ်။ ဥဂ္ဂါသေနကတော့ ပဋိသမ္ဘိဒါပတ္တရဟန္တာဖြစ်သွားပါတယ်။ ခွင့်တောင်းတာနဲ့ ဥဂ္ဂါသေနဟာ ဧဟိဘိက္ခုရဟန္တာဖြစ်သွားပါတယ်။ ဂျွမ်းဘားမယ်…။ သူမ ဘာဖြစ်သွားလဲ။ သိချင်လား။ ပညာရှင်မမပဲဗျ။ သူ့ယောကျာ်းနဲ့ သူနဲ့စာရင် သူလည်း ပညာဉာဏ်ရင့်သန်တဲ့လူလို့ တွေးပြီး ဘိက္ခူနီဝတ်သွားပါတယ်။ သိပ်မကြာခင်မှာပဲ ရဟန္တာမဖြစ်သွားပါတယ်။
သူတို့နှစ်ယောက်ရဲ့ အတိတ်က ဘယ်လိုတုန်း။ ဘာကြောင့် မြင်မြင်ချင်းချစ်တာလဲ။ ဘာကြောင့် ဂျွမ်းဘားမောင်နှံလာဖြစ်ရတာလဲ။ နောက် ရဟန္တာဖြစ်တာချင်းတူတာလဲ။ အတီတေကာလံ တုန်းကပေါ့။ သူတို့ဟာ လင်မယားနှစ်ယောက်ဖြစ်ခဲ့တယ်။ ရဟန္တာတစ်ပါးကို ဆွမ်းလောင်းလှူဖူးတယ်။ ဆွမ်းလောင်းလှူရင်း အရှင်ဘုရားတို့ သိမြင်အပ်သော တရားကို သိမြင်ရပါလို၏ လို့ ဆုတောင်းလိုက်တယ်။ ရဟန္တာက သူတို့ဇနီးမောင်နှံတောင်းတဲ့ဆု ပြည့် မပြည့်ကြည့်လိုက်တဲ့အခါ ပြည့်ဝမယ်ဆိုတာကိုတွေ့ရလို့ ပြုံးတော်မူတယ်။ ဒါကို လင်မယားနှစ်ယောက်က “ဒီဘုန်းကြီးကြည့်ရတာ ဂျွမ်ဘားကစားသမားနဲ့တူတယ်နော်” ဆိုတဲ့ ၀စီကံနဲ့ ပစ်မှားမိလို့ ဒီဘ၀မှာ ဂျွမ်းဘားကစားတဲ့ မောင်နှံဖြစ်ရပါတယ်။ ဆွမ်းအတူတူလောင်းလှူခဲ့တဲ့ ကုသိုလ်ကြောင့် မြင်မြင်ချင်း ချစ်ကြပါတယ်။ သူတို့ ဘ၀တိုင်း ဆုံလာတာဗျ။ ဒီဘ၀ကျမှ ဒီလိုဖြစ်တာ။ အချစ်စစ်တို့ မည်သည် ဖြောင့်ဖြူးခြင်းမရှိ ဆိုတဲ့ စကားပုံလေး ပျက်သွားမှာ စိုးလို့နဲ့တူပါရဲ့။ တောင်းတဲ့ ဆုချင်းတူတော့ ရဟန္တာအတူတူဖြစ်သွားပါတယ်။
ဒီဘုန်းကြီးကိုကြည့်ရတာ ဂျွမ်းဘားကစားသမားနဲ့တူတယ်ဆိုတဲ့ ၀စီကံ…လေးကို ရေးရင်း တော်တော်များများမေးကြတဲ့ ကံသုံးပါးမှာ ဘယ်ကံအကြီးဆုံးလည်း ဆိုတဲ့ ပုစ္ဆာလေးကို ဒီမှာ ကျွန်တော် ဖြေကြည့်မယ်လေ။
ကံသုံးပါးမှာ ကံသုံးပါးစလုံး ဘယ်ဟာအပြစ်ကြီးတယ် ဘယ်ဟာ အပြစ်ငယ်တယ် မရှိပါဘူး။ အားလုံး အတူတူသာဖြစ်ပါတယ်။ ဆိုလိုတာက သူ့အနေအထားနဲ့သူ အပြစ်ကြီးပါတယ်။
ကာယကံ… အပြစ်ကြီးတယ်လို့ ယူဆကြပါစို့။ သူ့အသက်သတ်ခြင်း၊ သူ့ဥစ္စာခိုးခြင်း။သူ့သားမယားပြစ်မှားခြင်း သုံးပါးမှာ သူ့အသက်သတ်ခြင်းက ရဟန္တာကိုသတ်မိရင် ကာယကံ အပြစ်ကြီးပြီဗျာ။
ဝစီကံ အပြစ်ကြီးတယ်လို့ ယူဆမယ်ဆိုရင်ကော… ဘုရားလောင်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းလုံးပါရမီဖြည့်လာတဲ့အထဲမှာ သတ်မှု ပါတယ်။ အယူမှားမှု ပါခဲ့ပါတယ်။ လိမ်လည်မှုကတော့ဖြင့် လုံးဝမပါခဲ့ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လိမ်တယ် ဆိုတာ အပြစ်ကြီးလို့ပါ။
မနောကံကို အပြစ်ကြီးတယ်လို့ ကျွန်တော် ယူဆစရာမလိုပါဘူး။ အားလုံးက လက်ခံထားတာကိုး။ ဒီလက်ခံချက်က ပြဿနာတော်တော်များပါတယ်။ မနောကံ အပြစ်ကြီးတယ် ဘာကြောင့်လဲ။ မိစ္ဆာဒိဋ္ဌိကံကသာလျှင် အ၀ီစိငရဲကျနိုင်လို့ဖြစ်ပါတယ်။ ဒါဆိုရင် ဘာသာခြားတွေဟာ မိစ္ဆာဒိဋ္ဌိပဲ ။ ကဲ ဒါဆို….။ ဒီပြဿနာကို ဂန္ဓာရုံဆရာတော်ရဲ့ စကားနဲ့ ရှင်းပါမယ်။ ဆရာတော်ဖြေတာကရှင်းတယ်။ ဘုရားလောင်း လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းပါရမီဖြည့်ခဲ့တာ ကိုးဘ၀သာလျှင် ဗုဒ္ဓဘာသာဖြစ်ခဲ့ပါသတဲ့။ နောက်ဆုံး အလှူကြီးတွေပေးတဲ့ ဝေဿန္တရာဘ၀မှာတောင်မှ ဘုရားလောင်းဟာ ဗုဒ္ဓဘာသာ မဟုတ်ပါဘူးတဲ့ခင်ဗျာ။
မေးခွန်း။ ။ သင်ကော ဘယ်ကံကို အကြီးဆုံးဟု ဘာကြောင့်ယူဆပါသလဲ။
Your point of view caught my eye and was very interesting. Thanks. I have a question for you.
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.