ဆတော်ကြီး ဒလိုင်းလားမားကတော့ ပြောတယ်။ ပျော်ရွင်ခြင်းဆိုတာ အသင့်လုပ်ထားပြီးသား အရာ မဟုတ်ဘူး။ ငါတို့ရဲ့ အပြုအမူတွေဆီကနေ လာတာပါ…တဲ့။
ပျော်ရွှင်ခြင်းဆိုတာ လူအားလုံးတို့ရဲ့ ခံစားချက်ရဲ့ သက်ဝင်မှုတစ်ခု ဖြစ်ပါတယ်။ ခံစားချက်ဆိုတာကလည်း မိမိတို့ရဲ့ ယဉ်ကျေးမှု၊ မိမိတို့ရဲ့ လူမျိုး၊ မိမိတို့ ကိုးကွယ်တဲ့ဘာသာကနေ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ ခံစားချက်မျိုးပဲ။ လူတိုင်းဟာ ပျော်ရွှင်မှုကို အဲဒီကနေဟာ ဆွဲထုတ်ယူကြရပါတယ်။ ကိုယ်ပျော်ရွှင်ခဲ့တာတွေကို ပြန်ပြီးကြည့်လိုက်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေ ဘယ်က ဖြစ်လာခဲ့သလဲ။ ဒါဟာ ငါတို့အတွက် ကောင်းတယ်လို့ ငါတို့ယူဆထားတဲ့ အရာတွေကနေ ငါတို့ပျော်ခဲ့ကြတာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီအရာလေးဟာ ငါတို့အတွက် ပိုပြီးကောင်းလာလိမ့်မယ်လို့ ယူဆထားလို့ပါပဲ။ ဒီအရာလေးက ငါတို့အတွက် အတော်ကောင်းတယ်။ သူရဲ့ ညီမျှခြင်းကတော့ ခင်ဗျားပျော်တယ်။ ဒါပါပဲ။ တကယ်တမ်းတော့ ပျော်ရွှင်ခြင်းက ခင်ဗျားရဲ့ ခင်ဗျားသိပ်ပြီးတောင် သတိမထားမိလိုက်တဲ့ ခင်ဗျားရဲ့ အပြုအမူတွေဆီကနေ လာတာဖြစ်ပါတယ်။ အပြုအမူဆိုတာက ခင်ဗျားရဲ့ စိတ်ထား၊ ခင်ဗျားရဲ့ ရုပ်ပိုင်းဆိုင်ရာ ပေါ့ပါးမှု၊ ခင်ဗျားရဲ့ ခံစားချက် ဒီကနေပဲ လာခဲ့တာ။ ခင်ဗျားကို ခင်ဗျားပြန်ပြောထားတဲ့ ခင်ဗျားရဲ့ စိတ်ပိုင်းဆိုင်ရာ အကန့်လေး တစ်ခုကနေ ခင်ဗျားရဲ့ ပျော်ရွှင်ခြင်းတွေ ပေါ်ထွက်လာတာ ဖြစ်တယ်။ ခင်ဗျားကို ခင်ဗျားသတ်မှတ်ထားတဲ့ သတ်မှတ်ချက်နဲ့ ခင်ဗျားငယ်ငယ်လေးကတည်းက ခင်ဗျားကြုံလာရတဲ့ အတွေ့အကြုံကသာ ခင်ဗျားကို ပျော်ရွှင်စေတာ ဖြစ်ပါတယ်။
ဒီအရာတွေက ခင်ဗျားကို ပျော်စေတယ်ဆိုတဲ့ဆိုတဲ့အခါ ခင်ဗျားဟာ အဲဒါကို ပိုင်စိုးချင်လာတယ်။ ခင်ဗျားပိုင်စိုးထားတဲ့ အရာကို တစ်ခုခုကို တယောက်ယောက်က လာထိတာနဲ့ ခင်ဗျားရဲ့ ခံစားချက်က တမျိုးပြောင်းသွားတယ်။ အထူးသဖြင့် ခင်ဗျားဟာ ခင်ဗျားကို ပျော်ရွှင်စေတဲ့အရာကို ကာကွယ်ချင်စိတ် ပေါက်လာတယ်။ ကာကွယ်မှုက သက်ရောက်မှုရှိလား မရှိလား ခင်ဗျားမစဉ်းစားမိရာကနေ ခင်ဗျားဟာ ပျော်ရွှင်မှု ဆုံးရှုံးရတဲ့ လူတစ်ယောက် ဖြစ်လာတယ်။ အဲဒါကို ပြန်လည်ပြင်ဆင်ချင်တယ်ဆိုရင်တော့ အချက်ခြောက်ချက်လိုပါတယ်။
၁။ ခင်ဗျားရင်ထဲကို စကားပြန်ပြောကြည့်ပါ။
ပျက်စီးသွားတဲ့ ပျော်ရွှင်မှုကို ပြန်လည်ပြင်ဆင်ဖို့ဆိုတာ ကိုယ့်ကိုယ်ကို အရင်ဆုံး ပြန်လည်စကားပြောကြည့်ခြင်းနဲ့ စတင်ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရင်ထဲက ပြောတဲ့အတိုင်း ငါတို့တွေ လိုက်လုပ်နေကြလို့ပါပဲ။ ရိုးရိုးလေး စတင်ပါ။ ငါ ဘာတွေးလိုက်မိတာလဲ။ အဲဒီအတွေးက ငါ့ကို ဘယ်လို ဖြစ်စေခဲ့သလဲ။ အဲဒီကနေ ရလာတဲ့အဖြေကို ယုတ္တိဗေဒနဲ့ အကြောင်းပြချက်နဲ့ ယုံကြည်မှုနဲ့ လက်ရှိကိုယ့်ဝန်းကျင်က လူနဲ့ ဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တွေနဲ့ တိုင်းတာလိုက်ပါ။ ဒါပေမယ့် သေချာတာက သင့်အတွေးအခေါ်အားလုံးဟာ သင့်အတွေ့အကြုံ၊ သင်အရင်က လက်ခံထားတဲ့အရာနဲ့ သင့်တကယ့်ဘဝလောက်ကိုပဲ ပြန်လည်အခြေခံမှာ ဖြစ်ပါတယ်။ ပထမဆုံးလုပ်ရမှာက အဲဒါကို ဆွဲခွာကြည့်လိုက်ဖို့ပါပဲ။
သင့်အတွေးဟောင်းကိုပဲ သင်လက်ခံနေမယ်ဆိုရင် သင့်ပျော်ရွှင်မှုက ပျက်စီးမြဲ ပျက်စီးနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အတွေ့အကြုံ၊ သင်လက်ခံထားတဲ့အရာ၊ သင့်ဘဝကိုပါ ပြန်လည်ကြည့်ရမှာ ဖြစ်ပါတယ်။ အဲလိုကြည့်ရင်း သင့်ကိုယ်သင် စကားပြောကြည့်လိုက်ပါ။
၂။ ချွေးထွက်တဲ့ အလုပ်တစ်ခု လုပ်ကြည့်လိုက်ပါ။ သို့မဟုတ် တရားထိုင်ပါ။
ချွေးထွက်သွားဖူးတဲ့သူဟာ အတွေးအခေါ်တွေလည်း ပြောင်းတယ်ဆိုတာ သင်ယုံပါသလား။ အပြင်ဘက် ချွေးထွက်ခြင်းဟာလည်း အတွင်းဘက်ကို လှုပ်ခါသတဲ့။ သင်ချွေးမထွက်ဖူးဘူးဆိုရင် သင်ဟာ ကျွမ်းကျင်စွာလုပ်တတ်တဲ့အလုပ်ပေါ် ပျင်းရိမှုကို အလိုလျောက်ဖယ်ထုတ်စနစ်နဲ့ လုပ်နေမိလို့ပဲ။ ဒါမှမဟုတ် တရားထိုင်ပါ။ ဂျာမနီမှာတော့ ဒီလိုတရားထိုင်တာကို တစ်နာရီ ၁၀ ယူရိုပေးရပါတယ်။ သူတို့ကတော့ တိတ်ဆိတ်ငြိမ်သက်စွာ နေထိုင်တယ်လို့ ပြောကြပါတယ်။ ဆတော်ကြီး သစ်နက်ဟန်ကတော့ ဒီလောက်ပဲပြောပါတယ်။
“Breathing in I know that I am
breathing in.
Breathing out I know that I am breathing out.”
တဲ့။ ဒီလောက်ပါပဲ။
၃။ ပြောင်းလဲနေတဲ့ စနစ်ကို လေ့လာပါ။
လုပ်နေကျအလုပ်မှာ တွေးနေကျအတွေးနဲ့ လုပ်နေသူဟာ စိတ်ကျန်းမာရေး အလိုအလျောက် ထိခိုက်လာပါတယ်။ ပညာနယ်ဟာ ကျယ်ပြန့်ပါတယ်။ ဥပမာ တရုတ်ပြည်က Think Tink အဖွဲ့က မြန်မာကို ဘာတွေပြောနေလဲ။ ထိုင်းက SEM အဖွဲ့က ဘာတွေပြောနေလဲ။ မိနစ်တွေဟာ နာရီတွေကို သတ်နေသလို ခေတ်သစ်တွေ့ရှိမှုတွေဟာ အတွေးအခေါ်ဟောင်းကို ဆုပ်ကိုင်ထားတဲ့ လူကို သတ်နေတယ်။ (Think Tink မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို စောင့်ကြည့်လေ့လာသော အဖွဲ့အစည်းများ၊ SEM မြန်မာနိုင်ငံငြိမ်းချမ်းရေးကို စောင့်ကြည့်နေသော အဖွဲ့)
၄။ ကိုယ့်ပုံရိပ်ကို ကောင်းအောင်ဖန်တီးပါ။
သင့်ကိုတွေ့လိုက်တာနဲ့ သင့်လူမှုကွန်ယက်ကိုပါ လူတွေက စိတ်ဝင်စားပါတယ်။ အဲဒီပေါ်မှာ သင်ဘာတွေ တွေးထားသလဲ။ ဘာတွေ ရေးထားသလဲ။ သင့်ရဲ့ လူမှုကွန်ယက်စာမျက်နှာဟာ ပတ်ဝန်းကျင်အတွက် သင့်မှန်တစ်ချပ်ဖြစ်ပါတယ်။ ဒီခေတ်မှာ ဒီနည်းနဲ့သာ လူတွေက သင့်ကို မှတ်မိလေ့ရှိပါတယ်။ ဒါကြောင့် သင့်ရဲ့ လူမှုကွန်ယက်ကိုလည်း ကောင်းအောင် ဖန်တီးထားသင့်ပါတယ်။
၅။ ပြောင်းလဲလှုပ်ရှားကြည့်ပါ။
လူအသစ်နဲ့ တွေ့ကြည့်တာမျိုး၊ လုပ်ငန်းအသစ်တစ်ခုခု လုပ်ကြည့်တာမျိုး၊ ကိုယ်ဖတ်နေကျ စာပေအမျိုးအစားမဟုတ်ဘဲ တခြားစာပေကို ပြောင်းဖတ်တာမျိုးကို ပြောတာပါ။ ဒီလိုမျိုးမလုပ်ရင် ပျော်ရွှင်မှုက အလိုအလျောက် ပျက်စီးသွားပါတယ်တဲ့။
၆။ ပိုက်ဆံကို အတွေ့အကြုံအတွက်ပဲ သုံးပါ။ ပိုင်ဆိုင်ဖို့ မသုံးပါနဲ့။
ခရီးထွက်ခိုင်းတာပါ။ ခရီးထွက်တာဟာ ကိုယ့်ပျော်ရွှင်ခြင်းကို ကိုယ်ပြန်ကြားမိတတ်သတဲ့။ ဒီအတွေ့အကြုံကသာလျင် ကိုယ့်ကို ကြီးကြီးမားမား ပြောင်းလဲတွေးခေါ်စေတယ်လို့ ပြောပါတယ်။ ဒါလေးသိပြီးရင် သင်စုထားတဲ့ ပိုက်ဆံကို အွန်လိုင်းပေါ်က ကြေညာထားတဲ့ အရမ်းကြိုက်တဲ့ အင်္ကျီကို မဝယ်တော့ဖို့ ပထမဆုံး ဆုံးဖြတ်ကြည့်ပါတဲ့လေ။
ဒီအချက်ခြောက်ချက်တွေက ရေရှည်ပျော်ရွှင်မှုကို သင့်ထံယူလာပေးနိုင်တယ်။ အခုကနေ စဉ်းစားလိုက်ပါ။ သင်ဘာတွေးမလဲ။ သင့်အတွေးက သင့်ကို ဖန်တီးနေပါတယ်။ ဆိုတော့ သင့်အတွေးတွေကို ယနေ့ပဲ ပြန်ကြည့်လိုက်ပါ။ ခရီးထွက်ဖို့လည်း ဘယ်တော့မှ ဝန်မလေးပါနဲ့။ လွတ်လွတ်လပ်လပ် ခရီးစဉ်တစ်ခုဟာ သင့်ကို အင်နာဂျီအများကြီး ဖြစ်စေပါတယ်။ အော် ပြောသေးတယ်။ ချွေးထွက်တဲ့ အလုပ်ကို တစ်ခုခုတော့ ဖြစ်အောင်လုပ်ပါဆိုပဲလေ။ သူများပြောသလို ခပ်တည်တည်နဲ့ ပြောရတာပေါ့။ တကယ်တော့လည်း သူများပြောတာပါ။ ကိုယ်က မပြောနိုင်ပါဘူး။