ငယ်ငယ်တုန်းက သင်ရတာကတော့ အေးလွန်းသည်၊ ပူလွန်းသည်၊ ဆာလွန်းသည်၊ ဗိုက်ပြည့်လွန်းသည်၊ စောလွန်းသေးသည်နှင့် မိုးချုပ်သွားပြီဆိုတဲ့ ၆ ချက်ပါပဲ။ လင်္ကာလေးနဲ့ရှိပေမယ့် မေ့သွားပြီ။ မှတ်ရမှာ ပျင်းလို့။ ပြန်စဉ်းစားရမှာလည်း ပျင်းလို့။ ပျင်းရင်ဘာမှ မဖြစ်ဘူးလို့ ဆိုကြပေမယ့် ပျင်းရင် ပိုက်ဆံတော်တော်ကုန်တယ်။ ရှိသမျှပိုက်ဆံနဲ့ ဖုန်းဘေတွေဝယ်ပြီး ဇာတ်လမ်းတွဲတွေ ကြည့်တာ ဇာတ်လမ်းတွဲပေါင်း ၄၀ ကျော်လောက်ရှိသွားတယ်။ ဒါတင်ပဲလားဆိုတော့ ဘယ်ဟုတ်မလဲ။ ဇက်ကြောတွေတက်တယ်။ ဇက်ကြောတက်ရုံတင်ပဲလား။ မကပါဘူး။ သွေးပါတိုးတယ်။ သွေးတိုးရုံပဲလား ဘယ်ကမလဲ။ မျက်စိတွေ မှုန်သွားတယ်။ ကွန်ပျူတာ မျက်နှာပြင်ကို မျက်လုံးမှေးပြီး ကြည့်နေရတယ်။ မနက်ပိုင်း ယောဂလုပ်နေတာလေး နားလိုက်တယ်။ ယောဂကို နားလိုက်တာက ကျန်းမာရေးကို ပိုပြီး ဆိုးသွားစေတယ်။ တကိုယ်လုံး ကိုက်ခဲနေတာပဲ။ ကိုက်ခဲတာက ကိုက်ခဲတာပဲ။ ဇာတ်လမ်းတွဲကို ဖုန်းထဲကနေ ကြည့်ရင် အားမရလို့။ ကွန်ပျူတာထဲ ထည့်ထည့်ပြီး ကြည့်တာ။ တပ်ထားတဲ့ ကြိုးတွေ မဖြုတ်ချင်တာနဲ့ ကုလားထိုင်ပေါ် ထိုင်ကြည့်တာ။ ခုံနဲ့ တင်ပါးတသားတည်းဖြစ်ပြီး ပလပ်စတစ်ခုံကြောင့် မကောင်းတဲ့ အနံ့ဆိုးတွေတောင် ထွက်လာတယ်။ ထွက်တာက ထွက်တာပဲ။ ဘယ်သူမှလည်း ကိုယ့်အခန်းထဲ မဝင်တာမို့လို့။ ဆက်ထိုင်တယ်။ ဆက်ထိုင်နေရုံနဲ့ဆို ဘာမှ မဖြစ်ဘူးထင်တယ်။ ထိုင်နေရင် ပျင်းစရာကောင်းလို့ ဆေးလိပ်ကို တလိပ်ပြီး တလိပ်မီးညှိတယ်။ မီးညှိထားမှတော့ သောက်တာပေါ့။ စီးကရက်မှာ တခြားဆိုးကျိုး ရှိမရှိ မသိပေမယ့် သောက်ပါများတော့ ထမင်းမဆာဘူး။ ဒီတော့ တရက် တနပ်ပဲ စားတယ်။ လူလား ပိန်မလာဘူး။ ဖောလာတယ်။ ဓနုစကားမှာတော့ ကောင်းတယ်။ ဝတာကို ဖောတယ်လို့ သုံးတယ်။ ဒါပေမယ့် ဓနုတွေ ဒီစကား မသုံးတော့ပါဘူး။ သူတို့လည်း ဗမာစကားပဲ သွားယူသုံးတယ်။ ဗမာတွေ ပါဠိစကားကို ပါဠ်ပျက်လုပ်သလို ဓနုတွေလည်း ဗမာစကားကို ဗမာပျက်လုပ်တာပဲ။ ဒါပေမယ့် ခုက ဝလာတာ မဟုတ်ဘူး။ ဓနုလို ပြောတာလည်း မဟုတ်ဘူး။ ဖောလာတာ။ ဖောနေပေမယ့်လည်း ခုထိ ဇာတ်လမ်းတွဲတွေ ကြည့်လို့ကောင်းတုန်းပဲ။ ဘယ်လောက်ထိကြည့်လဲဆို We Love … Fan တွေတောင် လိုက်ဝင်ထားတယ်။ ဘယ်သူ့ဖန်လဲဆိုတော့ ဒီနေ့ အသက်ပြည့်သွားတဲ့ မင်းသမီးတယောက်။ ဘဝမှာ ထူးထူးဆန်းဆန်း ဖန်ဝင်တာ။ ကိုယ့်ကိုယ်ကိုတောင် ရယ်ချင်သွားတယ်။ ဖန်တွေရဲ့ အရူးထပုံတွေကိုလည်း တွေ့လိုက်ရတယ်။ တော်တော်ရူးတာကိုး။ အဲလို ရူးရတာကိုလည်း သူတို့က ကျေနပ်အားရပုံရရဲ့။ ဖန်ဝင်တာက ကိုးရီးယား မင်းသား မင်းသမီးဖန်ဆိုတော့ ကိုးရီးယား မင်းသား မင်းသမီးတွေ တော်တော်များများကို သိသွားတယ်။ သူတို့မှာ ဇာတ်ကားတကားရိုက်ရဖို့ တော်တော်ခဲယဉ်းမှာပဲ။ မင်းသား မင်းသမီးတွေက များမှများ။ ရိုက်သတ်လို့တောင် မကုန်ဘူးဆိုတာထက်ကို ပိုနေတာ။ ဒါကြောင့် ကိုယ့်ကိုယ့်ကို သတ်သေမှုနှုန်းလည်း မြင့်မားတာနေမှာ။ သူတို့မှာဖန်ရှိလာပြီ ဆိုတာနဲ့ အိုင်ဒေါဖြစ်ပြီ။ အိုင်ဒေါဖြစ်နေတော့ အရှေ့တိုင်း ယဉ်ကျေးမှုနဲ့ ဆန့်ကျင်နေထိုင်ပြလို့လည်း မဖြစ်တော့။ ကိုယ့်ပိုစ့်ကို Like လေး သုံးလေးခုလောက်ရရင်ကို မဖျက်ချင်တော့တာက လူတိုင်းတွေရဲ့ ဆန္ဒမဟုတ်ပါလား။ ဖန်ရှိလာတော့ ခက်ပြီလေ။ အိုင်ဒေါဆိုလို့ မြန်မာတွေက အိုင်ဒေါကို အိုင်ဒယ်လို့ဖတ်ရတယ် ဘာညာ ပြောတာ ခဏခဏ ကြားရတယ်။ ဇာတ်ကားကြည့်ရင်း ကိုးရီးယားတွေရဲ့ ကုလားဖြူစကားသံကို နားထောင်လိုက်တော့မှ ကိုယ့်မြန်မာတွေက အနာမရှိ အနာရှာပြီး ဆေးလိမ်းရတာ တော်တော်ဝါသနာကြမ်းတာကို သွားတွေ့ရတယ်။ အလုပ်အကိုင်တွေက မရှိကြတာလည်း ပါတာပေါ့လေ။ အလုပ်မရှိတဲ့သူတွေဆိုတာ အဝှါကိုတောင် အနာလို့ အမည်တပ်ချင်တာပါပဲ။ အဲဒီထဲ ကိုယ်လည်း စားရင်းသွင်းထားတယ်။ မြန်မာတွေ ဂုဏ်တက်တာပေါ့။ ဒါနဲ့ ငါ ဘယ်ကနေ စပျင်းသွားတာပါလိမ့်။ အပျင်းမှာ အစရှိလား မရှိလား မသိဘူး။ အဆုံးလည်း မရှိဘူး။ စမိပြီဆိုရင် အဆုံးသတ်ဖို့ တော်တော်ခက်တယ်။ အရှိန်က ပါနေတာ။ အဆုံး သတ်မလို့ လုပ်နေတာ။ ဘယ်နှစ်ရက် ရှိပြီလဲ မသိဘူး။ ဒီတရက်လေးလောက်တော့ဖြင့် ဆိုပြီး ဆက်ပျင်းနေတာ ပျင်းဖို့ တကယ်ကောင်းတဲ့ နွေရာသီတောင် ရောက်လာပြီ။ ပျင်းတာကြီးကို နားလိုက်ရမလား။ ဆက်ပျင်းရမလား။ Enneagram Relationship လည်း ဘယ်ရောက်နေမှန်း မသိဘူး။ highway.Parame.org ဘယ်နားချထားမိမှန်း မသိဘူး။ 911 ကို ဘာသာပြန်နေတာလည်း ဘယ်လို ပြန်စရမှန်း မသိဘူး။ သာလာယံဝက်ဆိုက်မှာ တင်ရမယ့် စာတွေလည်း ဘယ်ဟာဒ်ဒစ်ထဲထည့်ထားမိလဲ မသိဘူး။ နွေရာသီရောက်လာပြီ။ ကလေးတွေကို COVID-19 ကြောင့် အကုန်လုံး ပြန်လွတ်လိုက်ပေမယ့် မလုပ်မနေရ တချို့ကိစ္စတွေက ရှိနေတယ်။ မြန်မာတွေ တော်တော်များများကတော့ဖြင့် ဒီ covid19 ကို မကြောက်ကြတာ တော်တော်အံ့ဩတယ်။ မြန်မာက အီရန်လိုပုံစံမျိုး ဖြစ်သွားနိုင်တယ်။ မြန်မာ့ယဉ်ကျေးမှုမှာက ကံကိုပုံချတဲ့ ယဉ်ကျေးမှုဆိုတော့ မြန်မာနိုင်ငံမှာ လာဖြစ်ရတဲ့ ကံ ဆိုတဲ့ စကားလုံးက တော်တော်ကံဆိုးတဲ့ စကားလုံးဖြစ်မှာပဲ။ သူ့လောက် အပြစ်တင်ခံရတဲ့ စကားလုံး ဘယ်နားရှိလို့လဲ။ ပျင်းတာကို ရပ်ဖို့ ဒါလေးနဲ့ စလိုက်တာ။ ဒါပဲ။ အလုပ်ဖြစ်မဖြစ်တော့ မပြောတတ်ဘူး။ မဖြစ်ရင်လည်း မဖြစ်ဘူးလို့မှတ်။ အံမယ့် တရားနဲ့ ဖြေတတ်တာလည်း နည်းတဲ့ အရည်အချင်းလား။