ပရ ဆိုတာက အပြင်။ သို့တည်းမဟုတ် တပါးသူ။ ဟိတ ဆိုတာက စီးပွား။ သို့တည်းမဟုတ် အကျိုး။ ပရဟိတဆိုတာ အပြင်စီးပွား သို့မဟုတ် တပါးသူ အကျိုးကို ပြောတာဖြစ်မယ်။ မိမိတတ်စွမ်းသလောက် သူများတွေရဲ့ဘဝ အရည်အသွေးမြင့်မားသွားဖို့ လုပ်ကိုင်တဲ့ အလုပ်ကိုခေါ်မယ်။ သို့တည်းမဟုတ် မိမိရပ်ရွာဒေသ မိမိနိုင်ငံတိုးတက်ရေးအတွက် လုပ်ပေးတာကိုလည်း ပရဟိတလို့သုံးမယ်လို့ထင်ပါတယ်။ ဘုရားဖြစ်အောင် ကျင့်တဲ့ စရိယထဲမှာလည်း အစက လောကတ္ထစရိယ နောက်က ဉာတတ္ထစရိယလို့ပါတယ်။ နောက်ဆုံးမှ ဗုဒ္ဓတ္ထစရိယလို့ပါတယ်။ ကောင်းသော မွန်သော အလုပ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
ကျွန်တော်ကတော့ ငယ်ငယ်ကတည်းက ပရဟိတ ဆိုတဲ့ စကားလုံးနဲ့ စိမ်းခဲ့တယ်။ ပရဟိတလုပ်နေတဲ့လူတွေ ရှိတယ်လို့လည်း မကြားဖူးပါဘူး။ ပရဟိတလို့ပြောရင် ရုပ်ရှင်တွေထဲ မြင်ဖူးတဲ့ ခပ်ဆိုးဆိုး အိမ်ထိန်းကြီးက ရောက်လာတဲ့ မိဘမဲ့ကလေးတွေကို နှိပ်စက်တဲ့ ပြကွက်တွေရယ် ဖတ်ဖူးတဲ့ စာတွေထဲက မိဘမဲ့ကျောင်းမှာ အနှိပ်စက်ခံရတဲ့ တချို့သောသူတို့ရဲ့ အတ္ထုပ္ပတ္တိတွေရယ်ဖြစ်တယ်။ ဒီတော့ ပရဟိတလို့ ကြားလိုက်တာနဲ့ စိတ်က သိပ်အဆင်ပြေပြေ မဖြစ်ဘူးရယ်။
၂၀၀၈ နောက်ပိုင်း နာဂစ်အပြီးမှာမှ ပရဟိတဆိုတဲ့ စကားလုံးကို နည်းနည်းပါးပါးသိခဲ့တယ်။ ရေဘေးအတွက်ဆိုပြီး ပိုက်ဆံလာကောက်လို့ပါ။ ဘာပဲလှူလှူရတယ်လို့ပြောပေမယ့် ငယ်ငယ်ကတည်းက ဒေသတွင်း လက်နက်ကိုင် စစ်သားများနှင့် တွေ့ရ အခြိမ်းခြောက်ခံရနေကျဖြစ်လေတော့ ထုံးစံအတိုင်း ပိုက်ဆံပဲထည့်လိုက်တယ်။ သိပ်တော့လည်း မှတ်မိမနေပါဘူး။
အဲဒီနောက်ပိုင်း ခေတ်ရဲ့ တွန်းပို့မှုကြောင့် သူငယ်ချင်းတွေနဲ့ တွေ့ပြီး အဖွဲ့လေးတစ်ဖွဲ့ဖွဲ့ဖြစ်တယ်။ အဲဒီအဖွဲ့နဲ့ ပုသိမ်ကြီးမြို့နယ်ထဲက ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတကျောင်းကို အလှူသွားလုပ်တယ်။ အဲဒီတုန်းက ဆရာဇော်ခိုင်ဦးတို့ကိုတောင် ဖိတ်ပြီး ဟောပြောပွဲထည့်ဖြစ်သေးတယ်။ အဲဒီနောက် ရန်ကုန် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာမှာ အလှူသွားလုပ်ဖူးတယ်။ ပြီးတော့ လှည်းကူးစားဗူးတောင်းကျေးရွာနားက ဘုန်းကြီးတစ်ပါး ဖွင့်ထားတဲ့ စာသင်ကျောင်းမှာ အလှူသွားလုပ်ဖူးတယ်။ စစ်ကိုင်း မြရတနာ အနာကြီးရောဂါသည်အတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းကို သွားလှူဖြစ်တယ်။ သပိတ်ကျင်းမြို့နယ်မှာ ငလျင်လှုပ်တော့ ပြိုသွားတဲ့ ဘုန်းကြီးကျောင်းကို ကား ငါးနာရီကြာခရီးစီးပြီးတော့ သွားလှူဖူးတယ်။ မန္တလေး အောင်တော်မူဘုရားမှာတောင် တံမျက်စည်းလှည်းတဲ့ အသင်းဖွဲ့ပြီးသကာလ အဲဒီက ဂေါပကများနဲ့အတူ အလှူတွေ အများကြီး တွဲလုပ်ဖြစ်တယ်။ ဒီတော့ ပရဟိတဆိုတာ အလှူလုပ်တာပါလို့ သိလာခဲ့တယ်။ ကိုယ်ပဲ လုပ်ဖြစ်နေတာလို့ထင်ပေမယ့် မြန်မာနိုင်ငံထဲမှာ ပရဟိတဆိုတဲ့ စကားလုံးက အရှိန်တစ်ခုနဲ့ တက်နေခဲ့တာပါ။
တရိပ်ရိပ်တက်နေတဲ့ အရှိန်မြင့်မြင့်နဲ့ ပရဟိတ ဆိုတဲ့ စကားလုံးနောက်မှာ လှူနေတဲ့အဖွဲ့ရှိမှတော့ အလှူခံမယ့်အဖွဲ့လည်း လိုလာပြီလေ။ ဆိုတော့ ဘာလုပ်မလဲ။ မြန်မာနိုင်ငံမှာ အမျိုးသမီးတွေ အနှိမ်ခံနေရတယ်။ မြန်မာနိုင်ငံမှာ ကလေးတွေ ပညာကို ဆုံးခန်းတိုင်အောင် မသင်ကြရဘူး။ မြန်မာနိုင်ငံတချို့ဒေသမှာ ရေနဲ့ပတ်သက်ပြီး တကယ်ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်။ တောင်သူလယ်သမားတွေ စိုက်ပျိုးစရိတ်လိုအပ်နေတယ်။ ဒေသတွင်းမျိုးစေ့ ပျောက်နေတယ်။ ပဋိပက္ခတွေ ဖြစ်နေတော့ ငြိမ်းချမ်းရေး လုပ်ဖို့လိုတယ်။ ရှေ့ဆောင်လူငယ်တွေ စွမ်းရည်မပြည့်ဝဘူး။ ရေညစ်ညမ်းနေတယ်။ ဘယ်လိုရေကန်က ရေခမ်းနေတယ်။ စစ်ဘေးရှောင်စခန်း ဆောက်ဖို့လိုတယ်။ စစ်ဘေးရှောင်ထဲ ရောက်နေတဲ့သူတွေ နေရပ်မပြန်နိုင်သေးဘူး။ အလုပ်လက်မဲ့ လူငယ်တွေအတွက် အလုပ်အကိုင်အခွင့်အလမ်း သင်တန်းပေးရမယ်။ ကမ္ဘာကြီးပူနွေးလာပြီမို့ သစ်ပင်စိုက်ဖို့လိုတယ်။ ပြည်သူနီတိ တရားဥပဒေစိုးမိုးရေး စသဖြင့် စသဖြင့် စ ပြီး တော့ စ သ ဖြင့်။
အစပိုင်း လှူတဲ့အဖွဲ့ထဲမှာ ကျွန်တော် ပါခဲ့ပေမယ့် နောက်ပိုင်းတော့ အလှူခံတဲ့အဖွဲ့ထဲမှာ ကျွန်တော် ပါခဲ့တယ်။ အချို့သော လူမှုအသိုက်အဝန်းတိုးတက်အောင် လုပ်နေသော အဖွဲ့များ လူများကိုတော့ ကျွန်တော်က မတွေ့မိတော့ မသိဘူး။ ကျွန်တော်က အရင်က ကွန်ပျူတာ အလကားသင်ပေးတာတွေကို မေ့ထားခဲ့လိုက်ပြီးတောင်မှလည်း ပရဟိတလုပ်နေတယ်ဆိုတဲ့ စကားလုံးကို တရားဝင်နီးပါး သုံးပိုင်ခွင့်ရှိတာ သုံးနှစ်ရှိလာပြီ။ အဲဒီသုံးနှစ်အတွင်း ကျွန်တော် ဘာတွေရခဲ့လဲ။ ကလေးတွေ ဗလာစာအုပ် စတဲ့ စာသင်ခန်းထဲက ပစ္စည်းတွေ အလကားရတယ်။ သင်္ကန်းစတဲ့ ပြင်ပအသုံးအဆောင်တွေဟာ ဆပ်ပြာမှုန့်ကနေမှအစ အလကားရတယ်။ စားသောက်စရာက မကောင်းပေမယ့် မုန့်တွေပါ မကြာခဏအပိုအလျံအဖြစ် စားရတယ်။ ကြည့်နေရင်းနဲ့ ကလေးတွေဟာ ဒါတွေကို အလကားရတယ်လို့ ထင်လာတယ်။ တန်ဖိုးမထားတော့ဘူး။ သုံးနှစ်အတွင်း သင်္ကန်းအဟောင်း ဆာလာအိတ် ၂၀ နီးပါးရှိလာပြီး သပိတ်ဟောင်း တစ်ရာကျော်တဲ့အထိဖြစ်လာတယ်။ တနေ့ တနေ့ ဆပ်ပြာမှုန့်ထုတ် အခွံက အမှိုက်ပုံးတစ်ပုံးရတယ်။ ထမင်းက နေ့တိုင်း ဝက်စာပုံးထဲကို သုံးဇလုံလောက်ရောက်တယ်။ သူတို့ မလိုတော့လို့ လွင့်ပစ်ထားတဲ့ ဗလာစာအုပ်တွေကောက်ကြည့်လိုက်တော့ တဝက်လောက်က ဘာမှ ရေးမထားတဲ့အပြင် အကောင်းအတိုင်း။ ဒါတောင် စုစုပေါင်းမှ ကလေးက ၃၀ ပဲရှိတာ။ ကလေးက ဒီလိုဖြစ်တော့ သူတို့မိဘတွေကကော။ တခြားကျောင်းက ကလေးတွေတော့ မသိဘူး။ ကျွန်တော့်ကျောင်းက တချို့ကလေးတွေရဲ့ မိဘက ပိုက်ဆံရှိသူတွေပါတယ်။ သူတို့ သားအတွက် ထောက်ပံ့စရာ တစ်ခုမှ မလိုတော့ဘဲ အေးအေးဆေးဆေး ငွေရှာလို့ရတယ်။ ငွေကို အေးဆေးဖြုန်းလို့ရတယ်။ WY ဆေးပြားကို အေးဆေးလူလူ ဝယ်စားလို့ရတယ်။ အရက်ကို ဇိမ်နဲ့ သောက်လို့ရတယ်။ ကလေးအတွက် ပူစရာမလိုဘူး။ ကလေးနဲ့ ပတ်သက်လို့ ဘာတာဝန်ယူမှု တာဝန်ခံမှုမှ မလိုဘူး။ မိဘမှာ လွတ်လပ်စွာ တာဝန်ကင်းမဲ့ခွင့်ရှိသွားတယ်။
တချို့ပရဟိတကျောင်းနဲ့ ပတ်သက်လို့ကတော့ ကြားမိတာတွေ ရှိတယ်။ အရမ်းညစ်ပတ်တယ်။ ကလေးပြစားတယ် (ကျုပ်ကိုလည်း ဒီလိုပြောကြတာပဲ)။ ထောင်နဲ့တူတယ် စသဖြင့်ထူးထူးခြားခြားတွေ တိုးတိုးတိတ်တိတ်တွေ ကြားရတာတွေလည်း အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော် စဉ်းစားမိတာက အဲဒီအပိုင်းထက် မိဘတွေအပိုင်းပါ။ ခေတ်က လူတွေကို ဘယ်ဆီ တွန်းပို့နေတာလဲ။ လူတစ်စုက မိဘများကို တာဝန်ပေါ့လျော့အောင် တွန်းပို့နေတာလား။ ပရဟိတကျောင်းကို အပို့ခံရတဲ့ ကလေးက မိဘဆိုတဲ့ အာဝါသကင်းမဲ့လာပြီးတော့ စိတ်ဒဏ်ရာတချို့ မရနိုင်ဘူးလား။ စိတ်ဒဏ်ရာဆိုတာ မြင်ရတဲ့အရာ မဟုတ်ဘူးနော။ စိတ်ဒဏ်ရာကကော အဲဒီကလေးတွေကို ဘယ်ဆီတွန်းပို့မလဲ။ စဉ်းစားမိတာတွေပါ။
တနေ့ ထိုင်းနိုင်ငံ ကန်ချနဘူရီမြို့နယ်ထဲက မူဘန်ဒက်ဆိုတဲ့ ကလေးကျောင်းကျောင်းကိုရောက်သွားတယ်။ သူတို့ ကျောင်းကလည်း ပရဟိတပါ။ မြန်မာဘုန်းတော်ကြီးများ မြန်မာလူမှုအဖွဲ့အစည်းများအပြင် ကျွန်တော်တို့ ရောက်သွားတုန်းက ဂျပန်က လေ့လာရေးခရီးသည်တွေလည်း ရောက်မယ်လို့ဆိုတော့ အခြားနိုင်ငံက လူတွေလည်း လာရောက်လေ့လာကြမယ့် နာမည်ကျော်ကျောင်းဖြစ်ပါလိမ့်မယ်။ သို့သော် နှစ်လေးဆယ်အတွင်း သူတို့ကျောင်းက ကျောင်းသားစုစုပေါင်း ၁၂၀၀ ကိုပျိုးထောင်ခဲ့ပါတယ်လို့ ပြောပါတယ်။ သေချာစာရင်းပြုစုထားတာတော့ မရှိပါဘူးတဲ့။ ဒါကလည်း စဉ်းစားစရာပါ။