ငယ်ငယ်တုန်းက ကျောင်းမှာ ဘုရားပန်းလာကပ်တဲ့ ရွာက သတ်မှတ်လို့ အပျိုကြီးဖြစ်နေတဲ့ အသက် ၂၀ ကျော်ကျော် မိန်းကလေးတွေကို မေးခွန်းတစ်ခုမေးဖူးတယ်။
“ဘာဆုတောင်းကြတာလဲ”
“ဘဝဆက်တိုင်း ယောက်ျားဘဝဖြစ်ရပါလို၏ လို့ဆိုတောင်းတာပေါ့ ကိုရင်ရယ်”
လို့ဖြေကြတယ်။ ဘာဖြစ်လို့ အဲလိုဖြေတာလဲမသိဘူး။ မိန်းကလေးဖြစ်ရင် ဖြစ်သည့်အလျောက် အခွင့်အရေးတွေ ဒီလောက်ရနေတာ။ စစ်ကားတွေကြည့်၊ မိန်းမနဲ့ ကလေးတွေ အရယ်ကယ်ပါလို့ စပြောခံရတာ။ ကားစီးတာကြည့်။ မိန်းမတွေကို ဦးစားမပေးရင် ဘာလိုလို ညာလိုလို အကြည့်ခံရတာ။ အမျိုးသမီးအခွင့်အရေးဆိုတာပဲ လူ့အခွင့်အရေးအဖွဲ့ကြီးက ပြဋ္ဌာန်းတာ။ ကိုယ်က အဲလိုပဲ ထင်တာလေ။ အဲလိုနဲ့ သမ္မတဆယ်စောင်တွဲ ဆိုတဲ့ စာအုပ်ထဲမှာပါတဲ့ လောကနီတိဆိုတဲ့ အပိုင်းကို သင်ရတော့ ဣတ္ထိယဝဂ်ဆိုပြီး သင်ရတယ်။ ဘာပြောကောင်းမလဲ။ အဲကဏ္ဍက မိန်းမမကောင်းကြောင်းကို သက်သေသာဓကအမျိုးမျိုးနဲ့ ပြောတော့တာကိုး။
ဥပမာ = ဟိ- ထိုစကားသင့်စွ၊ ပုရိသော ဝ- ယောက်ျားသည်သာလျှင်၊ ပဓာနော- ပဓာနတည်း။ ဣတ္ထီ – မိန်းမမူကား၊ သူစိယာ သုတ္တံ ဝ – အပ်ချည်နှင့်သာ တူပါသတည်း။
သဗ္ဗိတ္ထိယော – ခပ်သိမ်းသော မိန်းမတို့သည်၊ နိဝါတကေ – ဆိတ်ငြိမ်သော အရပ်ကို၊ လဘမာနေ – ရလတ်သော်၊ ပါပံ – မကောင်းမှုကို၊ ကရေ ကရောန္တိ – ပြုသည်သာတည်း။ စသဖြင့် အများမှ အများကြီးသင်ရတယ်။ မယုံရင် သမ္မဆယ်စောင်တွဲထဲက ဣတ္ထိယဝဂ်ကို ဖတ်ကြည့်ပေါ့။ မာဃဒေဝလင်္ကာတွေမှာလည်း အပြစ်ပြောကြတာပဲ။ “မိန်းမအပြစ်၊ သဘောညစ်ကို၊ အနှစ်တစ်ရာ၊ တထောင်လျှာဖြင့်၊ လူ့ရွာတည်ငြား၊ ကြင်ယောက်ျားလျင်၊ တပါးအမှု၊ မပြုလုံးလုံး၊ ပြောမဆုံးဟု၊ မှတ်ထုံးထင်စွာ၊ မဟာရဟ၊ နီတိပြ၏။ မဟာရဟနီတိကတောင် ပြလိုက်သေးမဟုတ်လား။
ကျွန်တော်တို့ ရွာအတောင်ဘက်မှာ နတ်ကွန်းရှိလေးရှိတယ်။ ပြာသိုလ်လတိုင်း အဲဒီနတ်ကို ပူဇော်ပသတဲ့ပွဲလုပ်တယ်။ နတ်ကွန်းအနားကို မိန်းကလေးတွေ မသွားရဘူး။ အဲဒီကနေ မိန်းမတွေ မသွားရတဲ့ နေရာတွေ သတိထားမိလာတယ်။ သံဃာစင်ပေါ် မိန်းမမတက်ရဘူး။ ဒီသင်္ဃာစင်ပေါ် မိန်းကလေးမတက်ရတော့ ဘာဖြစ်လာလဲ သိလား။ ဘုရားပန်းလာကပ်တာ ကုသိုလ်အကုန်မရဘူး။ အနီးမှာရှိတဲ့ ကိုရင်ကို ပြန်ခိုင်းရတယ်။ ဟုတ်တယ်။ ဒါကိုကျတော့ မစဉ်းစားကြဘူး။ မိန်းမမတက်ရဆိုပြီး လျှောက်သတ်မှတ်တော့ မိန်းမတွေက ဘုရားပန်းကပ်တဲ့အခါ ဘုရားပန်းအိုး တက်ယူလို့မရဘူး။ မရတော့ ကိုရင်မရှိရင် ဦးပဇင်းတွေကို ပြန်ခိုင်းရတယ်။ ဦးပဇင်းမရှိရင် ကျောင်းထိုင်ဆရာတော်တာဝန်ပဲ။ ပုရိသော ဝ -ယောက်ျားသည်သာလျင်၊ ပဓာနော – ပဓာနတည်းလို့ဆိုပေငြား ယောက်ျားတွေမှ ဘုရားပန်းကပ်တဲ့နေရာတွေကို လိုက်မလာတာ။ သူတို့က ပြောတယ်။ ဘုရားပန်းကပ်တာ မိန်းမတွေအလုပ်တဲ့။ အတူလိုက်ခဲ့ကြည့်ပါလား။ အဲသကောင့်သားကို စုံနေအောင် ဝိုင်းပြောကြမှာလေ။ ရွာတွေက ဓလေ့ကို ပြောပြတာပါ။
နောက်တော့ မိန်းကလေးတွေ အဲလို နတ်ကွန်းနား၊ သင်္ဃာစင်၊ ဘုရားရဲ့ ပစ္စယံစတဲ့နေရာတွေဆီ ဘာလို့ မသွားရလဲမေးကြည့်တော့မှ မိန်းမတွေက ယုတ်ညံ့ကြလို့ပါတဲ့။ ယုတ်ညံ့ကြလို့ပါဆိုတဲ့ စကားကို ဘယ်လိုမှ နားမလည်ပါဘူး။ ကိုယ်နားလည်တာက အကုသိုလ်တွေလုပ် မကောင်းမှုတွေလုပ်မှ ယုတ်ညံ့တယ်လို့ထင်တာကိုး။ ကိုယ့်ဆရာတွေကို မေးကြည့်တယ်။ မိန်းမတွေက ဘာလို့ ယုတ်ညံ့ကြတာလဲဆိုတော့ သူတို့က ဘုရားဟောထားသလိုလို ဘာလိုလိုပြောကြတယ်။ ကိုယ်ကများ ရွှေရင်ကျော်ဂိုဏ်းလိုလို မနောစိတ္တုပ္ပါဒ်ဂိုဏ်းလိုလို ဘုရားငါးဆူဂိုဏ်းလိုလို ဆရာဘုန်းကြီးတွေကို မေးမိလို့လားတော့ မသိဘူးပေါ့လေ။
တကယ်ပြောတာပါ။ မိန်းမတို့သဘာဝ ဓမ္မတာလာကြတာနဲ့ မိန်းမတွေ ယုတ်ညံ့ရတယ်လို့ ဘာအတွက် သတ်မှတ်ကြလိုက်မှန်း မသိပါဘူး။ သဘာဝက ဖြစ်တည်နေတဲ့ ကိစ္စမှာ ဘာလို့ယုတ်ညံ့တယ်လို့ သတ်မှတ်လိုက်လဲ စဉ်းစားမရပါဘူး။ ဘယ်အချိန်က အဲဒီလိုစတင်သတ်မှတ်လိုက်သလဲ။ ကမ္ဘာဦး ဗြဟ္မာတွေ စတင်ပြီး ဟောဒီမြေပေါ်နေစဉ်ကတည်းကလား။ အာဒမ်နံရိုးနဲ့ ဧဝဖြစ်ချိန်ကတည်းကလား။ သို့မဟုတ် အိန္ဒိယနိုင်ငံမှာ မျိုးရိုးဇာတ်ကွဲပြားမှုကြီး စတင်ဖြစ်ပေါ်လာချိန်ကလား။ သည်ကိစ္စကို အနောက်ကမ္ဘာက ဘယ်လိုသတ်မှတ်ကြလဲ။ အရှေ့တိုင်းက အိန္ဒိယယဉ်ကျေးမှုကြီးက အများကြီးလွှမ်းခြုံခံထားရတော့ ၅ ပါးသီလမြဲတဲ့ မိန်းမလည်း ယုတ်ညံ့တာပဲ။ ၈ ပါးသီလစောင့်လေ့ရှိတဲ့ မိန်းမလည်း ယုတ်ညံ့တာပဲ။ တရားစခန်း ခဏခဏဝင်တဲ့ မိန်းမကလည်း ယုတ်ညံ့ရတာပဲ။ ကုသိုလ်ကောင်းမှုတွေ ဘယ်လောက်လုပ်လုပ် ဘယ်တော့မှ သင်္ဃာစင်၊ ပစ္စယံစတာတွေပေါ် တက်မလာနဲ့။ စိတ်ကောင်းရှိပြီး ပရဟိတလုပ်နေလဲ အရက်သောက်နေတဲ့ ယောက်ျားတွေလောက် သားသတ်နေတဲ့ လိမ်လည်ခိုးယူနေတဲ့ နေတဲ့ နေတဲ့ နေတဲ့ယောက်ျားတွေလောက် မမြတ်နိုင်ဘူး ဖြစ်နေတာပဲ။
တချို့ဆိုရင် မိန်းကလေးသဘာဝ ဓမ္မတာလာချိန်မှာ ယောက်ျားနဲ့တောင် ကြမ်းတပြေးတည်းမထိုင်ရတာ သံဃာဆွမ်းမလောင်းရတာ ဘုရားစေတီနားမသွားရတာလို့ သတ်မှတ်ထားတာ ရှိသေး။ အိန္ဒိယယဉ်ကျေးမှု အများဆုံး လွမ်းမိုးခံရတဲ့ မြန်မာနိုင်ငံလို နိုင်ငံမျိုးက ဘေးကလူမျိုးကြီးဖြစ်တဲ့ တရုတ်နိုင်ငံလည်း ရှိတဲ့အပြင် ယဉ်ကျေးမှုများ တွန်းတိုက်ခံရမှုလို့ဆိုတဲ့ Paradigm Shift ကြောင့်သက်သာရာရပေမယ့် မူရင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယမှာတော့ မထောင်းသာလှဘူးထင်ပါရဲ့။
သင်တန်းတွေပေးတိုင်း “အစီအစဉ်တစ်ခုအနေနဲ့ ရုပ်ရှင်ကြည့်ပြီး ဝေဖန်သုံးသပ်ရမယ့် အပိုင်းဖြစ်ပါတယ်” ဆိုပြီး မြန်မာနိုင်ငံမှာရှိတဲ့ Skynet လိုရုပ်သံလိုင်းမျိုးက ဟဒယ ဆိုပြီး ဟာသလို့သာ သဘောထားတဲ့ 3 Idiot, Oh My God, PK စတဲ့ရုပ်ရှင်ကို သင်တန်းသားတွေကို ပညာပေးဇာတ်လမ်းဆိုပြီး အတင်းအကြည့်ခိုင်းခဲ့ဖူးတဲ့ ဝဋ်ကလေး လည်တဲ့အနေနဲ့ ယဉ်ငြိမ်းခင်ဝါအောင်က အတင်းကြည့်ခိုင်းလို့ ကြည့်ရတဲ့ Pad man ဆိုတဲ့ ဇာတ်ကားကို ကြည့်လိုက်ရပါတယ်။ ထူးခြားတာက Bollywood ဟာ သာမန်ရုပ်ရှင်တွေထုတ်သလို ပညာပေးဇာတ်လမ်းတွေလည်း အများကြီးထုတ်နိုင်တယ်။ Deepa Mehta ရဲ့ ဘဝတလျောက် သုံးကားသာရိုက်ကူးတဲ့ Earth, Fire, Water လိုဇာတ်ကားမျိုး၊ Shree Narayan Singh ရိုက်ကူးတဲ့ Toilet လိုဇာတ်ကားမျိုးပေါ့။ ခုလည်း R. Balki ရိုက်ကူးပြီး နာမည်ကြီးမင်းသား Akshay Kumar ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ Pad Man ဆိုတဲ့ ၂၀၀၆ မှာ National Innovation ဆုရပြီး ၂၀၁၄ မှာ Time မဂ္ဂဇင်းက သြဇာအရှိဆုံး ပုဂ္ဂိုလ်တစ်ရာသတ်မှတ်ခံရသူလည်းဖြစ် ၂၀၁၆ မှာ အိန္ဒိယအစိုးရက ပေးတဲ့ Padma Shri ဆုကို ရရှိခဲ့သူလည်းဖြစ်တဲ့ Arunachalam Muruganantham ဆိုသူရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးတဲ့ ဇာတ်လမ်းလေးက တော်တော်လေးထိထိရောက်ရောက်ပဲ အမျိုးသမီးထုရဲ့ ကျန်းမာရေးကို ပညာပေးလိုက်တယ်။ ဇာတ်ကားကိုကြည့်ရင်းဖြင့် ရလာမည့် အသိပညာတွေကတော့ ကျွန်တော် လေးစားအားကျပြီး အရမ်းသဘောကျတဲ့ ကဗျာဆရာ မောင်သိန်းဇော်ကဗျာလေးအတိုင်း ဖြစ်သွားပါလိမ့်မယ်။
ပွဲ
သူတို့လည်း သူတို့အစီအစဉ်နဲ့ သူတို့ကပြ
ကိုယ်လည်း ကိုယ့်အတွေးအမြင်နဲ့ကိုယ် ကြည့်ရှု
ပေးတာတွေလည်း ယူပါတယ်
မပေးတာတွေလည်း ရခဲ့တယ်။
… လို့လေ။