ကျွန်တော် ကမ္ဘောဇ ဘိလပ်မြေစက်ရုံနား စပြီး နေထိုင်ရတော့ စစချင်း နွားပြဿနာနဲ့ ကြုံရတာပါပဲ။ ခက်တာက နွားတွေဟာ စကားပြောလို့ မရနိုင်တာ။ ဒီဘက် ရွာတွေက နွားမွေးတာကိုး။ ငယ်ငယ်တုန်းကတော့ ဇာတိရွာမှာဆိုရင် နွားအုပ်တွေရှိတယ်။ လူချမ်းသာတွေပေါ့။ ဘယ်သူက နွားအုပ်ရှိတယ်ဆိုပြီး ပြောကြတာ။ ချမ်းသာကြတယ်လေ။ လူချမ်းသာတွေဟာ နွားမွေးကြတယ်။ မွေးတာလည်း တကောင်နှစ်ကောင်တည်း မဟုတ်ဘူး။ အုပ်လိုက်မွေးတာ။ မှတ်မိသလောက် ရာနဲ့ချီတာချည်းပါပဲ။ မနက်မနက်ဆိုရင် နွားကျောင်းသားတွေနဲ့ နွားကျောင်းခိုင်းဖို့ သူတို့နွားခြံကြီးကနေ နွားတွေကို လွတ်ရတယ်။ ကျွန်တော်တို့လို ဆင်းရဲတဲ့သူတွေကတော့ “နွားအုပ်တောင် လွတ်နေပြီ နင်တို့ အလုပ်မလုပ်ကြသေးဘူးလား” ဒါပဲ အပြောခံရတာ။ နွားတွေကို အုပ်လိုက်ကြီး တောမှာ သွားကျောင်းရတာ။ တောထဲမှာက အစာပေါတယ်လေ။ နွားတွေ အစာဝပြီထင်ထင် မထင်ထင် ညနေရောက်ရင်တော့ အုပ်လိုက်ကြီး ရွာထဲ ပြန်မောင်းဝင်ရတယ်။ နွားအုပ်ကြီး တောကနေပြန်လာတော့လည်း အပြောခံရတာပဲ။ “ဟဲ့ နွားအုပ်တွေ ပြန်လာပြီ ဝေးဝေးနေ” ဆိုပြီးတော့။ ဘာလို့ ဝေးဝေးနေခိုင်းသလဲဆိုတော့ ပြန်လာတဲ့ နွားအုပ်ထဲမှာ အမြီးထောင်နေတဲ့ နွားတွေ ပါလာတတ်တယ်။ တောထဲမှာနေတော့ အရိုင်းဖြစ်လာတာ။ အရိုင်းစိတ်ဝင်လာတယ်ပေါ့။ အရိုင်းစိတ်ဝင်လာတဲ့ နွားတွေဟာ အမြီးထောင်နေတာပဲ။ တချို့တော့လည်း တောပူးလာတယ်လို့ ဆိုတယ်။ တောထဲမှာနေတာများရင် တောစိတ်ဝင်လာလည်း ဖြစ်တတ်ပါတယ်။ တောစိတ်ဆိုတာ စိတ်ရိုင်းကို ပြောတာ။ ပြီးတော့ တွေ့တဲ့အိမ် ဝင်ခွေ့တတ်တယ်။ တွေ့တဲ့သူကိုလည်း ဝင်ခွေ့တတ်တယ်။ အဲဒါကြောင့် နွားအုပ်ပြန်လာရင် မိဘတွေက သူတို့ သားသမီးတွေကို ဝေးဝေးရှောင်ခိုင်းတယ်။ နွားတွေဟာ စကားပြောလို့ မရနိုင်ဘူးလေ။ ဒါကြောင့် လူကိုပဲ ရှောင်ခိုင်းရတာပေါ့။
ဒီလိုနဲ့ ကျွန်တော်ဟာ ကံကောင်းထောက်မစွာပဲ မြို့ကြီးပြကြီးမှာ လိုက်ပြီး ပညာသင်ရတဲ့ ဘဝနဲ့ ဘဝကို ဖြတ်သန်းခွင့်ရခဲ့တယ်။ မြို့ကြီးပြကြီးမှာတော့ နွားတွေအုပ်လိုက်မတွေ့ရဘူး။ အုပ်လိုက်ရှိရင်လည်း မြို့ထဲမှာ မရှိဘူး။ မြို့ထဲမှာရှိရင်လည်း အဲဒီနွားကတော့ ဘေးမဲ့နွားပဲ။ ဘေးမဲ့နွားဆိုရင် သတ်စားလို့လည်းမရ။ ဟိုမောင်း ဒီမောင်းလည်းမရ။ နွားတွေဟာ စကားပြောလို့လည်း မရတော့ လွတ်ထားကြတယ်။ အားလုံးက ဘေးမဲ့နွားလို့ ခေါ်ကြတယ်။ မြို့ထဲမှာနေမိတဲ့ နွားမို့လို့ ဘေးမဲ့ ရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာဖြစ်ဖြစ် နွားတွေဟာ ခွေးလို အဆိပ်တော့ အကျွေးမခံရဘူး။ မြို့ထဲမှာ ဘေးမဲ့ခွင့်ရတဲ့ နွားတွေတွေ့ပေမင့် မြို့အစွန် ဆင်ခြေဖုံးရပ်ကွက် သို့မဟုတ် မြို့နဲ့ မလှမ်းမကမ်းက ရွာတချို့တွေမှာတော့ နွားခြံကြီးရှိတယ်။ နွားတွေဟာ အဲဒီမှာ သူတို့သင်္ကေတနဲ့ သူတို့ နေကြတယ်။ ကြက်ခြေခတ် အမှတ်အသား။ အမှန်ခြစ် အမှတ်အသား။ စက်ဝိုင်းအမှတ်အသား။ လေးထောင့်အမှတ်အသား။ သုံးထောင့်အမှတ်အသား။ အမှတ်အသားမျိုးစုံနဲ့ပေါ့။ နွားတွေဟာ သူတို့အမှတ်အသားနဲ့ သူတို့အသင်းအဖွဲ့နဲ့ အတုံးအရုံး နေထိုင်ကြတာပဲ။ သိတယ် မဟုတ်လား။ အဲဒီနွားတွေ ဘာဖြစ်ရမယ်ဆိုတာ။ ပိုက်ဆံရှိတဲ့သူတွေတော့ သူတို့အသားလေးတွေကို ဝယ်စားနိုင်တာပ။ ပိုက်ဆံရှိမှနော်။ နွားသားတွေက ဈေးကြီးတယ်။ ပိုင်ရှင်ကတော့ ကြွယ်ဝပြီးရင်း ကြွယ်ဝပေါ့လေ။ နွားတွေကိုကြည့်ပြီး ပြောပြောကြတဲ့ “သနားစရာ” ဆိုတဲ့ စကားလုံးက ဟောဒီလောကမှာ ခပ်ညံ့ညံ့လူတွေ သုံးကြတဲ့ စကားဖြစ်မယ်။ မသနားတတ်တဲ့ ပိုက်ဆံရှိသူ လူတချို့ရဲ့ နွားအပေါ် ထားတဲ့ မေတ္တာတွေက အာဟာရအတွက်လောက်ပဲကိုး။ ဒါက မြို့ပေါ်မှာတွေ့ခဲ့ရတဲ့ နွားအကြောင်း။ နောက်တော့ မြို့မကျ တောမကျနေရာတွေမှာ နေနေတာ။ နွားဆိုတာကို မေ့မေ့ပျောက်ပျောက်ပါပဲ။
ဒီလိုနဲ့ စစ်အာဏာရှင်လက်ထက်က စစ်အာဏာရှင်အားကိုးနဲ့ မလျော်မကန်လျော်ကြေးလေးနဲ့ မသိနားမလည်တဲ့ တိုင်းရင်းသားတချို့အပေါ် မလိုအပ်ပဲ သုံးခဲ့တဲ့ အာဏာနဲ့ ရယူထားတဲ့ မြေပေါ်မှာ ဆောက်ထားတဲ့ ကမ္ဘောဇဘိလပ်မြေစက်ရုံနားမှာ နေရမယ်ဆိုတဲ့ အကြောင်းမလှမှုတစ်ခုနဲ့ ကြုံခဲ့ရပါတယ်။ (ကမ္ဘောဇဂရုဟာ လုပ်ငန်းခွဲတွေမှာ တခြားနာမည်သုံးခဲ့ပေမယ့် ဒီမှာ ဒီနာမည်ကို သုံးခဲ့တာ ဘယ်လိုကြောင့်လဲ မသိဘူး။ ခုတော့ ထုံးစံအတိုင်း နာမည်ပြောင်းတော့မယ်လို့ သိရတယ်) ပြောချင်တာက ဒီကမ္ဘောဇဘိလပ်မြေစက်ရုံအကြောင်းမဟုတ်ပါဘူး။ ဒီစာဖတ်တဲ့သူတွေက ကျွန်တော် ဘယ်နားမှာနေနေတာလဲဆိုတာကို သိသာထင်ရှားတဲ့ အမှတ်တစ်ခုကို ပြရုံသက်သက်ပါ။ ကျွန်တော် ဘယ်ရွာမှာနေပါတယ်။ ဘယ်ကနေ ဘယ်လိုသွား ဘယ်လိုလာရင်ရောက်ပါတယ်။ ဘယ်နားလေးနဲ့ ဘယ်နားလေးကြားပါလို့ပြောရင် အဲဒီနာမည်တွေနဲ့ကို ဘယ်မှာမှန်း မသိမှာစိုးလို့ ကိုယ်နဲ့ လေးဖာလုံသာပဲနီးတဲ့ ကမ္ဘောဇဘိလပ်မြေစက်ရုံကြီးကို ပြောပြရတာပါ။ ရိုးရိုးမပြောဘဲ ဘာလို့ ဂုဏ်ပုဒ်တွေပါ ထည့်ပြောရလဲဆိုရင် လူတွေရဲ့ မှတ်ဉာဏ်အခြေအနေကြောင့်ပါ။ ဂျေဂျူဝိုင်လို့ ပြောရင် ဂျေဂျူဝိုင်ဆိုတဲ့ နာမည်ကို မှတ်ပုံတင်ထားတာ မဟုတ်တော့ တခြားသူတွေ ယူသုံးတာလည်း ရှိနိုင်တယ်။ အဲဒီအခါ ဘယ်ဂျေဂျူဝိုင်မှန်း မသိဖြစ်ရမယ်။ ဒါကြောင့် ၂၀၀၇ ၂၀၀၈ လောက်ကတည်းက အွန်လိုင်းမှာ ပြဿနာတွေ ပတ်ရှာပြီး ၂၀၀၉ ၂၀၁၀ လောက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂျေဂျူဝိုင်ဆိုရင် အော် ဒီဘုန်းကြီးလားဆိုပြီး သူများ တန်းသိသလိုပေါ့။ ခုလည်း လူမှုရေး CSR ရော၊ ပညာပေး CSR ရော လုံးဝမလုပ်ဘဲ တိုင်းရင်းသားတွေရဲ့ ရွာတွေကြားထဲမှာ ခပ်တည်တည်လည်ပတ်နေတဲ့ ကမ္ဘောဇဘိလပ်မြေစက်ရုံလို့ပြောရင် အော် ဟုတ်လားဆိုပြီး ကြားရသမျှ သိရသမျှ လူတွေ အလွယ်တကူ မှတ်မိအောင် ပြောပြတာပါ။ ဘာရယ်မဟုတ်ဘူး။ ပြောပြရုံသက်သက်ပါ။ ရေးချင်တာက နွားတွေဟာ စကားပြောလို့ မရနိုင်ဘူးဆိုတဲ့အကြောင်း။
ကျွန်တော့်မှာ ဝါသနာတစ်ခု ရှိတယ်။ အရိပ်ရမယ့် သစ်ပင်တွေစိုက်တာ၊ ပွင့်တဲ့ ပန်းပင်တွေ စိုက်တာ။ ပြီးတော့ အဲဒါလေးတွေကို လိုက်ပြီးကြည့်ရတာကိုလည်း ဝါသနာပါတယ်။ မနက်တိုင်း မနက်တိုင်း ကိုယ်စိုက်ထားတဲ့ သစ်ပင်တွေကို အမြဲတမ်း လိုက်ကြည့်တယ်။ ဒီအပင်လေးကတော့ အရွက်တွေ သန်လာတယ်။ ဒီအပင်လေးကတော့ အညောက်စထွက်ပြီ။ အို ဒီအပင်တော့ သေလုမျောပါး ဖြစ်နေပါလား။ ဒီအပင်တော့ ခြုံတွေရှင်းမှပ် စသဖြင့် အပင်တိုင်းနီးပါး လိုက်ကြည့်တယ်။ ကိုယ့်မှာ ကြည်နူးစရာဆိုလို့ ဒါပဲ ရှိတာကိုး။ ဟော ဒီမနက်ဗျာ။ နွားတွေ နွားတွေ ဘယ်အချိန်က ဝင်ထားတယ် မသိဘူး။ စိုက်ထားတဲ့ ထောက်ပတ်ပင်အုပ်စုနားတဝိုက်မှာ နွားအုပ်ခြေရာတွေနဲ့ အပင်တွေကလည်း လဲ။ ပြတ်တဲ့ အပင်တွေလည်း ပြတ်။ နင်းထားတာတွေကလည်း ကိုင်းကျိုးတွေဖြစ်လို့။ ဒါတွေမြင်တော့ ဒေါသတွေ ထွက်တယ်ဆိုတာလေ။ ဒါပေမယ့်လည်း စားကျက်ဟာ ရှားလာပြီ။ မြေလွတ်မြေရိုင်းတွေက နည်းလာပြီ။ ရှိတဲ့ မြေလွတ်မြေရိုင်းကလည်း တချို့သောလူတွေက အဆိပ်တွေ ဓာတ်မြေဩဇာတွေ ချထားတတ်တယ်။ ဆိုတော့ မြက်ပင်တွေ စိမ်းစိမ်းထနေတဲ့ ကိုယ့်ဘုရားတောင်ပေါ်ဆီ နွားကျောင်းသားတွေ နွားခိုးလွတ်ချင်တာ မဆန်းဘူး။ ဒါပေမယ့် ကိုယ်ကလည်း နွားကျောင်းသားတွေ တွေ့တိုင်းပြောတယ်။
“ငါ့ကျောင်းမှာ နွားလာမကျောင်းပါနဲ့ကွာ၊ ငါစိုက်ထားတဲ့ အပင်တွေ ရှိလို့ပါ၊ အဲဒီအပင်တွေ ကြီးရင်တော့ လာကျောင်းလို့ရတယ်”
နွားကျောင်းတဲ့သူတွေ ဘာပြန်ပြောတယ်ထင်လဲ။
“နွားတွေက အပင်ကို မစားပါဘူး။ ပြီးတော့ သူတို့က လူစိုက်ထားတဲ့ အပင်တွေကို သိပါတယ်”
ဒေါသလည်းထွက် ရယ်လည်း ရယ်ချင်သွားတယ်။ ဘယ့်နှယ်နွားက လူစိုက်ထားတဲ့ အပင်ကို မစားရမှာတုန်း။ စားလို့ပဲ တစ်ပင် တသောင်းခွဲနဲ့ ဝယ်ထားတဲ့ စပ်မျိုးထောက်ပတ်ပင် သုံးပင်စားသွားပေါ့ဟာကို။ နွားကျောင်းသားတွေ စကားပြောလို့မရတော့ နွားတွေကိုပဲ စကးပြောရတော့မယ်လို့ စဉ်းစားလိုက်ရပါတယ်။ ဒါပေမယ့် ခက်တာက…
နွားတွေဟာ စကားပြောလို့ မရနိုင်ဘူး။