ဗိုလ်အောင်ဒင် ရာမကို မေးသလို “သေနတ်ကိုင်ပြီး ဟောဒီလို ခလုတ်ကလေး ဆွဲရတာ လွယ်သလား ခက်သလားရာမ” လို့မေးလိုက်ချင်သေးရဲ့။ ရာမကတော့ ကြောင်အအ ဖြစ်သွားတာပေါ့။ ကျွန်တော်ကတော့ မဖြစ်ပါဘူး။ လွယ်ပါတယ်။ ခေတ်က လွယ်သထက် လွယ်လာအောင် လုပ်လာပြီ။ ဘယ်လောက် လွယ်အောင် လုပ်လာကြမလဲဆိုရင် အရင်ခေတ်က လူတွေဟာ ကလေးမွေးရင် ကိုယ်ဝန်လွယ်ပြီး သမားရိုးကျ မွေးခဲ့ကြတယ်။ မွေးပြီးမှသာ ယောက်ျားလေး မိန်းကလေးသိရတယ်။ အခုကျတော့ ဗိုက်ထဲရှိတဲ့ကလေးကို ဘာလေးလဲ သိပြီဖြစ်သလို မွေးချင်တဲ့ရက်မွေးလို့ရပါပြီ။ သူငယ်ချင်းတယောက်တောင် သူ့သမီးကို သိုက်ဖွားဖြစ်စေချင်လို့ အင်္ဂါသမီးဖြစ်စေချင်လို့ဆိုပြီး ရက်ရွေးပြီးမွေးခဲ့တယ်။ နောက်ကျရင် ဘယ်လိုလာမယ်ထင်လဲ။ လူတွေ ကိုယ်ဝန်လွယ်ကြတော့မှာ မဟုတ်ပါဘူး။ လူတွေကန့်ကွက်တဲ့ကြားက ဒီကိစ္စက ဖြစ်လာတော့မှာပါ။
နေထိုင်မှုပုံစံမှာကျတော့ ဟိုးအရင်တုန်းက စျေးဆိုင်တွေဟာ သူတို့တင်ချင်တာပဲ သူတို့တင်ကြတယ်။ တကယ်လို့ အဲဒီဆိုင်နဲ့ မဆိုင်တဲ့ ကုန်မျိုးကို အဲဒီဆိုင်က တင်လေ့မရှိပါဘူး။ သွားမေးရင်လည်း ဒီမှာ မရောင်းဘူးဆိုပြီး ခပ်တင်းတင်းပဲ ပြောတတ်ကြပါတယ်။ အဲလိုရောင်းခြင်းဟာ ဂုဏ်ရှိတယ်လို့ ထင်ကြတယ်။ အခုကျတော့ အဲလိုမဟုတ်တော့ပါဘူး။ စျေးဝယ်သူက တစ်ခုခုလာမေးခဲ့ရင် အခုမရှိသေးရင်တောင် နောက်နောင် တင်နိုင်အောင်ကြိုးစားတဲ့ စုံနိုင်သမျှ စုံအောင်လုပ်လာကြပါတယ်။ နောက်ဆိုရင်တော့ လုံးဝပါပဲ။ တနေရာဝင်လိုက်တာနဲ့ စျေးဝယ်သူတွေကို ပြန်မထွက်နိုင်အောင်ဆွဲဆောင်မယ့်ဆိုင်တွေပဲ ပေါ်တာတော့မှာပါ။ စျေးဝယ်သူကလည်း အရင်က Brand တွေပဲ ဦးစားပေးခဲ့ကြတယ်။ Brand မဟုတ်ရင် စကားထဲ ထည့်မပြောကြပါဘူး။ အခုဆိုရင်တော့ Brand ဆိုတာထက် လိုအပ်တာကို ဝယ်လာကြတယ်။ နောက်ကျရင် စျေးဝယ်သူတွေဟာ သူတို့လိုအပ်တာကို စျေးဝယ်ရင်း လုပ်ခိုင်းတာမျိုး ရှိလာတော့မှာ ဖြစ်ပါတယ်။ စျေးဝယ်သူကို လိုက်လုပ်မပေးနိုင်တဲ့ စျေးဆိုင်များ ကျရှုံးဖို့ ပြင်ထားပါ။
အရင်တုန်းက စျေးဝယ်ရင် ကိုင်ပြီး ဟိုလှည့်ဒီလှည့် ဖွင့်ကြည့်လို့ရမှ ဖြန့်ကြည့်လို့အဆင်ပြေတယ်ဆိုမှ ဝယ်ကြပါတယ်။ အခုတော့ အဲလိုမဟုတ်တော့ပါဘူး။ တစ်ခါတည်းပါကင်လာတယ်။ ဘာပစ္စည်းဝယ်ဝယ် တစ်ခါတည်းပါကင်ပဲ။ ကောင်းတယ် မကောင်းဘူး မသိရဘူး။ ကိုယ့်လက်ထဲရောက်မှ ကိုယ့်ကံပဲ။ နောက်ကျရင်တော့ စျေးဝယ်သူတွေက နှစ်မျိုးလုံးဖြစ်နေတာမျိုးမှ ဝယ်ကြတော့မှာပါ။ ထိကြည့် ကိုင်ကြည့် စမ်းသပ်ကြည့်လိုက်ရတယ်။ ပါကင်နဲ့လည်း သေချာထုတ်ထားရမယ်။ ကဲ ခင်ဗျား စွန့်ဦးတီထွင်သူလားဗျာ။ အဲလိုဖြစ်အောင် ကုန်ပစ္စည်းကို ထုတ်လုပ်ပါ။ ဒါမှ အောင်မြင်မှာပါ။
အရင်တုန်းက စျေးဆိုင်လေးဖွင့်ထားတယ်။ ကိုယ့်ဆိုင်မှာ တင်ချင်တဲ့ ပစ္စည်းကို မြို့တက်ပြီး ဝယ်ရပါတယ်။ မြို့တက်ပြီး ဟိုနားနည်းနည်း ဒီနားနည်းနည်း ရှာဝယ်စုပြီးမှ ပြန်ရောင်းရပါတယ်။ အခုဆိုရင်တော့ သေးသေးမွားမွားလေးကစ ကြီးကြီးမားမားအထိ ကိုယ့်စျေးဆိုင်ထဲအထိ ဝင်ပြီး သူ့ပစ္စည်းကိုတောင် နေရာတကျ ချပေးပြီး ရောင်းခိုင်းကြပါပြီ။ စျေးဆိုင်တွေ မြို့တက်ပြီး ပစ္စည်းတွေ ဝယ်တာတောင် သိပ်လုပ်စရာ မလိုတော့ဘူး။ နောက်ပိုင်း ဘာဖြစ်လာမယ်ထင်လဲ။ ကုမ္ပဏီကြီးတွေဟာ ဒေသအသီးသီးမှာ ဖွင့်တော့မှာ ဖြစ်ပါတယ်။ အဲဒီနောက် စားစရာမုန့်များကိုလည်း ဆိုင်ရှင်တွေဟာ ကိုယ်တိုင် လုပ်ကြတော့မှာ ဖြစ်ပါတယ်။ ဒါကို ကြပ်ကြပ်သတိချပ်ထားကြပါ။ သေးသေးမွားမွားကအစ ကြီးကြီးမားမားအထိ မိမိကိုယ်တိုင် ဘာလုပ်လို့ ရသလဲဆိုတာကို စဉ်းစားထားကြပါ။
ခပ်တည်တည်နဲ့ လျှောက်ပြောနေတာ။ ဘာရယ်မဟုတ်ပါဘူး။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာမျိုးကို ကြိုတင်တွက်ဆထားပြီးမှ စီးပွားရေးလုပ်တာ ကောင်းပါတယ်။ တလောက တောင်ကြီးက ကားပွဲစားတယောက် သူ့အိမ်ကို သိန်း ၂၀၀၀ နဲ့ရောင်းလိုက်တယ်။ သူက ဝစ်သောက်ကားအစီးတစ်ရာကို အပိုင်ဆိုပြီး မြဝတီကနေ တောင်ကြီးတင်လိုက်တယ်။ သူတင်ပြီးမကြာပါဘူး။ ဝစ်သောက်ဖမ်းမယ်ဖြစ်ရော။ မန္တလေးက အသိတယောက်ကလည်း အဲလိုပဲ။ ၂၀၁၀ လောက်မှာတုန်းက အင်တာနက်ဆိုင် ဖွင့်ပါလားလို့ အကြံပေးတော့ သူက မကြာခင် လူတိုင်းဖုန်းကိုင်နိုင်တော့မှာ။ အဲချိန်ကျရင် ဝယ်ထားတဲ့ ကွန်ပျူတာတွေ အဟောင်းစျေးနဲ့တောင် ပြန်ရောင်းလို့ ရတော့မှာမဟုတ်ဘူးလို့ သူပြောပါတယ်။ စီးပွားရေးသမားမှန်ရင် အဝေးကို လှမ်းမျှော်ကြည့်ရတယ်။
စီးပွားရေးလမ်းကြောင်းပေါ် တက်ပြီဆိုရင် ချဉ်းကပ်ပုံ ချဉ်းကပ်နည်း။ မဟာဗျူဟာနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ နည်းပညာတွေ စသဖြင့် စုံစေ့နေအောင်ကြည့်ပြီး စီးပွားရေးလုပ်သင့်ပါတယ်။ လူမှုကွန်ယက်အသုံးပြုတာ eCommerce စတာတွေထက် Blockchain စတာတွေကိုပါ လေ့လာထားရပါတော့မယ်။
ဟုတ်ကဲ့မွဲမှာပါခင်ဗျာ။ ဒီစာဖတ်ပြီးလုပ်တဲ့သူများ ပြောပါတယ်။