လွယ်တာမို့လို့ လွယ်တယ်လို့ပြောရတာပါ။ လွယ်တာတောင်မှ လွယ်ပါတယ်လို့ဖြစ်ပါတယ်။ လွယ်တယ်လို့ တိုတိုဖြေရင် လွယ်ပေမယ့် သိပ်မလွယ်သလိုဖြစ်နေလို့ လွယ်ပါတယ်လို့ “ပါ” ထည့်ပြီး လွယ်ပြလိုက်တာပါ။ မြန်မာနိုင်ငံမှာ ရှေးလူကြီးရော ယခုလူကြီးများပါ ပြောကြတာရှိပါတယ်။ စာဖတ်ပါ စာဖတ်ပါတဲ့။ ဖတ်ရမယ့်စာတွေ သူများအတွက်တော့ မသိဘူး။ ကိုယ့်အတွက်တော့ ရှားပါတယ်။ ဖတ်လိုက်တဲ့ စာအုပ်တိုင်းကလည်း ကိုယ့်ကို လာအမိန့်ပေးနေတဲ့ စာတွေများတယ်။ ဒီတော့ စာသိပ်မဖတ်ချင်ဘူးဗျာ။ စာဖတ်တယ်ဆိုတာ လူညံ့တွေအလုပ်ဖြစ်အောင် မြန်မာနိုင်ငံ စာရေးဆရာတွေက ရေးကြတာ။ ဘယ်လိုမနေနဲ့ ဘယ်လိုနေ ဘယ်လိုနေတာ ဘယ်လိုလူစားမျိုးမှ ဖြစ်တာဆိုတော့ စာဖတ်ရင်းကိုယ့်မှာ လူညံ့ကြီးဖြစ်ရတာကိုးဗျ။ ကိုယ်က ညံ့လို့လည်း ဖြစ်ကောင်း ဖြစ်နေလို့လည်း ဖြစ်ချင်ဖြစ်နေမှာပေါ့လေ။ အံမယ် အပြောအဆိုကိုက ကိုယ်က တော်နေသယောင် ဘာယောင်ယောင်။ ဘာမှမဖြစ်တာကို ထောက်ခြင်းအားဖြင့် ဘာမှမတော်ဘူးဆိုတာကိုတော့ ဝေးဝေးတခါ ကိုယ့်ကိုယ်ကို ပြန်သိပါတယ်။ သိပေမယ့် ကိုယ့်ကိုယ်ကိုဆိုတော့ မသိချင်ယောင်ဆောင်ရတာပေါ့။ ဒါပေမယ့် မသိရင်မရတော့ အဖြစ်အပျက်တွေကို ခေတ်ကာလက ယူလာပါပြီ။ ခေတ်က ပြောင်းနေတာကိုး။ ခေတ်လို့ပြောတော့ ဆရာတာရာမင်းဝေရဲ့ မီးတောက်ရစ်သမ်ကဗျာထဲက
ဘာပဲဖြစ်ဖြစ်
ကျောက်ခေတ်၊ ကြေးခေတ်
နျူကလီးယားကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ ငါ့ ကြေငြာချက်ကတော့
နင့်ကို ထာဝရချစ်နေမယ်ဆိုတာပါပဲ။ ဆိုတဲ့ကဗျာကိုတောင် ပြေးသတိရမိသွားသေးရဲ့။ ခေတ်ဆိုတာ အဲလိုပြောင်းနေပေမယ့် လူကတော့ ထာဝရရှိနေမှာမို့ လူကလည်း ခေတ်ကိုနောက်လိုက်ရမယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက မဂ္ဂဇိန်တစ်စောင်မှာ ဖတ်ဖူးတာက လူတယောက်ဟာ သည်လိုထွန်းကားလာတာကို ဆန့်ကျင်တဲ့အနေနဲ့ လက်နှိပ်စက်ပဲသုံးတယ်။ လျှပ်စစ်စတာတွေနဲ့ ဝေးဝေးနေတယ်လို့တော့ ဖတ်ဖူးလိုက်တယ်။ သူကနေနိုင်တာကိုး။ ဂျာမဏီနိုင်ငံမှာလည်း အဘွားတဦးက ပိုက်ဆံမကိုင်တဲ့ နည်းလမ်းကို ကျင့်သုံးတာ နောက်လိုက်တောင်တော်တော်များနေပြီလို့ဆိုတယ်။ ဖြစ်နေသေးတာကိုး။ ဒါပေမယ့် ခေတ်က ပြောင်းလာပါပြီ။ ဆက်လက်လည်း ပြောင်းနေဦးမှာပါ။
အရင်တုန်းက Print ခေတ်ဟာ အခုမရှိတော့ပါဘူး။ မဂ္ဂဇင်းတွေ ဂျာနယ်တွေ စာစောင်တွေ ဘယ်လို ရုတ်သိမ်းလိုက်ရတယ်။ ဘယ်လိုရှုံးတယ် စသဖြင့် ပြောသံတွေ ဆူညံနေပါပြီ။ ဒါကိုမှ ဂရုမစိုက်ဘဲ အရှုံးခံနိုင်လို့ ထုတ်ချင် ထုတ်ကြပေါ့။ လူတွေက စာအုပ်ကိုင်ပြီး ဖတ်ရတာ ဝါသနာမပါတော့ပါဘူး။ ဘေးအမြင်က သည်လူ ကြီးကြီးကျယ်ကျယ်နဲ့လို့ ထင်လာပါပြီ။ ၂၀၀၀ ရဲ့ ဟိုဘက်ဖွားတွေတော့ စာတွေကို ဖတ်သင့်တယ်လို့ ထင်နေကြသေးတယ်။ ရသစာပေရေးနိုင်တဲ့လူကလည်း ရှားလာပါပြီ။ စာပေတွေ ပေါ်လာတာ နှစ်ပေါင်း သိပ်မကြာသေးပါဘူး။ စာပေမပေါ်ခဲ့တဲ့ သက္ကရာဇ်များစွာကလည်း ရှိခဲ့ပါတယ်။ အဲဒီခေတ်မှာလည်း လူတွေ အသက်ရှင် ရှင်သန်နေထိုင်နိုင်ခဲ့ကြပါတယ်။ စာဖတ်မှ ဘာညာသာရကာဆိုတာတော့ ၂၀ ရာစုက စကားတွေပါ။ ခု ၂၁ ရာစုပါ။ ၂၁ ရာစုမှာတောင် ၁၀ စုနှစ်တစ်ခုနှင့် တစ်ခုကွာဟမှုက ကြီးမားသွားပါပြီ။ Print အစား လူတွေ Facebook , Google စတဲ့ web ကိုပဲ သုံးကြပါပြီ။ Web ဆိုတာတွေကလည်း အရင်ကတည်းက သူများတွေ နိမိတ်ဖတ်ထားတာ ရှိပါတယ်။ မကြာခင် ပျောက်ဆုံးတော့မှာပါလို့။ ပျောက်ဆုံးလုနီးနီးလည်း ဖြစ်နေပါပြီ။ အင်တာနက်လို့ပြောရင် ဘယ်သူက Webpage တွေကို သိတော့လို့လဲ။ ဒါဆို အနာဂတ်မှာ ဘာပေါ်လာမလဲ။ Smart home device တွေပေါ်လာမှာ။ ပေါ်လည်း ပေါ်နေပါပြီ။ ဒါပဲ လူတွေ သုံးကြတော့မှာ။ ဒီတော့ အနာဂတ်အတွက် စီးပွားရေးရှာမယ်ဆိုရင် အခုဘာလေ့လာထားသင့်သလဲဆိုတာကို စဉ်းစားထားကြပါ။
အရင်တုန်းကတော့ ရေဒီယိုက တစ်ခေတ်ရှိခဲ့တယ်။ ရေဒီယိုထဲက ဘောလုံးပွဲအသံကို နားထောင်ခဲ့ကြတဲ့ ခေတ်ကို မှတ်မိချင် မှတ်မိကြဦးမှာပါ။ နေ့လည် တစ်နာရီထိုးတာနဲ့ အင်္ဂလိပ်အစီအစဉ်ပဲလာတော့ပေမယ့် ဘယ်ကနေမှန်းမသိတဲ့ လာတဲ့အသံလေးကို ဟောဒီစက်လေးနဲ့ ဖမ်းလို့ရတယ်ဆိုတော့ ဖမ်းထားကြ အင်္ဂလိပ်သီချင်းလေးတွေ နားလည်လည် မလည်လည်နားထောင်ခဲ့ကြတဲ့ခေတ်ရှိခဲ့ပါတယ်။ ဒါပေမယ့် အခု skynet ရုပ်သံလိုင်းတစ်ခုမှာ “ရေဒီယိုချစ်သူ” ဆိုပြီး ရေဒီယိုရဲ့ ကောင်းကျိုးကို ပြောချင်တဲ့ ဇာတ်လမ်းတစ်ခု လွင့်နေပါတယ်။ တစ်ခုခုရဲ့ ကောင်းကျိုးကို လူတွေသိအောင် ပြောပြနေရတဲ့ အနေအထားဆိုရင် အဲဒီတစ်ခုခုဟာ ကျရှုံးစပြုလာပြီဆိုတာကို သိထားလိုက်ပါ။ ဘာလို့ လူထုထောက်ခံပွဲ စတာတွေ လုပ်ရလဲသိလား။ အဲဒီလူက ညံ့လာလို့ လူထုကို ထောက်ခံခိုင်းရတာ။ ပွဲတွေ ဘာတွေ လုပ်ပစ်ရတယ်ဆိုတာ ညံ့တဲ့အကွက်တွေကို ဖုံးတာ။ အခု ဘယ်သူက ရေဒီယိုကိုလည်း တကူးတကနားထောင်သလဲ။ ရေဒီယိုခေတ်ဆိုတာ ကုန်သွားပါပြီ။ အဲဒါကို သိထားရမယ်။ ဘာခေတ်ပေါ်နေလဲ။ social ခေတ်လေ။ ခုက။ တစ်ခုခုသိချင်တာနဲ့ ခင်ဗျားဘာလုပ်သလဲ။ ရေဒီယိုဖွင့်သလား။ No ပါ။ သို့ပေမယ့် Social ခေတ်ကကော ကုန်ဆုံးမလာနိုင်ဘူးလို့ ဘယ်သူပြောမလဲ။ သူ့ခေတ်ကုန်လာရင် ဘာခေတ်ဖြစ်လာမလဲ။ social မှာလူတွေ ဘယ်လိုနေကြလဲ။ ကမ္ဘာတစ်ခုလုပ်ပြီး နေကြတာဗျ။ အဲဒီတော့ ကမ္ဘာတစ်ခုဖန်တီးရမှာပေါ့။ ကမ္ဘာက တစ်ခုပဲရှိလေတော့ လူတယောက်အတွက် ကမ္ဘာတစ်ခု ဖန်တီးပေးရမယ်။ ဘာဖြစ်မလဲ။ VR လို့အတိုကောက်ခေါ်ကြတဲ့ Virtual Reality စစ်မှန်သော ပုံရိပ်ရောင်ကမ္ဘာကို ဖန်တီးပေါ့။ စီးပွားရေးသမားတွေက အကွက်ချောင်းနေပြီနော်။ သင်ကော ဘယ်အကွက်ကို ရွှေ့မလဲ။
ကဲ နောက်တစ်ခု TV နေရာ ဘာအစားထိုးလာသလဲ။ ဇာတ်ကားတွေကြည့်ချင်လား။ Mobile phone ထဲမှာ Iflix ထည့်ထားမယ်။ Viu ထည့်ထားမယ်။ TV ခေတ်တုန်းကလို ည ၇ နာရီကို စောင့်စရာမလိုဘူး။ မကြည့်ချင်တဲ့ ထက်ပြန်တလဲလဲကြော်ငြာကို ကြည့်စရာမလိုဘူး။ သတင်းလား။ မိုးလေဝသလား။ application ထည့်ထားလိုက်မှာပေါ့။ ကိုယ့်ဖုန်းထဲကို။ အကုန်ရတယ်။ ဘောလုံးပွဲလား။ တိုက်ရိုက်လွင့်နေတဲ့လိုင်းတွေ လူတွေ များမှများ။ TV က မရနိုင်တဲ့ တခြား Entertainment တွေတောင် ရနိုင်သေး။ ဒီတော့ ခုအချိန်မှာ TV ရောင်းဝယ်ရေးလုပ်ချင်သလား။ TV ပြင်တဲ့ သင်တန်းတက်ချင်သလား။ ရူးနေလို့ ဖြစ်မှာပေါ့။ ဒါပေမယ့် ဖုန်းခေတ်ကကော ဆက်လက်ရှိနေမှာလား။ ရှိတော့ ရှိနေမယ်။ ဒါပေမယ့် သူ့ Function တွေက တကယ့်လက်တွေ့ဘဝနဲ့ ပိုနီးစပ်လာပါတော့မယ်။ တကယ်လည်း အသုံးဝင်ရမယ်။ ဒီတော့ Program သင်တန်းတွေ ဘာတွေ တက်ရင် တကယ့်လက်တွေ့ဘဝမှာ လူတွေဘာလိုအပ်သလဲဆိုတာကို အရင်စဉ်းစားပြီးမှ code တွေရေးကြပါလို့ တိုက်တွန်းချင်ပါတယ်။ Augmented Reality က သင့်ကို စောင့်နေပါတယ်။
နောက်ဆုံးတစ်ခုလေးပြောပါရစေ။ စာလေးနည်းနည်းရှည်နေပြီ။ အရင်တုန်းက ကြော်ငြာတွေကို မြင်ဖူးကြတယ်မဟုတ်လား။ အခုကြော်ငြာက အဲလိုမဟုတ်တော့ဘူး။ Facebook လို webpage ရဲ့ Sidebar မှာ widget လောက်နဲ့ပြီးလာကြပြီ။ သူ့ရဲ့ ရှေ့ခရီးစဉ်က ဘာဖြစ်မလဲ။ အောက်လမ်းနည်းနဲ့ ကြော်ငြာတာ ခံရပါတော့မယ်။ အခု Youtube စတာတွေကြည့်လိုက်။ အချို့သော Webpage တွေကိုကြည့်လိုက်။ Click မချမိအောင် ရှောင်လို့မရဘဲ သို့တည်းမဟုတ် Skip မပေးဘဲ သင့်ရှေ့မှာ လာပြီး ကန့်လန့်ကန့်လန့်လုပ်လာပါတော့တယ်။ ဒီတော့ သင်က စီးပွားရေးလုပ်တော့မယ်ဆိုရင် ကြော်ငြာကို အခုကတည်းက ဒီနည်းသုံးပါ။