ကဲနောက်တမျိုးလာပြန်ပြီ။ တကယ်ပြောရတာလွယ်တဲ့အလုပ်မို့ လွယ်လွယ်လေးပဲ ပြောမယ့် အရာတွေ ဖြစ်ပါတယ်။ လိုက်လုပ်လို့ ရူးသွားရင် ကျုပ်နဲ့မဆိုင်ဘူး။ လိုက်လုပ်လို့ မအောင်မြင်တဲ့အခါ မဖြစ်တဲ့အခါ ကျုပ်နဲ့ မဆိုင်ဘူး။ ဒီတစ်မျိုးက ဘာလဲဆိုရင် ငွေကို ဘယ်လိုရှာမလဲ ဆိုတဲ့အပိုင်း ဖြစ်ပါတယ်။ Facebook မှာလည်း နောက်ပိုင်း ပြောတတ်တာက ပိုက်ဆံရအောင်ရှာပါ။ ပိုက်ဆံရှိရင် ဘာမဆိုလုပ်လို့ရတယ်ဆိုတဲ့ သဘောမျိုးထိ ပြောကြတာ မဟုတ်ပါလား။ ဒီတော့ ပိုက်ဆံကို ဘယ်လိုရှာမလဲ။ ဝန်ထမ်းအနေနဲ့တော့ သင့်ကိုယ်သင် ဘယ်တော့မှ မစဉ်းစားပါနဲ့။ ခုခေတ်ပညာရေးက ဝန်ထမ်းဖြစ်ဖို့ပဲ သင်ပေးနေတာ။ ဝန်ထမ်းအဖြစ်မစဉ်းစားတော့ဘဲနဲ့ စီးပွားရေးလုပ် ကုမ္ပဏီထောင် ငွေရှာတော့မယ်ဆိုရင် အောင်ပါ အချက်တွေကို လိုက်လုပ်ကြည့်ပါ။
၁။ သင်ဘာလုပ်မလဲ။ သင့်ထုတ်ကုန်ကို အရင်ရှာပါ။ စဉ်းစားပါ။ ရွေးချယ်ပါ။
သင့်ထုတ်ကုန်က အခုအချိန်မှာ နာမည်ရှိချင်မှ ရှိနေမှာပါ။ ဘာမှ မဟုတ်သေးတာလည်း ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။ လူမသိ သူမသိလည်း ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သင်လုပ်မယ့် လုပ်ငန်းတစ်ခုကို ရွေးချယ်လိုက်ပါ။
၂။ သင့်ထုတ်ကုန် ပစ္စည်းတစ်ခုကို ဝယ်ယူလိုက်ပါ။ အဲဒီကုန်ပစ္စည်းနဲ့ပတ်သက်ပြီး အသေးစိတ်လေ့လာပါ။ သင်ယူပါ။ လျှပ်စစ်ပစ္စည်းတစ်ခုဖြစ်ချင် ဖြစ်မယ်။ သို့တည်းမဟုတ် ထုတ်ပိုးထားတဲ့ စားသောက်ကုန်တစ်ခု ဖြစ်ချင်ဖြစ်မယ်။ လူတွေ သိပ်မသုံးသေးတဲ့ ပစ္စည်းလေးလည်း ဖြစ်ချင် ဖြစ်နေနိုင်ပါတယ်။
၃။ အဲဒီထုတ်ကုန်ရဲ့ ပုံစံက ဘယ်လိုရှိလဲ။ အတွင်းမှာ ဘာပါသလဲ။ နာနိုခေတ်ဖြစ်တဲ့အတွက် ကြီးနေရင် နည်းနည်းသေးလာအောင် ပုံပန်းမကျရင် ပုံပန်းကျအောင် သို့မဟုတ် အသုံးပြုမည့်သူ စားသုံးသူကို ဆွဲဆောင်နိုင်တဲ့ ပုံစံဖြစ်အောင် ပြုလုပ်ဖို့ နည်းလမ်းရှာပါ။ လေ့လာပါ။
၄။ သင်ရယူထားတဲ့ ထုတ်ကုန်ကို ပုံစံအသစ်တစ်ခု စတင်ဖန်တီးပါ။ ပုံစံအဟောင်းကို မရပါဘူး။ သေးရမယ်။ သယ်ယူရ လွယ်ကူစေရမယ်။ အသုံးပြုရ လွယ်ကူစေရမယ်။
၅။ သင့်ထုတ်ကုန်ရဲ့ ပုံစံသစ်ကို လူအလွှာစုံကို ပြပါ။ တကယ်သုံးနိုင်တဲ့သူကိုပဲ ရွေးပြတာမျိုး မလုပ်ပါနဲ့။ အနည်းဆုံး လူတစ်ရာလောက်ကို ပြကြည့်ပါ။
၆။ သင့်ထုတ်ကုန်ကို သူများမသုံးခင် အနည်းဆုံး အစုံတစ်ရာလောက် ထုတ်ထားပါ။ လူတွေ မသုံးသေးရင် နေပါစေ။ မမှာသေးရင်နေပါစေ။ သင့်ထုတ်ကုန်ကို များများစားစား အရင်ထုတ်ထားနှင့်ပါ။
ရ။ သင်နဲ့အတူ သင့်ထုတ်ကုန်ကို ထုတ်ဝေမယ့် လက်ထောက်တယောက်ကို ရှာပါ။ တိုင်ပင်ပါ။ ဆွေးနွေးပါ။ သင်ကြားပေးပါ။
၈။ သင့်လက်ထောက်ကို ရလာမယ့် အမြတ်ရဲ့ ၅၀ ရာခိုင်နှုန်းပေးပါ။ သင်က စွန့်ဦးတီထွင်သူဖြစ်တဲ့အတွက် သင်အမြတ်များများ ရသင့်ပါတယ်လို့ တွေးမထားပါနဲ့။ သင့်လက်ထောက်ကို ယုံကြည်အားကိုးပါ။
၉။ ဒါတွေကို ဝယ်ယူသုံးစွဲနိုင်တဲ့ ချမ်းသာတဲ့သူကို ရှာပါ။ နောက်အထူးအားဖြင့် ရှာရမယ့်သူက သင့်ကုန်ပစ္စည်းအတွက် ရင်းနှီးမြုပ်နှံပေးနိုင်တဲ့သူပါ။ ဒီနှစ်ယောက်လုံး အရေးပါပါတယ်။
၁၀။ ရင်းနှီးမြုပ်နှံသူကို ၁၀ ရာခိုင်နှုန်းအမြတ်ပေးပါ။
၁၁။ သင့်ထုတ်ကုန်တွေကို ထုတ်ပါ။ အရောင်းဝန်ထမ်းရှာပါ။
၁၂။ သင့်ထုတ်ကုန်ကို စတင်ရောင်းပါ။ ပိုက်ဆံရနိုင်ပါပြီ။ ပြီးလျင် အခမဲ့ကြော်ငြာလို့ရတဲ့ သင့် လူမှုကွန်ယက်မှာ ကြော်ငြာပါ။ ပိုက်ဆံတွေ ဘယ်ပြေးမလဲပေါ့ဗျာ။