နည်းပညာရဲ့ မြန်နှုန်းက တိုင်းတာပြလို့မရအောင် တရက်ထက်တရက် မြန်သထက်မြန်လာတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ် နှစ်ဆယ်လောက်က စာရေးဆရာတစ်ယောက်က ပြောဖူးတယ်။ သူ ကွန်ပျူတာကို မဝယ်ချင်ဘူး။ ဝယ်လိုက်ရင် နောက်နေ့ ဒိတ်က အောက်အောက်သွားတတ်လို့လို့ပြောပါတယ်။ ဒါက ဟိုး လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က စကားပါ။ အဲဒီခေတ်လောက်ကတည်းက တဖြည်းဖြည်းနဲ့ မြန်မြန်လာတဲ့ အရှိန်ဟာ ခုဆို တစ်နာရီ ဘယ်နှစ်မိုင်နှုန်းနဲ့ ပြေးနေပြီလဲဆိုတာတောင် တိုင်းတာပြလို့မရတော့ဘူး။ ကျွန်တော်တို့ရဲ့ အနာဂတ်ဟာလည်း ကျွန်တော်တို့ နားမလည်လောက်တဲ့ ပုံစံနဲ့ ကျွန်တော်တို့ဆီ ချဉ်းကပ်လို့လာနေတယ်။ အဲဒီလို အနာဂတ်မှာ ဘယ်လို နေထိုင်ကြမလဲ။ စိတ်ချရတဲ့အနာဂတ်ကို ပိုင်ဆိုင်နိုင်ဖို့ ဘာတွေကြိုတင်ပြင်ဆင်ထားသင့်သလဲ။ အဲဒီအတွက် စိတ်ချရတဲ့ အနာဂတ်ကို ပိုင်ဆိုင်ဖို့ လိုက်နာရမယ့် အချက် ၁၀ ချက်ကို ပြောပြချင်ပါတယ်။ ဒါမှမဟုတ် သင့်ကလေးကို သင်ကြားပေးထားရမယ့် အချက် ၁၀ ချက်ပေါ့ဗျာ။
၁။ သင့်နည်းပညာစွမ်းရည်ကို အမြဲတမ်းမြှင့်တင်ပါ။ လူဟောင်းကြီးတွေလို နေလို့မရတော့ပါဘူး။ လူဟောင်းဆိုတာက ဒီခေတ်မှာ ဖုန်းထဲ ဘာရှိလဲ။ ဖုန်းနဲ့ဘာလုပ်ရလဲ မသိတဲ့သူများကို ပြောတာပါ။ သူတို့တွေက ဖုန်းထဲက တစ်ခုခုကို ထိလိုက်ရင် ပျက်သွားမယ်ချည်းထင်တဲ့ စိုးရိမ်စိတ်နဲ့ ဖုန်းတွေကို အမြဲတမ်းကိုင်ပါတယ်။ နေ့စဉ်နဲ့အမျှ ပေါ်နေတဲ့ ဂိမ်း၊ APK ၊ ဟင်းချက်တဲ့နေရာကနေ ဘဏ်အထိ လူဝင်ပါစရာမလိုတော့လောက်အောင် ဖန်တီးနေကြတဲ့ ခေတ်မှာ အဲသလို မတို့ရဲ မထိရဲ မကိုင်ရဲ မစမ်းရဲစသဖြင့် လုပ်နေလို့မရတော့ပါဘူး။ ဒီနောက်ပိုင်း နည်းပညာတွေဟာ ဒီထက်ဖွံ့ဖြိုးလာဦးမယ်ဆိုတာ ပြောစရာကို လိုမယ်မထင်ပါဘူး။ ဒီတော့ ရောက်လာမယ့် အနာဂတ်မှာ သင်ကျန်ရစ်မနေဖို့ သင့်နည်းပညာစွမ်းရည်ကို မြှင့်တင်နိုင်သမျှ မြှင့်ပါ။ စာစီတတ် ပုံဆွဲတတ်ရုံလောက်နဲ့ မရတော့ပါဘူး။ ဝက်ဆိုက်လေးရေးတတ် ကုဒ်ဒင်းလေးနည်းနည်းနားလည်နေရုံနဲ့ မရတော့ပါဘူး။
၂။ စဉ်းစားဆင်ခြင်တွေးတောတတ်ပြီး ပြဿနာများကို ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ထားပါ။ ကျွန်တော် တလောတုန်းက ရန်ကုန်ဟိုတယ်တစ်ခုမှာ Fr Michael Lapsley ရဲ့ဟောပြောပွဲကို သွားတက်တော့ စာရေးဆရာကိုတာနဲ့တွေ့တယ်။ အဲမှာ ဆရာ့ကို စဉ်းစားဆင်ခြင်တယ်လို့ပြောရာမှာ အဖြေအမှားကြီးကို စဉ်းစားနေမိတာမျိုးကော မရှိနိုင်ဘူးလားလို့ မေးတော့ စဉ်းစားဆင်ခြင်ခြင်းရဲ့ ရလဒ်က အမှားကို ရဖို့မဟုတ်ဘူး။ အမှားကို ရနေတယ်ဆိုတာကလည်း စဉ်းစားဆင်ခြင်နိုင်ဖို့ စွမ်းရည်မရှိလို့ဖြစ်တာ။ အဲလို အဖြေရလာခြင်းဟာ Intuition ကြောင့်ပဲ။ စဉ်းစားဆင်ခြင်တတ်ဖို့ နည်းလမ်းတွေလိုသလို ဝမ်းစာလည်းလိုတယ်။ ဝမ်းစာ မရှိရင် စဉ်းစားဆင်ခြင်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဆရာကိုတာက ပြောပါတယ်။ သူ့အလိုအရဆိုရင်တော့ စဉ်းစားဆင်ခြင်ဖို့ဆိုတာကလည်း အမြဲတမ်းလေ့ကျင့်ရမယ့် အရာတစ်ခုဖြစ်သလို ပညာဗဟုသုတကြွယ်ဝရမယ်လို့လည်း ဆိုလိုပါတယ်။ ပြဿနာဖြေရှင်းနည်းကတော့ သစ္စာလေးပါးနည်းလမ်း Problem Tree နည်းလမ်း 3 box analysis နည်းလမ်းတွေစသဖြင့် နည်းလမ်းပေါင်းစုံရှိပါတယ်။ အဲဒီနည်းလမ်းတွေကိုလေ့လာကြည့်ထားကြသင့်တယ်။ သို့တည်းမဟုတ်လည်း အထက်က ပြောသလို ပညာဗဟုသုတကြွယ်ဝနေသင့်ပါတယ်။
၃။ ဖန်တီးတီထွင်တတ်အောင်ကြိုးစားပါ။ ဒီခေတ်မှာ လုပ်ကြည့်ဖို့ပဲလိုပါတယ်။ ဖန်တီးတီထွင်ဖို့ သင့်ပြွန်လို့ အွန်လိုင်းပေါ်က ဆရာတပါး ဘာသာပြန်တဲ့ Youtube လိုဝက်ဆိုက်မျိုးမှာ ထွန်ခြစ်လုပ်နည်းလိုမျိုး နည်းလမ်းက အစတင်ထားတာ ရှိပါတယ်။ သည်ကနေ့ နောင်တောင်းမှာ ကျွန်တော်တို့ ရုံးထဲက အောင်ကျော်စိုးဆိုသူက ထွန်ခြစ်ကို သံတွေကွေးပြီး ဂဟေတွေဘာတွေဆော်နဲ့ လုပ်နေတယ်။ ဘယ်ကနေ သိလဲဆိုတော့ အွန်လိုင်းပေါ်က ရှာထားတာလို့ပြောတယ်။ ကျွန်တော်က ထွန်ခြစ်ဆိုတာကို ရှေ့မှာ သံချောင်းတွေတန်းစီ အပေါ်မှာ သံချောင်းတန်းလေးတစ်ခုလောက်နဲ့ ကိုင်းလေးတပ်ပြီးလုပ်ထားတဲ့ အရာပဲမြင်ဖူးတယ်။ ဒါပေမယ့် ဒီနေ့ အောင်ကျော်စိုးလုပ်လိုက်ပုံက ထွန်ခြစ်ဟာ မြက်ကိုပါရိတ်လို့ရတဲ့ဓားသွားလေး တစ်ခုပါနေတာကို တွေ့လိုက်ရတယ်။ တီထွင်တတ်ပါ။ နောက်ပိုင်းမှာ တီထွင်တတ်မှုက ပိုလေး အခရာကျလာပါလိမ့်မယ်။ နည်းလမ်းတွေက ပေါတယ်။ ကိုယ်ရှာဖွေတတ်ဖို့ပဲလိုပါတယ်။
၄။ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းရှိအောင်လုပ်ပါ။ ဆုံးဖြတ်ချက်ချဖို့က သိပ်လွယ်ပါတယ်။ သို့သော်လည်း တိကျပြတ်သားပြီး ရှင်းလင်းတဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့က ခဲယဉ်းပါတယ်။ ဆုံးဖြတ်ချက်ချပြီး တစ်ခုခုကို အမြဲစမ်းလုပ်ကြည့်ပါ။ အဲဒီအခါ ဆုံးဖြတ်ချက်ချတဲ့ စွမ်းရည်တွေ မြင့်တင်လာပါလိမ့်မယ်။ သီချင်းလေးတစ်ပုဒ်ဆိုပြရရင် ထိုင်နေလို့တော့ ဘာမှဖြစ်မလာဘူး လို့ဆိုပြရမှာပေါ့ဗျား။
၅။ သင့်အသိပညာကို ကျယ်ပြန့်သထက် ကျယ်ပြန့်အောင် လုပ်ပါ။ နောက်ကျကျန်လို့ မဖြစ်တဲ့အနေအထားမျိုး ရောက်လာနေပြီ။ trend တွေလည်းမီအောင်လိုက်ရမယ်။ မလုပ်ကောင်းတာပဲ ရှိတယ်။ မသိကောင်းတာ မရှိဘူး မဟုတ်ပါလား။
၆။ အမြဲမပြတ်သင်ယူပါ။ စာဖတ်ပါ။ စာရေးပါ။ ဒီစကားကိုတော့ လူတိုင်းနီးပါး ပြောနေကြတဲ့အတွက် လိုက်လုပ်သင့်တဲ့အရာဖြစ်ပါတယ်။ စာရေးပါဆိုတာလေးပိုတာပေါ့။ လွန်ခဲ့တဲ့နှစ်က သံလျင်မှာ ကျင်းပတဲ့ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သုတေသနလုပ် စစ်တမ်းကောက်ယူဖို့ သင်တန်းသွားတက်တော့ ပွဲစီစဉ်သူက အဖွင့်စကားပြောရင်း သူ့အကြောင်းကို သူပြောရာမှာ ဒီလိုစကားလေးပါလာလို့ မှတ်ထားတယ်။ “စာရေးကြပါ စာရေးကြပါ စာရေးဖို့အတွက်တော့ စကားများများပြောပါ စကားများများပြောဖို့ စာဖတ်ပါ၊ စာဖတ်မှ စကားပြောဖို့ စကားရှိပြီး စကားရှိလာလွန်းမှ စာရေးနိုင်မှာမို့လို့ပါ” တဲ့။
၇။ သင့်လူမှုဆက်ဆံရေးစွမ်းရည်ကို မြှင့်တင်ပါ။ Facebook တို့၊ VK တို့၊ Twitter , Google + စတဲ့ Webpage တွေ Line, Wechat စတဲ့ ဖုန်း app တွေပေါ်မှာတော့ ငါးထောင်တသောင်းလောက်ရှိပါရဲ့။ ဖော်လိုဝါတွေလည်း ပေါပါရဲ့။ အပြင်မှာတော့ လူသူနဲ့ သိပ်အဆင်မပြေတဲ့သူများကို တွေ့ဖူးတယ်။ တကယ်တမ်း ကမ္ဘာအတုရဲ့ အပြင်ဘက်က ကမ္ဘာအစစ်မှာ မိတ်ဆွေများမှ သင့်လူမှုရေး စီးပွားရေးစတာတွေ အောင်မြင်မှာပါ။ ဒါကြောင့် အပြင်မှာ ဘာပဲဖြစ်ဖြစ် ပြုံးပြုံးနေပါ။ သင့်တင့်မျှတစွာ ဆက်ဆံပါ။ လူချစ်လူခင်ပေါပါစေ။
၈။ EQ ပိုင်းကိုလည်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပါ။ မိမိဝါသနာမပါတဲ့ မိမိခံစားမှုနဲ့ ကိုက်ညီမှုမရှိတဲ့ ဘဝမှာ အကြာကြီးမနေပါနဲ့။ ကိုယ့်ခံစားချက်ကို ဖိနှိပ်လွန်းရရင် ဉာဏ်ရည်ဉာဏ်သွေးလည်းကျပါတယ်။ ကိုယ့်ခံစားချက်ကိုလည်း နည်းလမ်းမှန်နေအောင် စာများများဖတ်ရပါတယ်။
၉။ သင့်ခန္ဓာကိုယ် အနားယူဖို့ အချိန်ရှိပါစေ။
၁၀။ ကျန်းမာရေးဂရုစိုက်ပါ။
သည်နံပါတ် ၂ ခုကိုတော့ ရှိရှည်ဝေးဝေးပြောမနေတော့ပါဘူး။ ဒီ ၁၀ ချက်ကတော့ အနာဂတ်အတွက် စိတ်ချရဖို့ လိုက်နာထားသင့်တဲ့ လမ်းလေးတွေဖြစ်ပါတယ်။ စိတ်ချရတဲ့ အနာဂတ်ကိုပိုင်ဆိုင်ဖို့ ဒီ ၁၀ ချက်ကို လိုက်နာစို့။