ပျော်တယ်။ ပျော်တယ်။ အများအမြင်မှာ ကိုယ် သိပ်ပျော်နေတယ်။ ဒါပေမယ့် ကွယ်ရာမှာ သက်ပြင်းတွေ ခိုးချတယ်။ တခါခါ သက်ကြီးတောင် ရှိုက်လိုက်မိတာမျိုး ရှိတယ်။ ခုခေတ်မှာက Facebook ပေါ် ကြည့်လိုက်တော့ ကိုယ့်သူငယ်ချင်း ၃၀၀ လောက်ရဲ့ Newfeed က ပျော်စရာပုံလေးတွေ ဖြစ်နေတော့ ကိုယ်လည်း ပျော်နေကြောင်း စောင်းပါးရိပ်ခြည်လေး တင်ရတယ်။ ဒါမှမဟုတ် Like , Comment များများရမယ့် ပို့စ်မျိုး စာမျိုး ဓာတ်ပုံမျိုး ရှာကြံတင်ရတယ်။ အခု ဒီမှာတော့ တကယ့်ပျော်ရွှင်စေမယ့် နည်းလမ်းလေးတွေ ရေးပေးချင်ပါတယ်။ တက်ကျမ်းအလို နာမည်ပေးရမယ်ဆိုရင်တော့ “သိပ္ပံနည်းကျ ပျော်ရွှင်နည်း ၁၀ ရပ်” ရယ်လို့ဖြစ်မယ်ထင်တယ်။ သိပ္ပံနည်းကျ လို့ဖြစ်လေတော့ သိပ္ပံနည်းအတိုင်း လက်တွေ့ပါလာမှာ ဖြစ်ပါတယ်။ လက်တွေ့ပါလာမှာဖြစ်တဲ့အတိုင်း စာဖတ်ရုံမဟုတ်ပဲ လိုက်လုပ်ရပါမယ်။
၁။ တရားထိုင်ပါ။ သိပ္ပံနည်းကျလည်းပြောသေး။ တရားထိုင်ပါဆိုတော့ တရားထိုင်တာက အရှေ့တိုင်း နည်းပညာမဟုတ်လားလို့ မေးစရာရှိတယ်။ အနောက်တိုင်းအထိ မြန်ဆန်စွာပြန့်နှံ့နေတဲ့ အရှေ့တိုင်းတို့ရဲ့ ယဉ်ကျေးမှုထဲမှာ သည်ယဉ်ကျေးမှုကလည်း ထဲထဲထိထိရောက်နေပါတယ်။ သိပ္ပံနည်းကျ စမ်းထားဖူးတဲ့ အချက်တွေလည်း ရှိပါတယ်။ တရားထိုင်ခြင်းအားဖြင့် ဖိအားတွေ လျော့နည်းလာတယ်။ စိုးရိမ်ကြောင့်ကျမှုတွေကို ထိန်းချုပ်လာနိုင်တယ်။ ကိုယ့်ကိုယ်ကို ပြန်သတိထားမိတဲ့အချက်တွေ များလာမယ်။ အာရုံစိုက်လာနိုင်တယ်။ ကြင်နာတတ်လာတယ်။ နှစ်ခြိုက်စွာ ပြုံးတတ်လာတယ်။ ဒါတွေက ပျော်စေဖို့ အကြောင်းဖြစ်ပါတယ်။
၂။ ခရီးထွက်ဖို့ အစီအစဉ်တွေဆွဲပါ။ အစီအစဉ်တွေ ဆွဲထားတာဆိုရင် အဲဒီအစီအစဉ်လေးကြည့်ပြီး ပျော်ရတယ် မဟုတ်ပါလား။ ခရီးသွားအလုပ်မဟုတ်ပါပဲနဲ့တော့ ခရီးချည်း ခဏခဏထွက်ဖို့မဟုတ်ပါဘူး။ အစီအစဉ်ဆွဲဖို့ ပြောတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဆို မိုင်းရှူးနားက ဟိုက်ပါရေတံခွန်ဆီကို ခရီးထွက်ဖို့ အစီအစဉ်ဆွဲထားတာ တစ်နှစ်ပြည့်တော့မယ်လေ။ ဒါပေမယ့် သွားရနိုးနိုးနဲ့ ပျော်နေတာပဲ။ ဟိုက်ပါရေတံခွန်ပုံလေးကြည့်ပြီး တနေ့တော့ ငါတို့ရောက်တော့မှာပါဆိုပြီး ပျော်နေတာ။
၃။ ရင်ထဲမှ လှိုက်လဲစွာ ကျေးဇူးတင်တတ်ပါ။ ကျေးဇူးသိတတ်တဲ့သူကိုဆို နောက်တကြိမ် သူတပါး ပြန်လည်ကူညီချင်တတ်ကြ ပါတယ်။ သို့တည်းမဟုတ်ရင်လည်း ပါးစပ်နဲ့တော့ဖြစ်ဖြစ် ရင်ထဲက လှိုက်လှိုက်လဲကျေးဇူးတင်ပါ။ ဒါဆိုပျော်ရပါတယ်။
၄။ တပါးသူကို ကူညီပါ။ အများကြီးလုပ်မှ မဟုတ်ပါဘူး။ တပတ်မှ နှစ်နာရီလောက် ပရဟိတအလုပ်လုပ်ပါ။ သို့တည်းမဟုတ် တဖွဲ့ဖွဲ့ထဲ ဝင်ရောက်ပြီး ပရဟိတအလုပ်ကို တစ်ပတ်မှာ နှစ်နာရီလောက် အလုပ်လုပ်ပါ။ အများကြီး လုပ်စရာ မလိုပါဘူး။ ပရဟိတလုပ်လို့ တပါးသူ စိတ်ချမ်းသာသွားရင် တပါးသူကို ကူညီလို့ တပါးသူက အဆင်ပြေသွားရင် အဲဒီပီတိက ကိုယ့်ကို ကူးစက်ပါတယ်။
၅။ ပြုံးတတ်ပါ။ အပြုံးအမျိုးမျိုးရှိပါတယ်။ မြန်မာမှာတော့ မဲ့ပြုံး မချိပြုံး မှိုရတဲ့အပြုံး စသဖြင့် ပေါပါတယ်။ ဘယ်လိုပြုံးရမလဲဆိုရင် တဖက်သူကို အားပေးတဲ့ အပေါင်းလက္ခဏာဆောင်တဲ့ အပြုံးမျိုးနဲ့ ပြုံးပါ။ ကိုယ့်အပြုံးကြောင့် တဖက်သူအားရှိသွားရင် ကျေနပ်သွားရင် ကိုယ်လည်း ပျော်ရပါတယ်။
၆။ မိသားစုနဲ့ အချိန်ဖြုန်းပါ။ ပြီးတော့ သူငယ်ချင်းနဲ့လည်း အချိန်ဖြုန်းပါ။ အနေဝေးတဲ့သူမှန်သမျှ ဘယ်လောက် သွေးနီးနီး စိမ်းတတ်တဲ့သဘာဝကြောင့် သို့တည်းမဟုတ် စိတ်ထဲကနေ ချစ်နေရုံနဲ့တင် မလုံလောက်တဲ့အတွက်ကြောင့် မိသားစုကို အချိန်ပေးပါ။ အခြားသော ပျော်ပါးစရာနေရာ ခုခေတ်လိုမျိုးမှာ အိမ်မှာနေပေမယ့် အပြင်ကလူတွေနဲ့ စကားပြောနေတာမျိုး ဖြစ်နေတတ်တော့ မိသားစုနဲ့ ဝေးကွာရတတ်ပါတယ်။ မိသားစုဆီက ရတဲ့အပျော်ကသာ တကယ့်အပျော်စစ်တွေ ရမှာ ဖြစ်ပါတယ်။
၇။ ကိုယ်လုပ်ရမယ့်အလုပ်ကို အာရုံစိုက်လုပ်ပါ။ ကျွန်တော်ကတော့ ကျွန်တော့်ဘေးနားက စက်ရုံက လူတွေကို ကြည့်မိတယ်။ တချို့သူတွေဟာ တာဝန်ကျေလုပ်ကြတယ်။ တာဝန်ကျေလုပ်ကြတဲ့သူတော်တော်များများကလည်း ညည်းချင်းတွေ လာလာဖွင့်တတ်တယ်။ မဖြစ်မနေ လုပ်ရမယ့်အလုပ်ကို အာရုံစိုက်လုပ်လိုက်လို့ ပြီးသွားရင် အောင်မြင်သွားရင် အဲဒီအသီးအပွင့်လေးက ပျော်စရာလေး ဖြစ်လာမယ်မဟုတ်ပါလား။
၈။ အပြင်ကို အလည်ထွက်ပါ။ အလုပ်ကို အာရုံစိုက်ပါဆိုတာ ဘယ်မှမသွားနိုင်မလာနိုင်ဖြစ်နေတာမျိုးကို ဆိုလိုတာ မဟုတ်ပါဘူး။ အလုပ်ချိန် အလုပ်လုပ်ပြီး အလုပ်နားချိန်မှာ ကိုယ်လက်လှမ်းမီတဲ့ ကိုယ့်အတွက် စိတ်အေးလက်အေးဖြစ်မယ့်နေရာကို သွားရပါတယ်။ အပန်းဖြေရပါတယ်။ အထူးသဖြင့် ဦးနှောက်တွေ ပူလာတဲ့အခါမှာ အပြင်ကို ထွက်သင့်ပါတယ်။ ဦးနှောက်ပူလာခြင်း အလုပ်ထဲမှာ ပိတ်မိလာခြင်းဟာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးစေတတ်တဲ့အတွက် အလုပ်ကို မမောခင်နားပြီး လုပ်ပါဆိုတဲ့ သီအိုရီလေးကို မမေ့မလျော့ လက်ကိုင်ထားပြီး အပြင်ကို ခဏခဏထွက်လည်ပေးသင့်ပါတယ်။ ဒါမှ အမြဲပျော်ရွှင်မှာပါ။
၉။ အိပ်ရေးဝအောင်အိပ်ပါ။ အိပ်ရေးမဝရင် အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။ စိတ်လည်း မကြည်ပါဘူး။ ဒေါသလည်း ထွက်လွယ်ပါတယ်။ ဘာကြောင့်ဆို အိပ်ရေးမဝရင် နှလုံးဟာ ကောင်းကောင်း အလုပ်မလုပ်နိုင်တော့လို့ပါပဲ။ နှလုံးနာမယ်။ ကိုက်ခဲမယ်။ အောင့်မယ်။ နှလုံးခုန်သံမညီဘူးစသဖြင့် ဖြစ်နေတတ်ပါတယ်။ အဲဒီအခါ အလိုအလျောက် စိတ်ဆင်းရဲရတတ်ပါတယ်။ ဒါကြောင့် အိပ်ရေးဝအောင် အိပ်ပါ။
၁၀။ ကျန်းမာရေး လေ့ကျင့်ခန်းလုပ်ပါ။ အနည်းဆုံး တစ်ရက်မှာ ၇ မိနစ်လောက်ကတော့ဖြင့် မဖြစ်မနေ လုပ်ပါ။ အခုတော့ Yoga တွေ အရမ်းခေတ်စားပါတယ်။ Yoga မလုပ်တတ်ရင် ကျွန်တော့်ဆီလာသင်ပါလေ။ ဒါကတော့ ကြော်ငြာပါ။ တ section ကို တသောင်းလောက်ပဲ ယူမှာပါ။ ဒါမှမဟုတ် လွယ်ကူတဲ့ ပြေးတဲ့အလုပ် ကျောင်းက သင်ပေးလိုက်တဲ့ ကျန်းမာရေးလေ့ကျင့်ခန်းလေးတွေ လုပ်ပါ။ တရက်ကို ၇ မိနစ်လောက် မဖြစ်မနေ လုပ်ကို လုပ်ပါ။ အမိန့်နည်းနည်းဆန်ပေမယ့် ဒီလိုလုပ်ခြင်းအားဖြင့် ခန္ဓာကိုယ် သွေးလေလည်ပတ်မှုကောင်းမွန်ပြီး စိတ်လက်ပေါ့ပါးသွားပါတယ်။
ဒါတွေအားလုံးကို လက်တွေ့လုပ်ကြည့်ပါ။ ဒါဟာ လက်တွေ့ကျတဲ့ ပျော်ရွှင်စေမယ့် သိပ္ပံနည်းကျ နည်းလမ်းပါ။