ဒါကို ဆက်ရေးမယ်လုပ်တော့ ငယ်ငယ်တုန်းက မဂ္ဂဇိန်တစ်ခုမှာ မြန်မာ့ရုပ်ရှင်ကို ဝေဖန်တဲ့ ဆောင်းပါးတစ်ပုဒ်ရဲ့ ခေါင်းစီးကို ပြေးသတိရမိတယ်။ အဲဒီဆောင်းပါးပိုင်ရှင်ကိုတော့ မမှတ်မိတော့ပါဘူး။ သူ့ဆောင်းပါးခေါင်းစီးကိုပဲ မှတ်မိနေတယ်။ ခေါင်းစီးက “မကြည့်ချင်လို့ ပြောနေတာကြာပြီ” တဲ့။ ဒါပေမယ့်လည်း သူ့ဆောင်းပါးကြောင့် မြန်မာ့ရုပ်ရှင်လောကကြီး ပြောင်းလဲမသွားတဲ့အပြင် နောက်ဆုံးတော့ မြန်မာ့ရုပ်ရှင်တွေဆိုတာ “ပေါကား” တွေပဲ ဖြစ်သွားတော့တယ်။ ဖန်တရာတေ ဆီသည်မလက်နှီးစုပ် ဟာသတွေ ဇာတ်ကွက်တွေကို ထပ်ထပ်လုပ်ပြရင်း ဒါကိုပဲ အဟုတ်မှတ်ပြီး မြန်မာ့ရုပ်ရှင်လောကကြီးရဲ့ ပရိသတ်ကြီးကလည်း မချစ်တတ်တော့ နစ်သလိုထပ်အားပေးနေကြရင်း ရှေ့ကျရင် ထပ်ထွက်လာမယ့် ဒါရိုက်တာတွေ မင်းသား မင်းသမီးတွေလည်း ဒီပုတ်ထဲက ဒီပဲအဖြစ် ဆက်လက်ရှင်သန်ဖို့ ဖြစ်လာခဲ့ကြတော့တာပေါ့။
အဲဒီတော့ ကျွန်တော်လည်း ပြောချင်တာ ရှိလာတယ်။ ကိုယ့်ကိုယ်ကို လူကြီးသူမလို့ထင်ပြီး ကိုယ်ဟာ အောင်မြင်နေတယ်လို့ အများအားဖြင့် ယူဆထားကြသူများက ပြောကြတာဖြစ်ဖြစ် မအောင်မြင်သေးသော်ငြား ကိုယ်ဟာ အတော်အတန် ကြိုးစားသူပဲ အတော်အတန် ခရီးရောက်နေသူပဲလို့ ကိုယ့်ကိုယ်ကို ထင်မှတ်ထားကြများကဖြစ်ဖြစ် ပြီးတော့ တခြားဘယ်သူဖြစ်ဖြစ် ပြောကြတဲ့ စကားလေးကို ပြန်ပြင်ပြောပေးချင်လာလို့ပါ။ သူတို့အားလုံး ပြောကြတာက “စာဖတ်ပါ” တဲ့။ နိုးပါ။ ကျွန်တော်ကတော့ လုံးဝ အားမပေးပါဘူးခင်ဗျာ။ ကျွန်တော်ပြောချင်တာကတော့ “စာမဖတ်ကြပါနဲ့” လို့ ပြောချင်ပါတယ်။
စာမဖတ်ကြပါနဲ့
လွန်ခဲ့တဲ့နှစ် ခရီးတွေ ဘာတွေသွားခဲ့ရတုန်းက အောင်မင်္ဂလာကားကြီးကွင်းမှာ စာအုပ်ကို လည်ရောင်းတဲ့ စျေးသည်က ကျွန်တော့်ကို စာအုပ်ဝယ်ပါဦးလားလို့ ပြောတယ်။ ဒါနဲ့ ပြောလိုက်ရတယ်။
“ကျုပ်က စာမဖတ်ဘူး။ စာဖတ်တယ်ဆိုတာ လူညံ့တွေရဲ့အလုပ်”
လို့။ စာအုပ်ရောင်းတဲ့လူကြီးက ပွစိပွစိနဲ့ ထွက်သွားလေရဲ့။ ဟုတ်ပါတယ်။ ဒါ အမှန်ပါပဲ။ စာဖတ်တယ် ဆိုတာ လူညံ့တွေရဲ့ အလုပ်ပါ။ တော်တဲ့သူများကျတော့ စာရေးတယ်။ ပြီးတော့ စာအုပ်ထုတ်ရောင်းစားတာပေါ့။ (ဒါက ဟာသပြောတာပါ)
စာဖတ်ပြီဆိုတာနဲ့ ပထမဦးဆုံး ခံစားရမယ့် အဖြစ်ကတော့ အလိမ်ခံရတော့မယ်ဆိုတာပါပဲ။ နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့အတိုင်း လူတွေစာ စကားနဲ့ ပြောရင် သိပ်မယုံချင်ကြပေမယ့် စာနဲ့များ ရေးထားလိုက်ရင် ဟုတ်တယ်လို့ ထင်သွားတတ်ကြတော့တာပါပဲ။ ဦးကုလား မဟာရာဇဝင်၊ မှန်နန်းရာဇဝင်နှင့် ဒေါက်တာနိုင်ပန်းလှရေးတဲ့ ရာဇဓိရာဇ်အရေးတော်ပုံကျမ်းတို့ ညိုမြရဲ့ ကုန်းဘောင်ခေတ်ရှာပုံတော်တို့ ဖတ်ကြည့်လိုက်။ အဲဒီအခါ စာရေးဆရာတွေ ကွန့်ထားတဲ့ ထွန့်ထားခံရတဲ့သူများကျတော့ ငါတို့ မြန်မာမင်းများ၊ ငါတို့မွန်မင်းများ တော်လိုက်တာ တော်လိုက်ကြတာ ဖြစ်ရပြီး အဲဒီထဲက သမိုင်းတရားခံ တချို့ကျပြန်တော့ သူတို့က ယုတ်လိုက်တာ။ သို့တည်းမဟုတ် ညံ့လိုက်တာလို့ အဲဒီသမိုင်းတွေကို ဖတ်ပြီးတာနဲ့ တပြိုင်နက် ဘယ်သူဟာဖြင့် လူကောင်း ဘယ်သူဟာဖြင့် လူဆိုးဆိုပြီး သမိုင်းပညာရှင်တွေရဲ့ လိမ်တာ သို့တည်းမဟုတ် တဖက်စောင်းနင်းရေးတာ သို့တည်းမဟုတ် ဘက်လိုက်ရေးတာတွေကို စတင်အလိမ်ခံရတာပါပဲ။
ဆက်အလိမ်ခံရတာကတော့ လူမျိုးစုသမိုင်းတွေပါ။ ကျွန်တော်က လူမျိုးစုတစ်စုထဲမှာ ပါဝင်ပေမယ့် တုတ်ဝေတုန်းကပါပြီး မုန့်ဝေတော့မှ ငတ်ကျန်ခဲ့တဲ့ ဘက်မှာ နေရာရခဲ့လေတော့ လူမျိုးစုတွေရဲ့ သမိုင်းတွေကို လိုက်ဖတ်မိပါတယ်။ အကြောင်းအရာတစ်ခုကိုပဲ လူမျိုးစု လေးငါးစုက သူတို့နောက်ကြောင်း ရာဇဝင်လုပ်ထားကြတာကို သွားတွေ့ရတယ်။ ဒါပေမယ့် တစ်ခါက မြန်မာ့အလင်း သတင်းစာမှာ အခန်းဆက် ဆောင်းပါးရေးခဲ့တဲ့ မြန်မာ့လူမျိုးစုသမိုင်းကိုကျတော့ စာအုပ်အဖြစ်နဲ့လည်း မမြင်ဖူးရပြန်ဘူး။ အဲဒီဆောင်းပါးမှာက မြန်မာနိုင်ငံရဲ့ လွန်ခဲ့တဲ့နှစ်သန်းတစ်ထောင်က အခြေအနေကနေ ခုလက်ရှိအနေအထားအထိ ရောက်ရှိလာတဲ့ လူမျိုးစုသမိုင်းကို ရေးပြထားတယ်။ စစ်အစိုးရကို မုန်းကြလို့လား။ သို့တည်းမဟုတ် အဲဒီသမိုင်းကိုက မမှန်တာလား မသိ။ စာအုပ်အဖြစ်နဲ့ ရှာခဲ့ပေမယ့် မမြင်ခဲ့ရဘူး။ ကိုယ်က တကယ့် စာကြည့်တိုက်တွေ ဝင်ခွင့်မရတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဆိုတော့ လူမျိုးစုသမိုင်းတွေကလည်း ကိုယ့်လူမျိုးစု တော်ကြောင်း ကောင်းကြောင်းတွေပဲ ရေးကြတော့တာပါပဲ။ ဒါက သမိုင်းနဲ့ ပတ်သက်တာ။
နောက်တစ်ချက်က စာဖတ်ရင် မငြိမ်းချမ်းပါဘူး။ မငြိမ်းချမ်းအောင်လုပ်တဲ့ စာပေတွေကလည်း မြန်မာနိုင်ငံမှာဆို ပေါမှပေါပဲ။ ဖေမြင့်ရဲ့ ဘာကြောင့် ခုထိမချမ်းသာသေးတာလဲ ကနေစလို့ လက်ရှိ Facebook ပေါ်မှာ ရေးနေကြတဲ့ သင့်ချစ်သူက သင့်ကို တကယ်ချစ်နေတယ်ဆိုတာ သိနိုင်တဲ့ အချက် (၁၀) ချက်ဆိုတဲ့ စာပေမျိုး။ အဲဒီစာတွေဖတ်လိုက်မှ ကိုယ်က လူညံ့ကြီးဖြစ်ရတဲ့အပြင် ကိုယ့်ကောင်မလေးနဲ့စကားများ ရန်ဖြစ်ရတဲ့ အနေအထားထိရောက်ကြလို့ပါပဲ။
နောက်စာတမျိုးကတော့ သမိုင်းမှာ လူသတ်မှုကြီးတွေ ဖြစ်ပေါ်သွားစေတဲ့ စာမျိုး။ လူတွေ အများကြီး သေခဲ့ကြရတဲ့ စာမျိုး။ ဘယ်လိုစာလဲဆိုတော့ ကွန်မြူနစ်စာစတဲ့ နိုင်ငံရေး အုပ်ချုပ်ရေးအကြောင်း ရေးတဲ့စာတွေ။ အမျိုးမျိုး အဓိပ္ပါယ်ဖွင့်ကြပေမယ့် “ဒီမိုကရေစီ ရမှလွတ်လပ်မယ်” ဆိုတဲ့ ပဋိဉာဉ်စာတမ်းတွေကြောင့် မြန်မာနိုင်ငံမှာတော့ ၈၈ အရေးတော်ပုံကြီး ဖြစ်သွားရတာပါပဲ။ ကမ္ဘာမှာတော့ ကွန်မြူနစ်စာတွေကြောင့် လူတွေ သေခဲ့ကြရပေမယ့် မြန်မာမှာတော့ ဒီမိုကရေစီဆိုတဲ့ စာတွေကြောင့် သေကြရတာပါပဲ။
ဘာသာရေးအစုအဖွဲ့တွေက ရေးတဲ့စာနှင့် လူမျိုးစု အစုအဖွဲ့တွေဆီက ရေးတဲ့စာတွေနဲ့ လက်ရှိ လူတွေ ရေးရေးနေကြတဲ့ စာတွေအကြောင်းတော့ မပြောတော့ပါဘူးလေ။ အဲဒီအကြောင်းများ ပြောရင် မငြိမ်းမချမ်းက ကိုယ့်အရင်ဆုံးဖြစ်မှာမို့လို့။ တကယ်တမ်း စာဖတ်တယ်ဆိုတာ တော်တော်ပျင်းစရာကောင်းတဲ့ အလုပ်လည်း ဖြစ်ပါတယ်။ ပျင်းစရာကောင်းတဲ့စာကို အပျင်းပြေဖတ်ရင်တော့ မပြောတတ်ဘူးပေါ့လေ။ ပြီးတော့ စာ ဆိုတာ ပေါ်လာတာများ ဘာကြာသေးလို့လဲ။ ပါမောက္ခတယောက်ရေးတဲ့ သင်္ချာသမိုင်းထဲမှာဆို သုည ဆိုတဲ့ သင်္ချာပေါ်လာတာဖြင့် နှစ်ခြောက်ရာပဲ ရှိသေးတယ်တဲ့။ ပြီးတော့ တကယ့်တကယ် စာအုပ်တွေ စာရွက်တွေရဲ့ သမိုင်းကိုယ်တိုင်က ပထမထောင်စုနှစ်အဆုံးမှာမှ စခဲ့တာ။ အဲမတိုင်ခင် ကမ္ဘာကြီးက အကြာကြီး တည်တံ့ခဲ့တာပေါ့။ စာအုပ်ပေါ်လာမှ ကမ္ဘာကြီးကလည်း စတင်ဆုတ်ယုတ်လာတော့တာပါပဲ။ ဒီတော့ သင်တန်းပေးဖြစ်ရင် ပြောနေကျ စာရေးဆရာ တစ်ယောက်ရဲ့ စကားလေးနဲ့ပဲ အဆုံးသတ်ပါရစေ။
“လူပျင်းတွေက စာဖတ်တယ်”
“လူကြွားတွေက စာထဲက စကားပြောတယ်”
“လူနုံတွေကတော့ စာထဲကအတိုင်း လိုက်လုပ်တယ်”
ဒါပါပဲခင်ဗျာ။