Critical Thinking ဆိုတာ ရှိတယ်။ အစကတော့ ဝေဖန်သုံးသပ်စဉ်းစားခြင်းလို့ ဘာသာပြန်ကြတယ်။ နောက်ပိုင်းတော့ “ဝေဖန်” ဆိုတဲ့စကားလုံးက အဆိုးဘက်ကို နည်းနည်းယိမ်းတယ်ဆိုပြီးတော့ စဉ်းစားဆင်ခြင်ခြင်းလို့ ထပ်ပြန်ကြပြန်ပါတယ်။ ဘယ်လို ဘာသာပြန်ပြန် နက်နက်နဲနဲစဉ်းစားရမှာပဲလို့ နားလည်လိုရင်း အဓိကကျတာပဲ။ ဆိုတော့ကာ အရင်တစ်ပုဒ်မှာ ကျေးဇူးသိတတ်စရာမလိုဘူး ဆိုတဲ့ လူတွေ လုပ်ဖို့ခက်ခဲတဲ့အကြောင်း အထူးသဖြင့် ကျွန်တော်ကိုယ်တိုင်ကိုယ်ကျ လုပ်ဖို့ခက်တဲ့အကြောင်း ရေးပြီးတဲ့နောက် ဒီတစ်ပုဒ်ကျတော့ စဉ်းစားခြင်းအပိုင်းကို ဆက်ရေးပါ့မယ်။ စဉ်းစားစရာမလိုဘူး ဆိုတဲ့ခေါင်းစဉ်ပါ။ မလိုတာတွေကို ရေးနေတာဆိုတော့ ခေါင်းစဉ်ကို ဒါမျိုးတွေကို မလိုဘူးလို့ ပြောင်းရမလိုလို။ ဒါပေမယ့် မပြောင်းတော့ပါဘူးလေ။ လူတွေက ဒါမျိုးတွေကို လိုချင်ယောင်ဆောင် နေကြတာကြီးကို။
နက်နက်နဲနဲ စဉ်းစားစရာ မလိုဘူး
သည် နက်နက်နဲနဲ စဉ်းစားပါ ဆိုတဲ့အလုပ်ကို ဆောခရတ္တိတို့ခေတ်ကတည်းက လုပ်ခဲ့ကြတာလို့ ထင်ပါတယ်။ သူ နက်နက်နဲနဲ စဉ်းစားခဲ့လို့ အကယ်ဒမီလို့ခေါ်တဲ့ စာသင်ကျောင်းရဲ့အစကြီးပေါ်လာတာပဲ။ ဆိုတော့ စာသင်ကျောင်းရဲ့ ကောင်းကြောင်းများ ဘာများရှိလို့လဲ။ သူငယ်တန်းကနေ ဘွဲ့ရတဲ့အထိ သင်လိုက်ရတဲ့ ပညာက ပြိုင်ဘက် အသိုင်းအဝိုင်းတစ်ခု ရလာပြီးသကာလ ရိုးရိုးယဉ်ယဉ်နဲ့ သူများလက်အောက်မှာ ငြိမ်ကုပ်ပြီး လုပ်ရတဲ့ အလုပ်တစ်ခု ရဖို့လောက်သာပဲ ဖြစ်လာတယ်မဟုတ်ပါလား။ ၁၅ ရာစုလောက်မှာ ဖရန့်စစ်ဘေကွန်ဆိုတဲ့လူလည်း အဲလို နက်နက်နဲနဲ စဉ်းစားပြခဲ့တာပဲ။ သူ စဉ်းစားပြတာက လူဆိုတာ သဘာဝတရားကို အနိုင်ယူနိုင်ရမယ်ဆိုလားပဲ။ အဲလိုစဉ်းစားပြလိုက်တော့ အဲဒီခေတ်ကတည်းက ကျောက်မီးသွေးထုတ် သစ်တောခုတ် စသဖြင့် သဘာဝတရားကြီးကို လူတွေ အနိုင်ယူလာလိုက်ကြတာ ဟော လူတွေ တော်တော်လေး ပြန်ဒုက္ခရောက်ရတဲ့အထိပဲ မဟုတ်ပါလား။ ဒေးကားတို့ သောမတ်မိုးတို့ နက်နက်နဲနဲ စဉ်းစားပြထားတဲ့ ကိစ္စတွေ ခုထိလူတွေ သံသယတွေနဲ့ မေးခွန်းထပ်ထုတ်နေရတုန်းမဟုတ်လား။ သူတို့အတွေး သူတို့အခေါ်တွေမှာပါတဲ့ မြန်မာအခေါ် သမာသမဂ္ဂလို့ခေါ်ကြတဲ့ ကွန်မြူနစ်ဆိုတဲ့ အတွေးအခေါ်တွေ ဒီမိုကရေစီဆိုတဲ့ အတွေးအခေါ်တွေကြောင့် လူတွေဟာ ကွန်မြူနစ်ထောင်ချောက် ဒီမိုကရေစီထောက်ချောက်ထဲ ပိတ်မိကုန်ကြရော မဟုတ်ပါလား။ ကမ္ဘာကြီးက ၁၆ ရာစုနောက်ပိုင်းမှာ ဘာလို့ အပြောင်းအလဲ မြန်လာသလဲဆိုတော့ နက်နက်နဲနဲ စဉ်းစားတတ်တဲ့သူတွေကြောင့် ဖြစ်ပါတယ်။ အပြောင်းအလဲမြန်လာတာနဲ့အမျှ ဆိုးကျိုးတွေကလည်း မကုန်နိုင် မဆုံးနိုင်ဖြစ်လာတော့တာပဲ။ သည်အရာတွေကတော့ သမိုင်းနဲ့ချီတယ်ဆိုပါတော့လေ။ ကိုယ်ကလည်း သမိုင်းတွေ တစ်ခုမှ မသင်ခဲ့ဖူးလေတော့ မ အ တော့ဘူးပေါ့။ ဒေါက်တာသန်းထွန်းကတော့ ဖြေရှာတယ်။ ဘာကြောင့် သမိုင်းသင်ရလဲ ဆိုတာကို။ သူကတော့ “မ အအောင်လို့” လို့ဖြေတယ်။ တကယ်တမ်း သမိုင်းကြောင့် အ သွားတဲ့လူတွေ အများကြီးပဲ။ ဥပမာ ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာသမိုင်း။ မျိုးချစ်ဆိုတဲ့သူတွေ အ သွားခဲ့တယ်။ ဂျီနိုဆိုက် လုပ်နည်းပြသသွားတဲ့ ဟစ်တလာသမိုင်း။ ငါတို့လည်း အဲလိုလိုက်လုပ်ကြရအောင် ဖြစ်လာတဲ့သူတွေ ပေါ်လာတယ်။ ဒီမှာက ဒီအကြောင်းပြောမှာမဟုတ်တော့ မူလအကြောင်း ပြန်သွားရအောင်။
Made in England ရဲ့ ရခိုင်ပြည်နယ်ကိုပဲ ကြည့်ကြပါစို့။ ဘာကြောင့် Made in England လို့တပ်ရသလဲဆိုတော့ သူတို့ရဲ့ နေမဝင်အင်ပါယာဆိုတာကြီးကြောင့် ကမ္ဘာကြီးဟာ သီးသန့်နယ်မြေတွေ ပေါ်လာတယ်။ ငါတို့ စကားချင်းတူတဲ့သူတွေ စုမှရမယ် ငါတို့အနွယ်ချင်းတူသူတွေ စုမှရမယ်ဆိုပြီး လူမျိုးစုတွေ စုစည်းကုန်တယ်။ စုစည်းရာကနေ သီးသန့်ခွဲထွက်လာကြပြီး တိုင်းပြည်တွေ အစိတ်စိတ်အမွှာမွှာကွဲကုန်တယ်။ ဟော မြန်မာပြည်ကြီး လွတ်လပ်ရေးရတော့ သူတို့ ခွဲအုပ်ချုပ်ခဲ့တဲ့ စနက်ကြောင့် လူတွေဟာ ကိုယ့်လူမျိုးစုနဲ့ကိုယ် ဖြစ်ကုန်ရာက ပြည်နယ်တွေ တိုင်းတွေ အစိတ်စိတ်ကွဲသွားတယ်။ သည်ခေတ် ရောက်လာတဲ့အခါမှာ နက်နက်နဲနဲ တွေးလေ ရခိုင်တွေက ဒါ ငါတို့ရခိုင်တွေ ပိုင်တဲ့ပြည်လို့ ဖြစ်လာတယ်။ ဘိုးဘွားကမှအစ ဒီမြေမှာ မွေးခဲ့တဲ့ ဘင်္ဂါလီလူမျိုးတွေကလည်း ဘယ်လိုတွေးတွေး ငါတို့လည်း ဆိုင်တယ်ဖြစ်သွားတယ်။ အဲဒါ အရှိကို လက်မခံဘဲ နက်နက်နဲနဲတွေ လျှောက်တွေးကြလို့ပဲ။
ပြီးတော့ သေမှုသေခင်း တစ်ခုဖြစ်တာပဲဖြစ်ဖြစ် ပဋိပက္ခဖြစ်တာပဲဖြစ်ဖြစ် လူတွေ လူတွေ တွေးလိုက်ကြတာ စုံလို့ စေ့လို့ပါပဲ။ မြန်မာနိုင်ငံမှာဆို နက်နက်နဲနဲတွေ တွေးကြလွန်းလို့ အစိမ်းနဲ့ အနီဆိုပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေ ပေါ်လာတာပဲ။ လူတွေအကုန်လုံးဟာ ဘက်တစ်ခုတည်းမှာပဲ နေနေကြပါတယ်။ လူတွေ အကုန်လုံးဟာ လောဘ ဒေါသ မောဟကိုပဲ အခြေခံတယ်။ လောဘကို အခြေခံပြီး နက်နက်နဲနဲ တွေးတဲ့သူဟာ ခရိုနီကြီးဖြစ်လာတာပဲ။ ဒေါသကို အခြေခံပြီး နက်နက်နဲနဲ တွေးတဲ့သူဟာ လက်နက်ကိုင်ပြီး ပြန်တိုက်မှ ငါတို့လွတ်လပ်ရေးရမယ်လို့ ဖြစ်လာတာပဲ။ မောဟကို အခြေခံပြီး နက်နက်နဲနဲ တွေးသူဟာ လေကြီး မိုးကြီးတွေ ရွာတော့တာပဲ။ ပြီးရင် ဘာမှလည်း ဖြစ်မလာဘူး။
နက်နက်နဲနဲ တွေးလွန်းကြလေလို့လား မသိဘူး။ ဗုဒ္ဓဘာသာမှာ ထေရဝါဒနှင့် မဟာယာနကွဲသွားတာပဲ။ မဟာယာနမှာလည်း ဟီနယာနဆိုပြီး ထပ်ကွဲပြန်တယ်။ ထေရဝါဒမှာလည်း အမျိုးမျိုးအဖုံဖုံ ယူကြတာပဲ။ ငယ်ငယ်တုန်းက စာသင်တိုက်တွေမှာ စာသင်ရင်း ဒီဆရာတော် ဒီလိုတွေးတာကတော့ဖြင့် မှားတယ်ဆိုပြီး ကျမ်းစာတွေကို အသင်ခံရတာပဲ။ ခရိယာန်မှာ နှစ်ခြင်းနှင့် ကက်သလစ်ကွဲတယ်။ အစ္စလာမ်မှာ ဆွန်နီနဲ့ ရှီးယတ် ဆိုပြီးကွဲကြတယ်။ အခြားအခြားသော ဘာသာမှာလည်း အမျိုးမျိုး ကွဲကြတယ်။ ကွဲကြသည့်အလျောက်လည်း ဘာသာတိုင်းမှန်ကြတယ်။ နက်နက်နဲနဲတွေးလေလေ ကိုယ့်အခံနဲ့ ကိုယ့်ဘာသာရေးက မှန်လေလေပဲ။
အဲဒါကြောင့် မတွေးကြပါနဲ့။ ဘယ်သောအခါမှ နက်နက်နဲနဲ မတွေးမိပါစေနဲ့။