ဒီ တံမျက်စည်းလှည်းရကျိုးကို တင်မယ် တင်မယ်နဲ့ မတင်ဖြစ်ဘူး။ အောင်တော်မူဘုရားမှာ လာကြတဲ့ အဖွဲ့ဝင်တချို့ကိုတော့ လက်ကမ်းစာစောင် ဝေဖူးတယ်။ အခု အဲဒီလက်ကမ်းစာစောင်ထဲကအတိုင်း အပိုအလိုမရှိ ကွက်တိ ပြန်ရေးတင်ပါ့မယ်။ လက်ကမ်းစာစောင်ရဲ့ အကို ကြည့်လိုက်တာနဲ့ ဒီလိုလေး တွေ့ရပါလိမ့်မယ်။ “အထူးမှာကြားချက်” “ရင်ပြင်တော် တံမျက်စည်းလှည်းနေချိန်တွင် ‘အရဟံ သမ္မာသမ္ဗုဒ္ဓေါ’ စသည့် ဘုရားရှင်၏ ဂုဏ်တော်ကို ထပ်ခါထပ်ခါ ပွားများခြင်းဖြင့် ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်း၍ လှည်းလျှင် ပို၍ ကုသိုလ်ရပါသည်” လို့ပါပါတယ်။ အဲဒါ အရေးအကြီးဆုံးမို့ အစမှာ တင်ပေးလိုက်ပါတယ်။ လက်ကမ်းစာစောင် ထဲက စာကတော့……
ကုသိုလ်ကောင်းမှု ပြုလုပ်ဖို့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ အဲဒီထဲက လူတိုင်းပြုလုပ်သင့်တဲ့ ကုသိုလ်အလုပ် (၁၀) မျိုးရှိတယ်။ (၁၀) မျိုးက
၁။ ပေးကမ်းလှူဒါန်းမှု
၂။ ငါးပါး၊ ရှစ်ပါး၊ ဆယ်ပါးစတဲ့ သီလစောင့်ထိန်းမှု
၃။ ကမ္မဋ္ဌာန်းစီးဖြန်းမှု
၎။ အသက်၊ ဂုဏ်၊ သိက္ခာကြီးသူတို့အား အရိုအသေပေးမှု
၅။ ကုသိုလ်ကောင်းမှု ကိစ္စမှန်သမျှနှိုက် ပါဝင်ဆောင်ရွက်မှု
၆။ မိမိပြုလုပ်သော ကုသိုလ်ကို အမျှဝေမှု
၇။ မိမိရရှိသော ကုသိုလ်ကို သာဓုခေါ်မှု
၈။ တရားဒေသနာ ကောင်းစွာ နာယူမှု
၉။ လာဘ်လာဘမငဲ့ဘဲ တရားဟောပြမှု
၁၀။ ကံ ကံ၏အကျိုးကို ယုံကြည်မှု ဆိုပြီးတော့ ဖြစ်ပါတယ်။ အဲဒီထဲက နံပါတ် (၅) ဟာ ဝေယျာဝစ္စဖြစ်ပါတယ်။ ဝေယျာဝစ္စဆိုတာက ပါဠိစကားကိုး။ အဲဒါကို မြန်မာလို ဖွင့်လိုက်ရင် “ကုသိုလ်ကိစ္စမှန်သမျှနှိုက် မျှော်လင့်ချက်မထားဘဲ ကူညီလိုတဲ့ ဆန္ဒတစ်ခုတည်းနှင့် အသက်၊ ဂုဏ်၊ သိက္ခာကြီးမားသူ၊ မွန်မြတ်တဲ့ နေရာတို့မှာ ကိစ္စကြီးငယ် ပြုမူဆောင်ရွက်မှု” လို့အဓိပ္ပါယ်ရပါတယ်။ နောက်တမျိုးက ရိုသေထိုက်သူရဲ့ ကိစ္စကြီးငယ်ကို ဆောင်ရွက်တာ၊ လုပ်ဖော်ကိုင်ဖက်ရဲ့ အလုပ်ကို ကူညီတာ၊ ဖျားနာသူကို ရိုင်းပင်းတာ၊ အိုမင်းသူကို ဖေးမတာ၊ ကျောင်း အိမ် ဇရပ် ရပ်ရွာ လမ်း ဘုန်းတော်ကြီးကျောင်းနှင့် စေတီရင်ပြင် စသည်တို့မှာ သန့်ရှင်းရေးလုပ်တာ လူတိုင်းသွားလာနိုင်အောင် တံတားထိုးတာ သောက်ရေဖြည့်တာ စတာတွေဟာလည်း ဝေယျာဝစ္စပါပဲ။ နောက် တစ်ခုက ပိုကောင်းတယ်။ ကုသိုလ်ကိစ္စမှန်သမျှနှိုက် ပါဝင်ဆောင်ရွက်ပေးခြင်း တဲ့။
အဲဒီ ဝေယျာဝစ္စဟာ ခြောက်မျိုးရှိတယ်။ (၁) ဗုဒ္ဓဝေယျာဝစ္စ၊ (၂) ဓမ္မဝေယျာဝစ္စ၊ (၃) သံဃဝေယျာဝစ္စ၊ (၄) မိဘဝေယျာဝစ္စ၊ (၅) ဆရာဝေယျာဝစ္စ၊ (၆) ရပ်ရွာဝေယျာဝစ္စတို့ ဖြစ်ပါတယ်။
အဲဒီထဲက အကောင်းဆုံး အမွန်မြတ်ဆုံးကတော့ ဗုဒ္ဓဝေယျာဝစ္စပေါ့ဗျာ။ သို့သော် ဘုရားရှင်က ပရိနိဗ္ဗာန် စံသွားပြီ။ မဖြစ်နိုင်တော့ဘူး။ ဖြစ်နိုင်ခဲ့ရင်လည်း ဘုရားရှင် သက်တော်ထင်ရှား ရှိတုန်းကတောင် ရဟန်းရှစ်ပါးပဲ ဝေယျာဝစ္စကို ပြုလုပ်ပေးနိုင်ခဲ့တယ်။ အဲဒီ ရှစ်ပါးထဲက နှစ်ပါးဆိုရင် ဘုရားရှင်ကို လမ်းခွဲလိုက်သေးတယ်။
ဘုရားရှင် မရှိတော့ပေမယ့် ကိုယ့်စိတ်ကို ခဏထိန်းချုပ်ပြီး ညနေခင်းတစ်ခုစာလေးမှာ ဘုရားရှင်ရဲ့ ကိစ္စကြီးငယ်ကို ပြုလုပ်ရင်း ကိုယ်နဲ့ ဗုဒ္ဓဝေယျာဝစ္စကို ပြုလုပ်နိုင်တဲ့ အနေအထားတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဘုရားရှင်ရဲ့ လက်ရှိ ဓာတ်တော်များ ကိန်းဝပ်စံပါယ်တော်မူရာ စေတီရင်ပြင်တော်မှာ တံမျက်စည်းလှည်းခြင်း၊ ကြမ်းတိုက်ခြင်း၊ စေတီ အသုံးအဆောင်ပစ္စည်းကို ထိန်းသိမ်းပေးခြင်း၊ ညောင်ရေသွန်းခြင်းစတဲ့ ကုသိုလ်တွေ ယူနေရင် ဗုဒ္ဓဝေယျာဝစ္စကို ပြုလုပ်နေခြင်း ဖြစ်ပါတယ်။
ဒီဗုဒ္ဓဝေယျာဝစ္စထဲက တံမျက်စည်းလှည်းပြီးတော့ သန့်ရှင်းရေးလုပ်တဲ့ ဝေယျာဝစ္စဟာ မရှိမဖြစ် လိုအပ်တဲ့ ဝေယျာဝစ္စ တမျိုးဖြစ်ပါတယ်။ ကဲ အဲဒီ မရှိမဖြစ်လိုအပ်တဲ့ တံမျက်စည်းလှည်းလို့ ရရှိလာမယ့် အကျိုးတရားတွေကကော ဘာလဲ။ အကျိုးတရားငါးပါးရှိတယ်။ အကျိုးတရားငါးပါးကို မပြောခင် တံမျက်စည်းလှည်းတာနဲ့ ပတ်သက်တဲ့ အကြီးမားဆုံး အဖြစ်အပျက်လေးကို သတိရိတယ်။ အဲဒါလေးကို ကြိုပြောချင်တယ်။ အားလုံး သိပြီးသားဖြစ်တဲ့ ခက်ခဲနက်နဲတဲ့ မေးခွန်းများ အပြင် ကတ်တီးကတ်ဖဲ့ မေးခွန်းတွေ မေးတတ်တဲ့ မိလိန္ဒနှင့် မေးသမျှ ဖြေနိုင်တဲ့ ရှင်နာဂသိန်လေ။
သူတို့ရဲ့ ရှေးဘဝမှာ ကိုရင်နှင့် ဦးပဉ္စင်းလေး အတူဖြစ်ခဲ့ဖူးပြီး ဂင်္ဂါမြစ်နံဘေးက ကျောင်းမှာ အတူနေကြတယ်။ တစ်နေ့ ဦးပဉ္ဇင်းက တံမျက်စည်းလှည်းပြီး ပုံထားတဲ့ အမှိုက်ကို ကိုရင်ကို ကျုံးခိုင်းတယ်။ ကိုရင်က ပေကပ်ကပ်လုပ်နေတာနဲ့ ရိုက်ပြီး ခိုင်းလိုက်တယ်။ ဒီတော့မှ ကိုရင်က ငိုရင်းကျုံးတယ်။ အမှိုက်သွားသွန်းရင်း ကိုရင်က မွန်းတည့်ချိန်ဖြစ်နေတာမို့ နေမင်းကို ကြည့်ပြီး “ဤကုသိုလ်ကြောင့် ဤနေမင်းကဲ့သို့ ပညာတန်ခိုး တောက်ပရပါလို၏” လို့ ဆုတောင်းတယ်။ ကိုရင်က အဲလောက်ဆုတောင်းတာနဲ့ အားမရသေးဘဲ ရေချိုးဆင်းတော့ မြစ်ဆိပ်မှာ ရေလှိုင်းတွေကို ကြည့်ပြီး “ဤကောင်းမှုကြောင့် ဤလှိုင်းကဲ့သို့ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းသော ပညာဉာဏ်ကို ပိုင်ဆိုင်ပါစေ” လို့ ထပ်ဆုတောင်းပြန်တယ်။ ဒီတစ်ခါတော့ အမှိုက်ကျုံးခိုင်းတဲ့ ဦးဇင်းက ကြားသွားတယ်။ “ငါခိုင်းလို့ လုပ်ပြီးတော့ ဒီဆုတောင်းပြည့်ရင် ငါက တိုက်တွန်းသူပဲ၊ သူဆုတောင်းရင် ငါလည်းဆုတောင်းမယ်” ဆိုပြီး သူ့ဆုထဲမှာ “ဤကောင်းမှုကြောင့် ကိုရင်လေး ထိုးထွင်းသိသော အရာထက် သာလွန်၍ ငါပိုသိပါစေသတည်း” လို့ အပို ဆုတောင်းလိုက်တယ်။
အဲဒီလို သူတို့ရဲ့ တံမျက်စည်းလှည်းခြင်း၊ အမှိုက်ကျုံးခြင်း ဝေယျာဝစ္စကြောင့် မိလိန္ဒနှင့် နာဂသိန် အမေးအဖြေကျမ်းကြီး တစ်ဆူ သာသနာ့သမိုင်းမှာ ထင်ကျန်ရစ်နေပါတယ်။ တံမျက်စည်းလှည်းရကျိုးကို ပြောတော့မယ်ဆိုရင် သူတို့ အဖြစ်အပျက်ကလေးကို မပြောမဖြစ်လို့ ပြောချင်ဇောနဲ့ ကြိုပြောလိုက်တာ ဖြစ်ပါတယ်။ တံမျက်စည်းလှည်းရကျိုး ကတော့
(၁) မိမိကိုယ်တိုင် စိတ်ကြည်လင်တယ်။
(၂) မြင်သူအပေါင်းလည်း စိတ်ကြည်လင်ရတယ်။
(၃) နတ်တို့ ချစ်ခင်တယ်။
(၄) အရောင်အဆင်း လှပတင့်တယ်တယ်။
(၅) သေလွန်တဲ့အခါ နတ်ပြည်ရောက်ရတယ်။
ဒီငါးမျိုးဖြစ်ပါတယ်။
ကိုယ့်စိတ်ကြည်လင်တာနဲ့ ပတ်သက်ပြီး သာဓကလေးတစ်ခု ပြောပါ့မယ်။ တစ်ခါက ရဟန်းတစ်ပါးဟာ အလွန်ကျယ်ပြန့်တဲ့ စေတီတစ်ဆူရဲ့ ရင်ပြင်တော်မှာ နေ့စဉ်နေ့တိုင်း တံမျက်စည်းလှည်းတယ်။ ရင်ပြင်တော်တစ်ခုလုံး သန့်စင်သွားပြီဆိုရင် ရဟန်းက စိတ်ကလေး ကြည်ပြီးတော့ ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်းကို စီးဖြန်းတယ်။ ဒါပေမယ့် မကြာမတင်မှာဘဲ မျောက်တစ်ကောင်ဟာ ရင်ပြင်တော်ပေါ် နွားချေးတွေ ပက်ကြဲချတယ်။ ရဟန်း စိတ်ညစ်သွားတယ်။ နောက်တစ်နေ့မှာလည်း သန့်ရှင်းပြီးချိန် နွားတစ်ကောင်လာပြီး ရင်ပြင်တော်ပေါ် မစင်လာစွန့်တယ်။ နောက်တစ်နေ့တော့ အရမ်းရုပ်ဆိုးတဲ့ လူတစ်ယောက် ရင်ပြင်တော်ပေါ် လမ်းလျှောက်တက်လာတယ်။ ရဟန်းက စဉ်းစားတယ်။ ဒီနယ်တစ်ဝိုက်မှာ ဒီလောက်ရုပ်ဆိုးတဲ့လူ မရှိဖူးဘူး။ ဒီတော့ “သင် မာရ်နတ်မဟုတ်လား” လို့ ကောက်မေးလိုက်တယ်။ မာရ်နတ်ကလည်း ဝန်ခံတယ်။ စကားပြောရင်း ရဟန်းက မာရ်နတ်ကို ဘုရားရှင်ပုံ ခဏဖန်ဆင်း ပြခိုင်းတယ်။ မာရ်နတ်က ဖန်ဆင်းပြတယ်။ နောက်တစ်နေ့မှာ ရဟန်းက ရင်ပြင်တော်ကို သန့်ရှင်းလို့ အပြီး ကြည်လင်နေတဲ့ စိတ်နဲ့ မာရ်နတ်ဖန်ဆင်းပြဖူးတဲ့ ဘုရားရှင်ရဲ့ ပုံတော်ကို မှန်းဆပြီး ဗုဒ္ဓါနုဿတိကမ္မဋ္ဌာန်း စီးဖြန်းလိုက်တာ ရဟန္တာဖြစ်သွားပါတယ်။
မြင်ရသူ အပေါင်း စိတ်ကြည်လင်တာနဲ့ ပတ်သက်ပြီး သာဓကလေးကို ပြောရရင် တစ်ခါက ရဟန်းငယ်တစ်ပါးဟာ စေတီတစ်ဆူရဲ့ ရင်ပြင်တော်ကို တံမျက်စည်းလှည်းအပြီး အမှိုက်တောင်းကိုကိုင် ဆင်းလာတယ်။ ဒါကို ဘုရားဖူးလာတဲ့ ရဟန်း ခြောက်ပါးက မြင်တယ်။ “ရင်ပြင်တော် သန့်ရှင်းပေးသူပါလား” လို့ ရဟန်းတွေက တွေးမြင်ကြတယ်။ အဲဒီထဲက ရဟန်းတစ်ပါးဟာ ပုစ္ဆာတစ်ထောင် ဖြေရှင်းပုံကို ချီးမြှင့်သွားတယ်။ ကျန်တဲ့ ရဟန်းများက အတိတ်ဘဝကို ပြန်လည်မြင်နိုင်တဲ့ ဉာဏ်အမျိုးမျိုးကို ရရှိတော်မူသွားကြတယ်။
နတ်တို့ ချစ်ခင်ပုံကတော့ သာဓကရှိပေမယ့် ထူးထူးခြားခြား မဟုတ်လို့မပြောတော့ပါဘူး။ ရုပ်အဆင်းလှပပုံကို သာဓကနဲ့ ပြောရရင်တော့ တစ်ခါက သီဟိုဠ်မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လေးကို ပြောရမယ်။ တစ်ခါက သီဟိုဠ်မှာ အရမ်းချောတဲ့ ပုဂ္ဂိုလ်နှစ်ဦး ပေါ်ခဲ့တယ်။ တစ်ဦးက ရဟန်း၊ တစ်ဦးက အမတ်သား။ သူတို့ နှစ်ဦးချောပုံကို သီဟိုဠ်သားတွေ သီဟိုဠ်သူတွေက အမြဲ ချီးမွှမ်းခန်း ဖွင့်ကြတယ်။ ဒါပေမယ့် ဘယ်သူပိုချောလဲ ဆိုတာ မသိဘူး။ အဲဒါလေးကို သိချင်တာနဲ့ သူတို့နှစ်ဦးဆုံအောင် ဖန်တီးလိုက်တယ်။ အဲဒီမှာ ရဟန်းက ပိုချောတာကို တွေ့လိုက်ရတယ်။ တကယ်တော့ သူတို့ရဲ့ အတိတ်ဘဝ ဖြစ်ရပ်က မိလိန္ဒတို့ရဲ့အတိတ်ဖြစ်ရပ်နှင့် နည်းနည်းဆင်တယ်။ ဘဝတစ်ခုမှာ ရဟန်းက တံမျက်စည်းလှည်းခဲ့တယ်။ အမတ်သားက အဲဒီအမှိုက်ကို ကျုံးခဲ့ပါတယ်။ အဲဒီ ကုသိုလ်ကြောင့် သူတို့နှစ်ဦးသား အရမ်းချောနေကြခြင်း ဖြစ်ပါတယ်။ ရဟန်းပိုချောရတာက ရဟန်းမှာ လောဘ ဒေါသ ကင်းစင်နေလို့ပါ။
နောက်ဆုံး သေရင် နတ်ပြည်ရောက်ရတယ် ဆိုတဲ့ သာဓကလေးကတော့ နည်းနည်းရှည်တယ်။ အတိုချုံးပြောပါ့မယ်။ ဘုရားရှင်လက်ထက်က အရှင်အနုရုဒ္ဓါဟာ သူ့ဇာတိ ကပိလဝတ်ပြည်ကို ပြန်ကြွလာတယ်။ အိမ်ရောက်တော့ သူ့ညီမလေး ရောဟိနီကို မတွေ့လို့ မေးတယ်။ အရေပြားရောဂါ ဖြစ်နေလို့ ရှက်တာနဲ့ ဘယ်မှ မသွား မလာဘူးလို့ ပြောကြတယ်။ အနုရုဒ္ဓါက မရမကခေါ်ခိုင်းတယ်။ ဆုံးမစကားနည်းနည်း ပြောပြီး လက်ဝတ်ရတနာတွေကို ထုခွဲရောင်းချပြီး ဆွမ်းစားကျောင်းတစ်ဆောင် ဆောက်လုပ်လှူဒါန်းခိုင်းတယ်။ ရေစက်ချတော့ ဘုရားရှင်ကြွလာတယ်။ ဘုရားရှင်က အလှူရှင် ဘယ်သူလဲ မေးတော့ အနုရုဒ္ဓါက သူ့ညီမလေး ရောဟိနီဖြစ်ကြောင်း ပြောတယ်။ ဘုရားရှင်က သူ့ကိုခေါ်တော့ အရေပြားရောဂါဖြစ်နေလို့ မလာဘူးလို့ ငြင်းပါတယ်။ အနုရုဒ္ဓါက ဘုရားရှင်ရဲ့ အမိန့်နဲ့မို့ လာခဲ့ဖို့ ခေါ်တယ်။ ရောဟိနီရောက်လာတော့ ဘုရားရှင်က ဒီလိုဖြစ်ရခြင်းရဲ့ အတိတ်ဘဝက မကောင်းမှုကို ဟောပြတော်မူတယ်။ သူမက အတိတ်ဘဝမှာ တောင်ညာစံ ဖြစ်ခဲ့ဖူးတယ်။ အဲဒီအချိန် ဘုရင်က ကချေသည်တစ်ယောက်ကို ချစ်ကြိုက်နေတယ်။ ဒါကို သူမက ကချေသည်အိပ်ယာမှာ ခွေးလေးယားသီးမှုန့် ပက်ထားလိုက်တယ်။ ကချေသည်မက အဲဒါနဲ့ သေသွားတယ်။ အဲဒီ အတိတ်ကြောင့် ဒီလိုဖြစ်နေရခြင်း ဖြစ်ကြောင်း ဟောပြတော်မူတယ်။ ဒေသနာအဆုံးမှာ ရောဟိနီမင်းသမီးလည်း အရေပြားရောဂါ ကင်းပျောက်သွားတယ်။ သူမက သူမလှူထားတဲ့ ဆွမ်းစားကျောင်းဆောင်မှာပဲ တံမျက်စည်းလှည်းခြင်း၊ သောက်ရည်ဖြည့်ခြင်း ဝေယျာဝစ္စကို ဘဝတစ်သက်တာပတ်လုံး လုပ်သွားတယ်။ သူမ သေလွန်တော့ နတ်ပြည်မှာ နတ်သမီး သွားဖြစ်ပါတယ်။ သူမ နတ်သမီး သွားဖြစ်တဲ့ နေရာက ဘယ်နတ်မှ မပိုင်တဲ့ နေရာဖြစ်နေတယ်။ သူမက လှလို့ သူမ ဖြစ်ပေါ်ရာ နယ်စပ်က နတ်တွေက သူရထိုက် ငါရထိုက် လုကြတယ်။ မနိုင်တဲ့ အဆုံ သိကြားမင်းဆီ သွားကြတယ်။ သိကြားမင်းဆီ ရောက်တော့ သိကြားမင်းကလည်း မြင်မြင်ချင်း ရောဟိနီနတ်သမီးလေးကို ကြိုက်သွားတယ်။ ဒီတော့ သူက တခြား နတ်လေးပါးကို မေးတယ်။ သူ့ကို မြင်တော့ မင်းတို့ ဘယ်လို ခံစားရလဲ လို့။ နတ်တစ်ပါးက ‘စစ်မြေပြင်မှာ တီးတဲ့ စည်ကြီးလို’၊ နတ်တစ
်ပါးက ‘ရေတံခွန်လို’ ၊ နတ်တစ်ပါးက ‘ပုဇွန်မျက်စိလွန်’၊ နတ်တစ်ပါးက ‘လေမှာ လွင့်နေတဲ့ အလံလို’ ခံစားရကြောင်း ပြောကြတယ်။ အားလုံးလည်း ပြီးရော သိကြားမင်းက ဘာပြောတယ် မှတ်လဲ။ ‘မင်းတို့က အဲလောက်ပဲ ဖြစ်တာ၊ ငါက နတ်သမီးကို မရရင် သေတော့မှာ’ တဲ့။ အဲလိုနဲ့ သိကြားမင်းရဲ့ ကြင်ယာတော် ဖြစ်ခဲ့ရပါတယ်။ နတ်တကာတို့ထဲမှာ ရောဟိနီဟာ အလှဆုံး နတ်သမီးပါ။ သူဘာကြောင့် အဲလို အလှဆုံးဖြစ်ရလဲ ဆိုတော့ တံမျက်စည်းလှည်းထားတဲ့ ကုသိုလ်ကြောင့် ဖြစ်ပါတယ်။
ဒီလောက်ဆိုရင် တံမျက်စည်းလှည်းရခြင်းနဲ့ ပတ်သက်တဲ့ အကျိုးတွေကို သိလောက်ပြီလို့ ထင်ပါတယ်။ ကျမ်းတစ်စောင်နဲ့ တစ်စောင် တံမျက်စည်းလှည်းရကျိုး ဖော်ပြတာ မတူတာကို တွေ့ရပါတယ်။ ကျမ်းတစ်စောင်မှာတော့ အရောင်အဆင်းလှပ၏ အစား နောက်လာနောက်သားများ အတုလိုက်ခြင်း လို့ ဖြစ်နေပါတယ်။ အဲဒါလေးလည်း ကောင်းတဲ့လက္ခဏာပါပဲ။ သူက လင်္ကလာလေးနဲ့ လာတယ်။ “မိမိသူတစ်ပါး နှစ်ဦးသားကြည်လင် ဒေဝါနတ်မျိုး မြတ်နိုးချစ်ခင် အတုလိုက်ငြား နောက်သားနောက်စဉ် ခန္ဓာပျက် အထက်နတ်ပြည်ဝင်”တဲ့။
ပန်းဖလက်လေးက သေးသေးလေး။ အဲဒီထဲကို font size 13 နဲ့ ရိုက်ပေမယ့် တော်တော်လေး မဆန့်ဘူး။ ကျဉ်းနိုင်သမျှ ကျဉ်းအောင် လုပ်နေရတယ်။ အကျယ်သိချင်ရင်တော့ တံမျက်စည်းလှည်းလာခဲ့ပါ။ အကျိုးတွေကို ပုံပြင်ပြောသလို တစ်ပုဒ်ချင်းစီ ပြောပြပါ့မယ်။
Your point of view caught my eye and was very interesting. Thanks. I have a question for you.