ကျွန်တော်ကလည်း သောတာပန်နဲ့ ပတ်သက်လို့ ရေးမိရင်းက ရေးစရာတွေ အများကြီး ဖြစ်လာတယ်။ လောလောဆယ် တရားထိုင်တာနဲ့ ပတ်သက်ပြီး ကျွန်တော့်ဘက်က တွေးမိတာလေး ရေးချင်လာပြန်တယ်။ တရားထိုင်တယ်။ ဘာကြောင့် ထိုင်တာလဲပေါ့။ အဟမ်း. အဟမ်း. ရေးပြရမှာတော့ ရှက်စရာကြီး။ ဒါပေမယ့် ကိုယ်ကိုယ်တိုင် တရားတစ်ခါမှ မထိုင်ဖူးတာကိုတော့ ကြို မပြောထားလို့ မရဘူး။ ဒီတော့ ကျွန်တော်က ကလေးတစ်ယောက် ရွှေကို သိတဲ့ ပုံစံမျိုးနဲ့ပဲ ရေးထားခြင်းမျှသာ ဖြစ်ကြောင်း ၀န်ခံထားပါရစေ။ တော်ကြာ အတော်လေး မဂ်ပေါက် ဖိုလ်ပေါက် ဖြစ်နေလို့ ဒီလိုရေးနိုင်တယ်လို့ ထင်ပြီး လာကိုးကွယ်နေမှာ စိုးလို့။ ရယ်စရာ ပြောတာပါ။
ကျွန်တော် တရားစခန်းတွေကို တစ်ခါမှ မရောက်ဖူးဘူး။ ဒီတော့ တရားစခန်းတွေက တရားလာထိုင်တဲ့ သူတွေကို ဘယ်လို ရည်ရွယ်ချက်တွေ ထားစေလဲ ကျွန်တော် မသိဘူး။ အားနာပါတယ်။ ဘယ်လို မျှော်လင့်ချက်တွေပေးလဲ ကျွန်တော်မသိဘူး။ (ရိုင်းသွားလား မသိဘူး။) အဲ ထိုင်တဲ့သူကပဲ မျှော်လင့်ချက်နဲ့ သွားထိုင်ရင်တော့ မပြောတတ်ဘူး။ မျှော်လင့်ချက်ဆိုတာက ထီပေါက်ဖို့ အချုပ်အနှောင်ကလွတ်ဖို့စတဲ့ အညံ့စား မျှော်လင့်ချက်မျိုးကို ပြောတာပါ။ မျှော်လင့်တော့ မျှော်လင့်ရမှာပဲလေ။ ဘာကို မျှော်လင့်မလဲပေါ့။ မျှော်လင့်ပြီဆိုရင်တော့ ခပ်မြင့်မြင့် မျှော်လင့်ရမှာပေါ့။ ဒါပေမယ့် ကိုယ့်သီလ အကြောင်း ကိုယ့်စိတ်အကြောင်း ကိုယ်ပဲ အသိဆုံးမဟုတ်ပါလား။ သွားရမယ့်လမ်းက ဒီသီလ မစင်ကြယ်ရင် ဒီစိတ်မစင်ကြယ်ရင် ရောက်မယ့်လမ်းမှ မဟုတ်တာကိုး။ လက်ထဲမှာ ငွေတစ်ထောင်ပဲ ရှိတာ။ ကိုယ်က ငွေတစ်သောင်းတန် ပစ္စည်းလိုချင်နေလို့ ရတာမှ မဟုတ်ဘူး။ အပြင်မှာတော့ အကြွေးရရင် ရမယ်။ ဒီတရားလမ်းမှာ အကြွေးယူလို့ မရဘူးလေ။
သေချာတာကတော့ ငြိမ်းအေးမှုကို လိုချင်လို့ တရားထိုင်တာပါပဲ။ အိမ်မှာနေရင်း ပူလောင်လာတဲ့ ငွေရေးကြေးရေး အပူတွေ၊ မိသားစုရေး အပူတွေ၊ လူမှုရေးအပူတွေစတဲ့ အပူတွေဖြစ်ရင်လည်း ဖြစ်မယ်။ လောဘအပူ ဒေါသအပူ မောဟအပူတွေလည်း ဖြစ်ရင်ဖြစ်မယ်။ သို့မဟုတ် နေထိုင်မှုအရ ဘာမှ ပူစရာမရှိပေမယ့် ဒီဇာတိ ဇရာ မရဏအပူတွေကတွေ ငြိမ်းချင်လို့ တရားထိုင်တာလည်း ဖြစ်ရင်ဖြစ်မယ်။ ဟုတ်ပြီ။ အေးငြိမ်းချင်လို့ တရားထိုင်တာဆိုရင် ကျွန်တော်တို့ လက်ရှိ ပူလောင်နေလို့ပေါ့။ အဲယားကွန်းနဲ့ နေတာလို့တော့ မလုပ်နဲ့လေ။ တရားစခန်းလည်း အဲယားကွန်းနဲ့ပဲဟာကို။ ဟုတ်တယ်။ ကျွန်တော်တို့ ပူလောင်နေတယ်။ ဒါဆို ပူလောင်မှုတွေက ဘာတွေလဲ။ ဇာတိတွေ ဇရာတွေ ဗျာဓိတွေ မရဏတွေ ပြီးတော့ သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသတွေ။ ပူလောင်လိုက်တာ။ ပူလောင်လိုက်တာ။ အဲဒီ အပူက ဘယ်ကနေ စတာလဲ။ အ၀ိဇ္ဇာပစ္စယာ သင်္ခါရာ ဆိုတော့ အ၀ိဇ္ဇာကနေ စတာပေါ့။ အ၀ိဇ္ဇာကကော ဘယ်ကစလည်းပေါ့။ အာသ၀ကနေစတာပေါ့။ အာသ၀ကကော ဘယ်ကစသလဲပေါ့။ ဟင် ဒီစရိုက်တွေအကြောင်းပဲ ရောက်လာပြန်ပြီ။ အဲဒီ ဘ၀ဆက်ဆက် စွဲလန်းနေရတဲ့ စရိုက်တွေကြောင့် ကျွန်တော်တို့ အာသ၀တွေဖြစ်နေတာ။ အာသ၀ what? အာသ၀။
တရုတ်သိုင်းဝတ္ထုထဲက စကားနဲ့ ပြောရမှာပေါ့။ အာသ၀ဆိုတာ နှစ်တစ်ရာ အရက်လို့။ ကြာကြာ စိမ်နိုင်လေ။ မူးလေ။ ဘယ်ထဲစိမ်နေတာလဲ။ ဒုစရိုက်တွေထဲမှာ စိမ်နေတာလေ။ ကျွန်တော်တို့ ပုထုဇဉ်တွေဟာ ခန္ဓကိုယ်ဆိုး အလိုအိုးမှာ ဒုစရိုက်တွေကို အကြာကြီးစိမ်ထားပြီး ကျွန်တော်တို့ ကိုယ်တိုင် ပြန်မှီဝဲသုံးဆောင်နေကြတယ်။ ဒါကို သင်သိပါသလား။ လုံးဝ မသိပါ။ ဘာကြောင့် မသိတာလဲ။ ဘ၀တစ်ခုရလာပြီဆိုရင် အတူတူရလာတဲ့ တဏှာ၊ မာန၊ ဒိဋ္ဌိတွေက အဲဒါကို သိစေချင်တယ်လို့ ကျွန်တော်တို့ ထင်ပါသလား။ သူက အဲဒါကို အမှန်ပါလို့ ကျွန်တော်တို့ကို အတင်းအဓမ္မခေါင်းညိတ် လက်ခံခိုင်းထားလေသမျှ ကျွန်တော်တို့ဟာ အမှားကြီးကို အမှန်ပါလို့ အမြဲ ခေါင်းညိတ်နေခဲ့ရပါတယ်။
နောက် ငရဲသားတွေ ငရဲမှာ နေရတာ ပျော်တယ်။ ကျားတစ်ကောင်ဟာ ကျားဖြစ်ရတဲ့ဘ၀ကို ဂုဏ်ယူတယ်။ လောက်တစ်ကောင်ဟာ လောက်ဖြစ်ရတာကို ကြည်နူးတယ်။ ခွေးတစ်ကောင်က ခွေးဖြစ်ရတာကို ကျေနပ်တယ်။ လူဖြစ်ရင်လည်း ယောင်္ကျားကတစ်ယောက်က ယောင်္ကျားဘ၀ကို မိန်းမတစ်ယောက်က မိန်းမဘ၀ကို ပဏ္ဍုပ်တစ်ယောက်က ပဏ္ဍုပ်ဘ၀ကို ခုံမင်တယ်။ ကျွန်တော်တို့ လူတွေ တိရစ္ဆာန်တွေ ငရဲတွေတင်ပဲလား။ မဟုတ်ဘူး။ နတ်တွေလည်းပဲ သူတို့ နတ်ဖြစ်ရတာကို သဘောကျတယ်။ ဗြဟ္မာတွေလည်း ဗြဟ္မာဖြစ်ရတာကို နှစ်သက်တယ်။ အဲဒီလို ဘ၀တွေကို ကျွန်တော်တို့ စွဲလန်းခုံမင်လွန်းလို့ ကုသိုလ်ကောင်းမှုပြုရင် ယောင်္ကျားဘ၀ဖြစ်ရပါလို့၏ လို့ဆုတောင်းတယ်။ မိန်းမဘ၀သာ ဖြစ်ရပါလို၏လို့ ဆုတောင်းတယ်။ (မယုံရင် စာရေးဆရာမဂျူးရဲ့ အင်တာဗျူးတွေကို လိုက်ဖတ်ကြည့် သူမက အတိအလင်း ကြေငြာတယ်။ မိန်းမဘ၀ပဲ ပြန်ဖြစ်ရပါလို၏ တဲ့။) နတ်တွေလည်း အဲလိုပဲ။ သေရင် နတ်ပြန်ဖြစ်တာက များတယ်။ သူတို့က နတ်ပဲဖြစ်ချင်နေတယ်။ ဗြဟ္မာတွေလည်း အဲလိုပဲ။ အဲဒီနောက် ငရဲသားလည်း အဲလိုပါပဲ။ ဘာကြောင့်လဲ။ ဘ၀ကို စွဲလန်းတဲ့ နှစ်တစ်ရာအရက်ကို သောက်ထားကြလို့ပဲ။
နောက်တစ်ခုက အယူဝါဒအပေါ် စွဲလန်းတာ။ အယူဝါဒထဲ နစ်မွန်းတာ။ အယူဝါဒ နှစ်တစ်ရာ အရက်သောက်ထားတာ။ ရှင်မောဂ္ဂလာန်နဲ့ ရှင်သာရိပုတ္တရာရဲ့ ဆရာဆိုရင် ဘုရားပွင့်တာသိတယ်။ ဘုရားဝါဒမှန်တယ်ဆိုတာ သိတယ်။ ဒါပေမယ့် သူ့အယူဝါဒကို စွန့်သလား။ မစွန့်ဘူး။ ဘာကြောင့်လဲ။ သူ့အယူဝါဒထဲမှာ သူနစ်မွန်းနေတာလေ။ သစ္စက ကလည်း သူ့ဝါဒမှန်တာပဲ။ သူကသာ ဘုရားရှင် ငါနဲ့ ပြိုင်ရင် ဇောချွေးပြန်သွားမယ်လို့ လိစ္ဆ၀ီတွေကို ကြွားထားလို့ ဘုရားက ချွတ်လိုက်တာ။ ပေါဋ္ဌပါဒ (အမည် မှားနိုင်ပါသည်) ပုဏ္ဏားဆိုရင် ဘုရားမှန်တယ်ဆိုတာကို သူလက်ခံတာပဲ။ ဒါပေမယ့် သူဝါဒကို သူစွန့်မသွားဘူး။ အယူဝါဒ နှစ်တရာအရက်သောက်ထားလို့ မူးနေတာလေ။
ကျန်သေးတယ် တစ်ခု။ မောဟ။ အဲဒါကတော့ အားလုံးကြားဖူးနေကြတာမို့လို့ မရှင်းတော့ဘူး။ အဲဒီလေးခုကြောင့် အ၀ိဇ္ဇာဖြစ်ရတာ။ မိုးကုတ်မှာ တရားထိုင်မိရင်တော့ အ၀ိဇ္ဇာဘယ်ကဖြစ် အာသ၀ကဖြစ်လို့ တရားနာရင်း သင်လိုက်အော်မိပါလိမ့်မယ်။ ကဲ တရားထိုင်တော့မှာလား။ အ၀ိဇ္ဇာ ပစ္စယာ အစား။ အ၀ိဇ္ဇာ နိရောဓောလုပ်တော့မှာလား။ တကယ်တော့ စရိုက်ကို အရင်ရှင်းတာပဲလေ။ ကျွန်တော်တို့ဘုရားရှင်က အလွန်ကြည်ညိုဖို့ကောင်းတာ။ တရားဟော သွားရာမှာ ဘယ်မှာမှ ချွင်းချက်မရှိဘူး။ ဘုရားရှင်သာ မပွင့်ပေါ်ခဲ့ရင် ကျွန်တော်တို့ ဒါတွေ သိနိုင်မှာ မဟုတ်ဘူး။ ဒါနဲ့ စကားမစပ် အာသ၀ကို သိထားတော့ ဘာလုပ်ရမှာလဲ။ ဟမ် အနာသိတော့ ဆေးရှိတာပေါ့ဗျာ။
Your article helped me a lot, is there any more related content? Thanks!
Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?