အလုပ်လုပ်ရင်း ဈာန်ဝင်သွားလို့ ထမင်းစားဖို့တောင် မေ့သွားတယ်။ ဂိမ်းထဲ ဈာန်ဝင်နေလို့ ဘယ်အချိန် ရှိလို့ ရှိမှန်းတောင် သိတော့ဘူး စသဖြင့်ပြောကြတဲ့ ဈာန်လေးဟာ ဈာနပစ္စယောပါပဲဗျာ။ တစ်ခုခုကို လုပ်တယ်။ သာမန်မဟုတ်ဘူး။ စူးစိုက်ပြီးတော့ လုပ်တာ။ ဒီလို စူးစိုက်လုပ်တာဟာ ဈာနပစ္စယောပါပဲ။ ချစ်သူမျက်နှာကို ကြည့်တယ်။ စူးစူးစိုက်စိုက်ကြည့်တယ်။ သူ့အာရုံက ဘယ်မှ မသွားဘူး။ ချစ်သူ့မျက်နှာတည့်တည့်ပဲ။ ထပ်ကာ ထပ်ကာကြည့်တယ်။ မ၀ဘူး။ ပီတိတွေဖြစ်လို့။ စိတ်တွေလည်း ချမ်းသာလို့။ သမာဓိတောင်ရလို့။ တစ်ခါခါ “ငါများ ဒီ သမာဓိနဲ့ တရားထိုင်ရင် တရားရလောက်တယ်”လို့ ကိုယ့်ကိုယ်ကို ပြန်တွေး မိတတ်ကြသေးတယ်။ စိတ်က တည်ကြည်လွန်းသကိုးဗျ။ ချစ်သူမျက်နှာကို မျက်စိရှေ့ မမြင်ရချိန် သူကတွေးတယ်။ ဘာလေး ၀တ်လာတာ။ ဘယ်နေရာ ဘာလေးပြောတာ။ လည်ကုတ် အလည်တည့်တည့်မှာ မှဲ့ကလေးရှိတာ။ စသဖြင့် စသဖြင့် ချစ်သူ့အကြောင်းကို တွေးတယ်။ ထပ်ကာ ထပ်ကာ တွေးတယ်။ ဖရဏာပီတိ ဂွမ်းဆီထိလို့ ပြုံးလို့ စိတ်ကလေးက ငြိမ်းလို့တွေးတယ်။ ဒီလို တစိုက်မတ်မတ်လေး တွေးနေတာဟာ ဈာနပစ္စယောပါပဲ။ ဒါဟာ ဈာန်ရနေတာပါပဲ။ အကုသိုလ်ဈာန်ပေါ့လေ။ အဲဒီ အစားလေးများ ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကို တစိမ့်စိမ့်ပြန်တွေးလို့ နေရင်၊ ဘုရားဂုဏ်တော်ကိုများ တစိမ့်စိမ့်တွေးလို့ ပီတိ၊ သုခနှင့် ငြိမ်းချမ်းအောင် နေလို့ဆိုရင် ဘယ်လောက်များ ကုသိုလ်ရမလဲ။ ဒါပေးမယ့် ပုထုဇဉ်သဘာဝကိုက ပါပသ္မိံ ရမတိ မနောလို့ ဆိုသကိုးဗျ။ ဒါပေမယ့်လည်းပေါ့လေ။ ဘုရားသွား ကျောင်းတက်လုပ်နေချိန်လေးမှာတော့ အဲဒီ အာရုံကို မရရအောင် ယူသင့်တယ်။ ဆိတ်ငြိမ်တဲ့ နေရာ၊ ကျောင်း၊ စေတီ စတဲ့ဆီကို သွားသင့်တယ်။ ဆူညံနေတဲ့ နေရာမျိုး ရှောင်သင့်တယ်။ ခုခေတ်လူတွေက ရွှေတိဂုံမှ မဟာမုနိမှ ကုသိုလ်ရတယ်လို့ ထင်ကြတယ်။ မထင်နဲ့။ မရဘူး။ ဘုရားသွားရှိခိုးရင် စိတ်ကို တည်ကြည်အောင် ထားလို့မှ မရတဲ့နေရာပဲ။ ဘုရားရဲ့ ဂုဏ်တော်တွေကို အာရုံပြုလို့မှ အဆင်မှ မပြေတာ။ တရားထိုင်တဲ့ လူတွေက ရှိသေး။ ပြီးတော့ သူများတကာ လိုက်ပြောမယ်။ ငါရွှေတိဂုံမှာ ဘယ်နှစ်လ တရားထိုင်လာတာကွ” အင်း ရမှာတော့ သေချာတယ်။ အကုသိုလ်။ သမာဓိက တအားခိုင်နေပြီဆိုရင်တော့ မပြောလိုပါဘူး။ ကြုံလို့၊ ကြည်ညိုလို့ ဖူးရုံသက်သက်ကို မပြောလိုပါဘူး။ ဈာန်တွေကတော့ များပါတယ်။ မေတ္တာပွားတာလည်း ဈာန်ပဲလေ။ စိတ်ကို စူးနစ်ပြီးတော့ သတ္တ၀ါတွေ တကယ် ဘေးရန် ကင်းစေချင်တာ။ တကယ် အနာရောဂါ ကင်းစေချင်တာ။ တကယ် ရန်သူကင်းစေချင်တာ။ တကယ် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေချင်တာ။ အဲလို စူးစိုက်ပြီး မေတ္တာပို့ရင်လည်း ဈာန်ပါပဲ။ ဈာနပစ္စယောပါပဲ။ ဗုဒ္ဓါနုဿတိ အစရှိတဲ့ကမ္မဋ္ဌာန်းတွေ စီးဖြန်းတာတွေလည်း ဈာန်စိတ်တွေပါပဲ။ အသုဘတွေ ဘာတွေ ပို့တဲ့အခါ အသုဘကို ရှုတာဟာလည်း ဈာန်တစ်ခု ၀င်စားတာပဲ။ သာမန်ကာ လျှံကာတော့ မဟုတ်ဘူးနော်။ စူးနစ်ပြီးတော့ အော် အလောင်းကောင်ပါလား၊ ဘာမှ မဟုတ်တဲ့ အပုပ်ကောင်ပါလား။ သရုပ်ဆောင်ချက်တွေပါလား၊ စသဖြင့် စူးစိုက်ပြီး ရှုရမှာကို ပြောတာ။ ဒါတွေကို နာမည်တပ်ရရင်တော့ ကာမာဝစရဈာန်ပေါ့။ လောကီလူ့ဘုံမှာ ဖြစ်တဲ့ဈာန်ပေါ့လေ။ အဲဒီ ဈာန်တွေ ရဖို့ကလည်း ပါရမီလိုပါတယ်။ ပြီးတော့ စောင့်ထိန်းနိုင်တဲ့ သီလတွေလည်း လိုပါတယ်။ ဒါပေမယ့် ဘယ်သူမဆို ဈာန်ရနိုင်တယ်လေ။ ချစ်သူ့မျက်နှာကို စူးစိုက်ကြည့်တဲ့ဈာန် ကိုပြောပါတယ်။ (ပျော်ရွှင်စေချင်လို့ပါ )
ဈာနပစ္စယော
Subscribe
0 Comments
Oldest