စားသုံးသူ ဆိုတဲ့ စကားလုံးကို ၁၇ ရာစုနောင်းပိုင်းလောက်မှာ စတင်အသုံးပြုလာပြီးတဲ့နောက် ၁၈ ရာစုမှာတော့ ပိုမိုပြီး တွင်တွင်ကျယ်ကျယ် အသုံးပြုလာခဲ့ကြပါတယ်။ ကျွန်တော်တော့ စားသုံးသူဆိုတဲ့ အသုံးအနှုန်းဟာ လူတန်းစားတစ်ရပ်ကို ဖော်ထုတ်တဲ့ စကားလုံးဖြစ်တယ်လို့မြင်တယ်။ မထင်ရှားပေမယ့် အဲဒီစကားလုံးကြောင့် လူတန်းစားတစ်ရပ်ပေါ်လာတယ် မြင်ပါတယ်။ ဖွံ့ဖြိုးရေးဆိုတဲ့ စကားလုံးနဲ့အတူ ပေါ်လာတဲ့ စကားလုံးလည်းဖြစ်လေတော့ လူဦးရေနှင့် မမျှ ပိုပိုသာသာထုတ်လုပ်ထားတဲ့ ဇိမ်ခံပစ္စည်းများကို အမြတ်အစွန်းများများနဲ့ ရောင်းချင်တဲ့ အရင်းရှင်များက အသုံးပြုလိုက်တဲ့ စကားလုံးလည်း ဖြစ်တယ်။ ပြီးတော့ အဆုံးမရှိ ထုတ်နေတဲ့ ထုတ်ကုန်တွေအားလုံး လိုလို မလိုလို အသုံးပြုသူတွေဆီရောက်မြဲရောက်နေဖို့ သုံးလိုက်တဲ့ စကားလုံးပဲ ဖြစ်ပါတယ်။ ခုလို ၂၁ ရာစုမှာတော့ စားသုံးသူဆိုတာ ယဉ်ကျေးမှုတစ်ခု ဖြစ်ထွန်းသွားခဲ့ပါပြီ။ ၂၁ ရာစုအကြို ၉/၁၁ အပြီးမှာလည်း ဘုရှ်က စျေးဝယ်ကြပါလို့သာ တိုက်တွန်းခဲ့တယ် မဟုတ်ပါလား။
နောက်ပိုင်း Consumer is always right စားသုံးသူသည် အမြဲမှန်သည် ဆိုတဲ့စကားကလည်း စာကြောင်းသာလျင် မှန်ခဲ့တယ်ဆိုတာ တွေ့ရမယ်။ ပြီးတော့ ကာကွယ်ပေးသယောင် ဥပဒေတွေ ဘာတွေထုတ်ခဲ့တာကိုလည်း တွေ့ရမယ်။ စားသုံးသူလို့ပြောတဲ့ စကားလုံးကလည်း စားသုံးခြင်းခံနေရတယ်လို့ တွေ့ရမယ်။ အဲဒီအကြောင်းကို စီကာပတ်ကုံးပြောနေတဲ့သူတွေကိုယ်၌ကလည်း စားသုံးခံနေရတာကို တွေ့ရမယ်။ ဒါကို သေချာရှောင်နေတဲ့သူတွေတောင်မှ နောက်ဆုံးတော့လည်း နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်နေရတာတွေ တွေ့ရမယ်။ သင်တန်းပေးနေသူများကိုယ်တိုင်ကလည်း ဒါတွေကို တွေ့ရမယ်။ (တချို့ကတော့ ဟန်ဆောင်ပန်ဆောင် စားသုံးသူသင်တန်းပေးတွေပါလေ။ ဘရာဇီးလ် အမေဇုန်တောထဲ သစ်ခိုးထုတ်နေသူများကို တကယ့်တကယ် ဖမ်းလိုက်တဲ့အခါ လူသုံးရာထဲမှာ လူတစ်ရာက သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အဖွဲ့ဝင်တွေအဖြစ်တွေ့ရတာကို ဥပမာထားပြီး ပြောနိုင်သလို မကြာမတင်က စားသုံးသူအခွင့်အရေးအကြောင်းတွေ မီနီမားကတ်ပေါ်လာမှုကြောင့် ဒေသခံစျေးသည်လေးတွေ ပျောက်ဆုံးရတာတွေစသဖြင့် သင်ပေးနေတဲ့သူက နိုင်ငံခြားလည်းရောက်ရော စူပါမားကတ်ပေါ်ကနေ မဆင်းတော့တာတွေ မြင်ဖူးတယ်လေ။)
နောက်ပြီး ဒီစကားလုံးဟာ လူတွေကို လူညွှန့်တုံးအောင် လုပ်တဲ့ စကားလုံးလို့လည်း မြင်တယ်။ လူတွေကို လောဘ လောဘတွေနဲ့ အတောမသတ်နိုင်အောင် လုပ်ပေးပြီး တီထွင်မှု ဖန်တီးမှု စတာတွေကို မလုပ်ဖြစ်လောက်အောင် အားပေးလို့ပါပဲ။ သင်ဘာလိုအပ်သလဲ စောင့်ကြည့်နေသလား မှတ်ရသလို ဘာမှလိုလေသေးမရှိ ပစ္စည်းလေးတွေ ဖန်တီးတဲ့အပြင် အပိုပစ္စည်းတွေကိုပါ ဖန်တီးပေးထားတာဆိုတော့ အလကားရတဲ့ အပိုပစ္စည်းလေးကို ကလိကြည့်ရင်း အဲဒီကနေတဆင့် ထပ်ဆင့်လောဘကို မွေးမြူပေးသလို ဖြစ်နေတာကိုးလေ။ စားသုံးသူ သို့တည်းမဟုတ် စားသုံးချင်နေတဲ့ စိတ်ကြောင့် အသစ်ဖန်တီးတဲ့ စိတ်တွေ ပျောက်ပြီး ပိုက်ဆံကိုပဲ ရှာချင်နေပြီး ရတဲ့ ပိုက်ဆံနဲ့ သုံးပဲ သုံးချင်နေတော့ မချမ်းသာလာကြတာကလည်း မဆန်းဘူးလို့ ဆိုရမယ်။
တချို့သော ကုမ္ပဏီတွေရဲ့ ဆောင်ပုဒ်လေးတွေကို နည်းနည်းမျှကြည့်မယ်။ “ငါတို့ရဲ့ ထုတ်ကုန်တိုင်းဟာ သင့်ရဲ့ပိုက်ဆံအိတ်ကို ဆွဲဖွင့်လိမ့်မယ်”တဲ့။ “ငါတို့အမြင်မှာတော့ အခု ငါတို့စက်ရုံရဲ့ ထုတ်ကုန်က ကုန်ပစ္စည်းတွေပါ။ ဒါပေမယ့် တကယ်တမ်းတော့ ဒါကမှ တကယ့် ပိုက်ဆံတွေ”တဲ့။ လှတယ် မဟုတ်ဘူးလား။
ဆိုတော့ ဒီစကားလုံးကို သိထားတာ ပြဿနာပိုတက်တယ်။ မသိတာအကောင်းဆုံးပဲ။ သိရင် သိလို့ ရှောင်လို့မရတဲ့ကိစ္စတွေမှာ စိတ်ညူးပြီးတော့ သုံးနေရတယ်။ မသိရင် စိတ်အေးအေးချမ်းချမ်းနဲ့ သုံးနိုင်တယ်။ မိန်းကလေးဆိုပိုဆိုး။ နှုတ်ခမ်းနီ လက်သည်းနီကမှအစ ဘာပါလို့ ဘာဖြစ်တယ်နဲ့ကို ပွစနောင်းနေတာ။ ကိုယ့်လှည့်ကွက်အောက်မှာ လူတွေက ပျော်ပျော်ပဲ ကိုယ်ကိုယ်တိုင် ပြန်အလှည့်စားခံနေကြတာပါပဲ။ အဲဒီတော့ မသိချင်နဲ့။