မနက် ၄ နာရီလောက်ဆို အိပ်ယာကနိုးပြီ။ ပတ်ဝန်းကျင်က သူများတွေ ရေးပြသလို တိတ်ဆိတ်မည်းမှောင် မနေဘူး။ ဖန်ချောင်းမီး လမ်းမီးတွေနဲ့ လင်းထိန်နေတယ်။ တိတ်ဆိတ်ပြီးတော့လည်း မနေဘူး။ စက်ရုံကြောင့်သာလျင် ကမ္ဘာကြီး ခေတ်မီဖွံ့ဖြိုးလာတယ်လို့ ယုံကြည်နေကြတဲ့ လူတစ်စုတို့ရဲ့ ကမ္ဘာ့ဖျက်စွမ်းအားကြီး စက်ရုံဘေးမှာ နေနေရတာကြောင့် တဝေါဝေါနဲ့ စက်ရုံသံက ဆူညံနေတယ်။ သဘာဝအရ အဲဒီအချိန်က လေဟာ အလွန်သန့်စင်တဲ့အချိန်ဖြစ်တယ်။ သို့ပေမယ့် ကိုယ့်ဘေးနားမှာရှိတာက ကမ္ဘောဇဘိလပ်မြေစက်ရုံလေ။ ကျောက်မီးသွေးနဲ့ ဖုတ်မှရတဲ့ ထုံးကျောက်ရဲ့ ချဉ်စူးစူးအနံ့က မနက်ခင်းမှာဆို ပိုပြီးသိသာတယ်။ သည်လိုမနက်ခင်းမှာ သောကြာကြယ်ကိုလည်း ထမကြည့်ဖြစ်ပါဘူး။ စာအုပ်တွေကို ဂျီနိုဆိုက်လုပ်လိုက်တဲ့ ဖုန်းစကရင်ကိုပဲ ပွတ်လိုက်တယ်။ ကိုယ့်စိတ်အခံလေးနဲ့ ကြည့်တာဖြစ်တဲ့အတွက် ဘယ်သူတွေ ဒုက္ခရောက်သွားကြသလဲဆိုပြီး ရှာကြည့်ဖြစ်တယ်။ Youtube ပေါ်ဖြစ်ဖြစ်၊ Web တစ်ခုပေါ်ဖြစ်ဖြစ် အင်္ဂလိပ်စာသင်မလား။ တခြားအကြောင်းအရာတစ်ခုခု လေ့လာမလား။ ကြိုက်တာ လုပ်လို့ရပေမယ့် လုပ်ဖြစ်တာက ရင်မဆိုင်ချင်တဲ့ နောက်တနေ့ကို မေ့ဖျောက်လိုက်ဖို့ ဟာသလေးတွေ ကြည့်တာ။ သီချင်းအသစ်ကို နားထောင်တာ။ Twitter မှာ ခံစားချက်ရေးတင်တာ။ ဒါပဲ လုပ်ဖြစ်တယ်။ အဲလိုလုပ်နေတုန်း ငှက်ဆိုးထိုးသံကို ကြားရတယ်။ အများအားဖြင့် ပျံရင်းထိုးသွားကြပေမယ့် တစ်ခါခါ ကိုယ့်အပေါ်နားက စေတီပေါ်မှာ လာနားပြီး ထိုးသလားမှတ်ရတယ်။ မနက်တိုင်းလိုလိုပါပဲ။ ငယ်ငယ်တုန်းကတော့ ဒီလိုအမြဲကြားရတယ်။
“ရွာမှာ နာရေးတစ်ခုပေါ်တော့မယ်”
ဒါက ငှက်ဆိုးထိုးသံကြားတိုင်း ကိုယ့်မိဘတွေရဲ့ ပြောနေကြစကားသံ။ သိပ်မကြာပါဘူး။ နာရေးက ပေါ်လာတာပဲ။ နောက် ရွာမှာ နာရေးပေါ်နိုင်တဲ့ နိမိတ်လေးတစ်ခု ရှိသေးတယ်။ အဲဒါကလည်း တိုက်မှ ဆိုင်တတ်ပလေတယ်လို့ ပြောရလောက်အောင် မှန်နေတတ်တယ်။
“ရွာတွေပေါ် ဗျိုင်းတွေ ဖြတ်ပျံသွားတယ်”
ဆိုတာပါပဲ။ ရွာမှာတုန်းက မှတ်မိနေတာ တစ်ခုရှိသေးတယ်။ ရွာထဲကို ဒရယ်တစ်ကောင် လမ်းမှားပြီး ဝင်လာတယ်။ လူလတ်ပိုင်းတွေက သူတို့အိမ်မှာ မသုံးဖြစ်တော့သလို အချိန်ကြာကြာ ချိတ်ထားရတဲ့ တူမီးရယ်၊ သေတ္တာထဲ ထည့်သိမ်းထားမိတဲ့ ယမ်းထုတ်ရယ်၊ ခဲကျည်ဆံလေးတွေရယ်ကို အပြေးအလွားထုတ်တယ်။ ပြီးတော့ ကျည်ထောင်း ယမ်းထောင်းပြီး ဒရယ်နောက် ပြေးလိုက်တယ်။ လူငယ်လေးတွေက စူးစမ်းပြီး လိုက်တယ်။ ဘဲအုပ်ကတစ်ရာ နှစ်ရာ၊ မဗေဒါက တစ်ပင်တည်းဆိုတဲ့ကဗျာကို ဆရာဇော်ဂျီက ကျွန်တော်တို့ရွာထဲ မှားဝင်လာတဲ့ အဲဒီဒရယ်နဲ့ ကျွန်တော်တို့က ရွာက လူအုပ်ကြီးကို ရွယ်ပြီး စပ်ထားတာပဲ။ လူတွေ ထွင်ထားကြတဲ့ ယာခင်းတောင်မှ နှစ်နာရီလောက် သွားရလောက်အောင် ရွာပတ်ဝန်းကျင်က ပြောင်သလင်းခါနေပြီကို ဒီလမ်းမှားလာတဲ့ ဒရယ်က ဘယ်ကိုပြေးမှာတဲ့တုန်း။ လူကြီးတွေတော့ နိမိတ်မကောင်းဘူးဆိုပြီး မျက်နှာပျက်နေကြတယ်။ ကျွန်တော်လည်း စောင့်ကြည့်နေဖြစ်တယ်။ နောက်တော့ ဘာြဖစ်တယ်ဆိုတာ မမှတ်မိဘူး။ ဘာမှ မဖြစ်ခဲ့လို့များလားပါပဲ။
ဒီလို နိမိတ်မကောင်းဘူး။ နိမိတ်ကောင်းတယ် စသဖြင့် နိမိတ်ကောင်း နိမိတ်ဆိုးကို အသိုင်းအဝိုင်းကရော ပတ်ဝန်းကျင်ကပါ သင်ပေးတယ်။ အိမ်မြောင်စုတ်ထိုးတာ။ ဒါမှမဟုတ် အိမ်မြောင်ပြုတ်ကျလာတာ။ ပျားတွေ အိမ်ထဲဝင်လာတာ။ မြွေတွေ ဘုရားပေါ်တက်တာ။ မနက်ထမင်းမစားခင် သီချင်းဆိုမိတာ။ သက်ပြင်းချတာ။ စိတ်ထဲက မှတ်မှတ်ထင်ထင်မရှိဘဲ ဒူးနန့်မိတာစသဖြင့်အပြင် ပတ်ဝန်းကျင်မှာ မြင်ရတာတော့ ပန်းအိုးကျကွဲတာ။ မျက်ခမ်းလှုပ်တာ၊ မျက်ခုံးလှုပ်တာ။ အဲဒီထက်ပိုတာက အိပ်မက်ပေးတာ။ ကမ္ဘာကြီးကလည်ပြီးတော့ နေကိုပတ်နေတာကြောင့် နေ့နဲ့ည ဖြစ်သွားတဲ့ ကိစ္စမှာ ဟိုရက်က မကောင်းဘူး၊ ဒီရက်က မြတ်တယ်ဖြစ်ရတာ။ နေကြပ်တာ၊ လကြပ်တာ။
နိမိတ်ကို ယုံတာဟာ အနာဂတ်ကိုကြောက်တဲ့ ရောဂါများလား။ ဘုရင်တွေရဲ့ သမိုင်းမှာတော့ ဒီလိုအတိတ်နိမိတ်တွေကို ယုံခဲ့ကြတာပဲ။ အဲလိုအပိုင်းမှာတော့ အရှေ့တိုင်းက ပိုယုံတယ်လို့ သူတို့က ဆိုကြတယ်။ အနောက်တိုင်းကကောလို့မေးရင် တစ်ခေတ်တစ်ခါ ကမ္ဘာကို စိုးအုပ်ခဲ့ဖူးစဉ်က ဂရိစတဲ့နိုင်ငံတွေဘက်ကလည်း ယုံကြတာပါပဲ။ ဒါကို ဘုရားရဲ့ လက်ဆောင်လို့တောင် ပြောကြတယ်။ အရင့်အရင်တုန်းကဆို ဘာသာရေးထဲတောင် အထည့်ခံထားရသေး။ ဘာလို့များ ယုံကြတာပါလိမ့်။ အသွပ်သွင်းခံရလို့လား။ တိုက်ဆိုင်တာတွေက များခဲ့လို့လား။ ကျွန်တော်လည်း ယုံနေရတာပါပဲ။ ယုံနေရတာလို့ ပြောတာ။ မဟုတ်ပါဘူးရယ်လို့ ကိုယ့်ကိုယ်ကို ဖြေသိမ့်လို့မရတာ။ မနက် မနက် ငှက်က သူ့ဘာသာသူ အိပ်တန်းကနိုးလို့ သူတတ်နိုင်တဲ့အသံနဲ့ လောကကြီးကို အကျိုးပြုလိုက်ပေမယ့် ကျွန်တော့်အတွက်တော့ ငှက်တေးသံသာ မဟုတ်ဘူး။ သူက လေးနာရီဝန်းကျင်လောက်ကြီး တဂဲဂဲနဲ့အော်တာကိုး။ အားလုံးသင်ခဲ့သလိုပါပဲ။ ငှက်ဆိုးထိုးသံဟာ နိမိတ်မကောင်းဘူးဆိုတဲ့အတိုင်း ကျွန်တော့်အတွက် အဲသည်နေ့တော့ နေ့ကောင်းနေ့မြတ်မဟုတ်ဘူးလို့ စိတ်တထင့်ထင့်နဲ့ နေရပါတယ်။ ဖြစ်လာခြင်း မဖြစ်လာခြင်းကိုနောက်ထား။ ငှက်ဆိုးထိုးသံကြားတဲ့ မနက်တိုင်းလိုလို စိတ်စနိုးစနောင့်ဖြစ်ရတယ်။ ဘုရားလည်း တ,ဖြစ်တယ်။
ကလေးတွေကို စာသင်ရင်း ဒီလိုအချက်လေးတွေကို ခဏခဏ သတိထားရတယ်။ ငါ ဘာတွေ သင်နေတာလဲ။ ငါသင်နေတာတွေက သူတို့ရှေ့ဆက်ရဦးမယ့်လမ်းအတွက် အခက်အခဲများဖြစ်သွားစေမလား စသဖြင့်ရယ်ပေါ့။ စာသင်ကြတဲ့အခါတိုင်း အခြားသော အပြင်အကြောင်းအရာတွေကို ထည့်ထည့်ပြောဖြစ်ကြတယ်။ အချိန်ပိုနေတာဖြစ်ဖြစ်။ စိတ်မပါတဲ့နေ့ဖြစ်ဖြစ် သင်ခန်းစာအပေါ် ကိုယ်ကိုယ်တိုင် စိတ်မဝင်စားနိုင်တာဖြစ်ဖြစ်။ အပိုဆာဒါးလေးတွေထည့်ဖြစ်ကြတယ်။ ဥပမာ – ဟင်းအရသာကောင်းအောင်ဆိုပြီး ပြင်ရင်း ဆင်ရင်း အန္တရာယ်ရှိတဲ့ ဟင်းချိုမှုန့်ဟာ မီးဖိုဆောင်ဂုဏ်ဆောင်ဖြစ်လာတာလည်း ရှိခဲ့ဖူးပြီလေ။ အဲလိုစာသင်ရင်း ကိုယ်ယုံကြည်ရာ ကိုယ်ထည့်ပြောဖြစ်ကြတာမှန်ပေမယ့် ကိုယ်ယုံကြည်တာက အမှားကြီးဖြစ်နေတာမျိုး ဖြစ်နေနိုင်တာပဲ။ ဒါပေမယ့် ကိုယ်က ယုံကြည်နေတာမို့ မှားတယ်လို့တော့ ဘယ်တော့မှ သံသယမဝင်ကြပါဘူး။ လူတွေကို ဒုက္ခအပေးဆုံးကလည်း သူတို့ယုံကြည်ချက်ကြောင့်ပဲ။ ယုံကြည်ချက်ကို အထိခိုက်မခံအောင်ကာကွယ်ရင်း တပါးသူယုံကြည်မှုကိုပါ တိုက်ခိုက်ကြရာက စာသင်ခန်းလေးဟာ ကလေးတွေကို ကောင်းအောင်ပြုစုပျိုးထောင်တာ မဟုတ်တော့ဘဲ ဖြစ်သွားနိုင်တယ်။