အခါတစ်ပါး မြတ်ဘုရားသည်
သုံးပါးသံဃာ ညီညွတ်စွာဖြင့်
သာယာချမ်းမြေ့ တောမှီမွေ့သည်
အရှေ့ဝါးတော ပြည်ကောသမ္ဗီ
အနီးဆီသို့ ကြွချီတော်မူခဲ့သည်တကား
အိုချစ်သားတို့ ဘယ်သို့စိတ်ထား
ကျင့်ကြံပွားလျက် သုံးပါးညီထွေ
နေထိုင်ပေဟု
မိန့်ခြွေဗုဒ္ဓ မေးသမျှကို
ဖြေကြသည်မှာ ဤသို့တကား။
အရှင်ဘုရား ဘုရားတပည့်တော်
သုံးဖော်သံဃာ နေပါသည်ကား
တစ်ပါးကိုလျှင် တစ်ပါးမြင်သော်
ချစ်ခင်သောကြည့်ထိုမျက်စိဖြင့်
ကြည့်ကြပါသည် အရှင်ဘုရား
ထို့ပြင်နှိုင်းချိ ပြုဖွယ်ရှိသော်
မိမိကိစ္စ သူ့ကိစ္စဟု
ကိစ္စပိုင်းခြား ငြင်းမပွားဘဲ
သုံးပါးညီစွာ ပြုကြပါသည်
ပမာနို့နှင့်ရေပါဘုရား
ထို့ပြင်စိတ်တွင်း နှလုံးသွင်း၏
သီတင်းသုံးဖော် ငါတို့သော်ကား
သင့်လျော်တူကွ နေပေရသည်
အရတော်စွာ မိတ်ရင်းချာဟု
ကာယကံမေတ္တာ ၀စီကံမေတ္တာ
မနောကံမေတ္တာ ထာဝရတည်ဆောက်
ကြံသရောက်သည်
မျက်မှောက်မျက်ကွယ်ပါဘုရား
ထို့နောက်တွင်ကား ဤသုံးပါးတွင်
တစ်ပါးချင်းက ကိုယ့်ဆန္ဒ၌
လုံးဝမလိုက် နှစ်ပါးကြိုက်ကို
လိုက်လျောကြည်သာ ဖြည့်စွမ်းပါ၏
ကိုယ်သာကွဲပြား စိတ်မခြားဘဲ
သုံးပါးအလို မမောက်မိုသည်
သုံးကိုယ်တစ်စိတ်ပါ အရှင်ဘုရား
သြော် အရှင်အနုရုဒ္ဓါမထေရ်
အရှင်နန္ဒိယမထေရ် အရှင်ကိမိလမထေရ်
မထေရ်သုံးပါး မြတ်ဘုရားကို
ပန်ကြားလျှောက်တင် စကားစဉ်၌
နားဝင်ချိုလှစ် အမြင်သစ်ခဲ့
ချစ်ခြင်းအပြည့် ထိုမျက်စိဖြင့်
ရှုကြည့်လေက မြင်တိုင်းလှလိမ့်
လောဘ ဒေါသ အာဃာတနှင့်
မာနမျက်စိ ရှိတုံဘိက
ကြည့်တိုင်းမလှ ဖြစ်တတ်စွတည့်
လောကကိုလျှင် လှစေချင်က
ငြိုငြင်မာန်တင်း ငြူစူကင်းလျက်
ချစ်ခြင်းဖြင့်သာ ရှုမြင်ပါဟု
ကဗျာတစ်ပုဒ် ရင်မှထုတ်၍
ကျွန်ုပ်လက်ဆောင်ပေးချင်၏ ။
(မြင်းမူမောင်နိုင်မိုး)
အဖွဲ့အစည်းတစ်ခုမှာ သို့မဟုတ် လူတစ်စုမှာ သို့မဟုတ် နိုင်ငံတစ်နိုင်ငံမှာ သို့မဟုတ် ကမ္ဘာပေါ်မှာ လိုအပ်တဲ့ နေထိုင်နည်းဖြစ်ပါတယ်။ ဒီလင်္ကာရဲ့ နောက်ခံသမိုင်းက ရဟန်းတွေ အချင်းချင်းမာန်မာနခက်ထန်လာလို့ ဘုရားရှင်ကိုယ်တိုင် ပလလဲတောထဲကို အသွား ၀ါတောထဲ သီတင်းသုံးနေတဲ့ မထေရ်သုံးပါးကို တွေ့ဆုံမေးမြန်းတဲ့ ဘုရားရှင်ရဲ့ အမေးနဲ့ မထေရ်သုံးပါးတို့ရဲ့ အဖြေပါ။
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.