ကြောင်လေးတွေ။ ကြောင်စီစီလေးတွေ။ ကြောင်နေတယ်လား။ ဒီကောင်က ကြောင်တောင်တောင်နဲ့ကွာ။ ဒါပေမယ့် ကြောင်ကတော့ ခြေလေးချောင်းရှိပြီး ကောင်းကင်ကို ကျောပေးထားတယ်။ ကောင်းကင်ကို ကျောပေးထားတဲ့ သတ္တဝါမှန်သမျှ အသိဉာဏ် မရှိဘူးလို့ ဆိုတယ်။ အသိဉာဏ်ရှိတယ်လို့ ယူဆရတဲ့ လူတွေနဲ့ကွဲပြားစေတဲ့ အမြီးရှည်ရှည်လေးတွေလည်း ပါတယ်။ တစ်ခါခါ တယောက်နဲ့ တယောက် နောက်ချင် ပြောင်ချင်တဲ့အခါ လူတွေကို အမြီးခိုးတပ်ပေးကြတယ်။ အဲလူက ကြောင်တောင်တောင် ဖြစ်ရရှာတာပေါ့လေ။ အမြီးရှိမှဖြစ်လို့လည်း တချို့ကျသေချာတပ်တာ ရှိတယ်။ အမြီးလေး မရှိရင် တချို့နေရာ ဝင်ရ ထွက်ရ တကယ်မလွယ်ပါဘူး။ အမြီးမရှိလို့ အဖွဲ့အစည်းများကနေ အကန်ခံရဖူးတဲ့သူတွေလည်း တော်တော်များများ ရှိတယ်။ အမြီးရှိမှလည်း ကြောင်ဖြစ်မှာကိုး။ ဒါမှ ခြေလေးချောင်းနဲ့တွားသွားလို့ရမှာ။ ကြွက်တွေချောင်းလို့ကောင်းအောင်တော့ အမှောင်ကို မြင်နိုင်စွမ်းတဲ့ အစွမ်းရှိတယ်။ အမြီးရှိတဲ့ ကြောင်တွေတော့ အမှောင်ကို မြင်နိုင်တယ်။ အမှောင်ဆိုတာ အမိုက်အမည်းပါပဲ။ ဒီတော့ကား မီးပျက်ပျက် မပျက်ပျက် သူတို့အတွက်တော့ အရေးမပါလှတော့ပြန်ဘူးပေါ့။ အဲဒါဆိုရင် အစိုးရကိုလည်း ဆဲစရာ မလိုဘူး။ EPC ကိုလည်း အပြစ်တင်စရာ မလိုတော့ဘူး။ ငြိမ်းရော။ ကြိုက်သလောက် မှောင်ပလေ့စေ။ ကြောင်တွေအတွက်တော့လေ။
ပြီးတော့ကြောင်ဆိုတာ အိမ်မွေးတိရစ္ဆာန်တမျိုးလို့လည်းဆိုတယ်။ ဒီတော့ကာ ကျောင်းမွေးတိရစ္ဆာန်တော့ မဟုတ်ပေဘူး။ ဒါပေမယ့် နောက်ပိုင်းကျတော့ ငါ့မှာ အဖော်ဆိုလို့ ဒီကြောင်တွေပဲ ရှိတော့တယ်ကွာလို့ပြောတဲ့ အရင်က စာသင်တိုက် ထောင်ပြီး အောင်မြင်ခဲ့ဖူးတဲ့ ဆရာတော်ကြီးတစ်ပါးကတော့ မိန့်ရှာတယ်။ နောက် ကျောင်းတစ်ကျောင်းမှာတော့ ငါးတဖွဲလေးဝယ်၊ ကြက်ဥလေးဝယ် မနက်သုံးနာရီလောက် ထမင်းချက်၊ ကြက်ဥကျော်၊ ပြီးရင် ကြောင်စာနယ်။ ကျွေး။ သူတို့ငြိမ်သွားမှ ငါဘုရားရှိခိုးလို့ရတော့တယ်ဆိုပြီး ဆရာတော်တပါးကလည်း မိန့်ဖူးတယ်။
ကျောင်းမှာကြောင်များတာကတော့ ထုံးစံလိုလိုပါ။ ဒါကြောင့် တိဘက်ဘုန်းကြီးနဲ့ ပတ်သက်တဲ့ ပုံပြင်တစ်ပုဒ်တောင် ရှိသေး။ တခါက တိဘက်ဘုန်းကြီးဟာ ကြောင်တွေအများကြီး မွေးထားသတဲ့ စသဖြင့်ပေါ့လေ။ ကြောင်တွေများတော့ ဆွမ်းဘုဉ်းတဲ့အခါ ရှုပ်တယ်။ ဒါနဲ့ ဘုန်းကြီးကြီးက ကြောင်တွေကို အုပ်ဆောင်းနဲ့အုပ်ပြီးမှ ဆွမ်းဘုဉ်းလေ့ရှိတယ်။ ကြာတော့ အဲဒီဘုန်းကြီးလည်း မရှိဘူး။ ကြောင်တွေလည်း မရှိတော့ဘူး။ သို့ငြား နောက်တက်လာတဲ့ ဘုန်းကြီးလေးက ဆွမ်းဘုဉ်းရင် ကြောင်တွေကို အရင်အုပ်ဆောင်းနဲ့ အုပ်ရမယ်လို့ပဲ မှတ်ထားလေတော့ ဆွမ်းဘုဉ်းခါနီးတိုင်း ရွာထဲက ကြောင်တွေ လိုက်လိုက်ဖမ်းပြီး အုပ်ဆောင်းနဲ့ အရင်အုပ်ပြီးမှ ဆွမ်းဘုဉ်းလေ့ရှိသတဲ့။ ပုံပြင်ကတော့ ခပ်ကြောင်ကြောင်ပုံပြင်လိုလို ဘာလိုလိုနဲ့ ကြောင်နေတဲ့ ခပ်ကြောင်ကြောင်တွေကို ဆုံးမတဲ့ ပုံပြင်ဗျ။
ပြောဦးမှပါလေ။ ကျောင်းမွေးသတ္တဝါသာ မဟုတ်တာ။ ကျုပ်ကျောင်းကိုတော့ ကြောင်မွှားမွှားလေးတွေ ခဏခဏ လာလာပစ်ထားကြတယ်။ သိပ်မကြာဘူး။ သေကြတာပဲ။ ဦးပဇင်းနဲ့ ကိုရင်ပေါင်း ၄၀ လောက်ရှိတဲ့ ကျုပ်ကျောင်းမှာ ဘယ်တပါးမှလည်း ကြောင်ကို ချစ်စရာလို့မမြင်တတ်ကြသူချည်း လာစုထားသလို ဖြစ်နေတယ်။ သို့တည်းမဟုတ် နောက်နွားတစ်သိုက် ဖြောင့်ဖြောင့်လိုက်တာလားတော့မသိဘူး။ ကြောင်ကို မချစ်တတ်တဲ့ အပြင် မုန်းတတ်တဲ့အထဲမှာ ကျုပ်ကနေ စတာဆိုတော့ အောက်ကလည်း ဘာသိဘာသာ ဖြစ်ရာကနေ ကြောင်တွေ ခဏခဏ ထမင်းငတ်တာပဲ။ ကျုပ်ကျောင်းကလည်း ကျောင်းအောက်ထိ မြက်ပေါက်လောက်အောင် တောထူထပ်ပြီး ဘေးပတ်ပတ်လည်မှာ သစ်ပင်တွေချည်းရှိလေတော့ လိပ်ပြာ စတဲ့ ပိုးကောင်လေးတွေ အရမ်းပေါ။ စားစရာမရှိတော့ သူတို့ကိုဖမ်းစား။ တောက်။ ငယ်သေးလို့လား ကြောင်ဆေးပင် မရှိလို့လားမသိ။ အန်။ ပိန်ချုံး။ ပေါက်ပြားတစ်လက်ရဲ့ မြေတပေါက်စာအောက် အနိစ္စ ဝတ သင်္ခါရာ စသဖြင့် ရွတ်ဖတ်သံမကြားရဘဲ သွားအိပ်ကြရတော့တာပါပဲ။ ဒီတော့ အနောက်တိုင်းပုံပြင်တွေထဲက အသက်ကိုးချောင်းရှိတယ်ဆိုတဲ့အကြောင်း ဘွင်းခနဲပေါ်တာပဲ။ ကြောင်နေတဲ့လူသတ္တဝါလေးတွေက သတ္တဝါးလုပ်တာကိုး။ ခွေးသန္ဓေတားဆေး ကြောင်သန္ဓေတားဆေးထိုးနေတဲ့သူ ထိုးပေးနေတဲ့သူ ထိုးပေးချင်နေတဲ့သူတွေရှိနေသားနဲ့။ သွားကျတော့ မထိုးဘဲ အိမ်မှာမွေးခိုင်း အလိုလိုက် မနိုင်တော့ အလုပ်ရှုပ်တယ်ဆိုပြီး ညကြီးသန်းခေါင် တညလောက်တော့ အလုပ်ရှုပ်ခံပြီး နီးရာ ဘုန်းကြီးကျောင်းမှာ သွားပစ်ထား။
ညကြီးသန်းခေါင်ချိန်မှာ မျက်စိမှ ကြောင်မနေရင် အိပ်မောကျချိန်ပဲလေ။ ဘောပွဲကြည့်ချင်ရင်တောင် မျက်စိကြောင်ခိုင်းလို့ မကြောင်တဲ့ ကျုပ်တို့လိုအတွက် မနက်ကျမှ သိတာပဲ။ မျက်စိကြောင်တယ်ဆိုတာလည်း အိပ်ဖို့အထိ မျက်စိအရည်အသွေးက မပြည့်မီလို့ဖြစ်တာ။ လူအရည်အသွေးမပြည်မီရင် ကြောင်တယ်လေ။ ဆယ်ပြားလိုတွေ ငါးပြားလိုတွေ ဖြစ်ကုန်တာပေါ့။ ကျပ်မပြည့်တဲ့သူများရင် ကျုပ်ကျောင်း ကြောင်ပေါတာပေါ့ဗျာ။ ကြောင်ဆိုရင် ကြောင်တောင်နှိုက်မှ ကောင်းတာမဟုတ်လား။ ခိုးစားရင် ချိုတယ်ဆိုလို့။ အဲဒါဆိုရင် အရပ်က သမှုတ်ကြမယ်။ ကြောင်သူတော်လေးလို့။ သူတော်ဆိုတာနဲ့ ကိုယ့်ဘာသာကိုယ် ကောင်း ဆိုတဲ့ စာလုံးတစ်လုံးကပ်ထည့်ကြပေါ့ဗျာ။ ဟုတ်ဘူးလား။
ကောင်းတာကို လီဆယ်ပြောရရင်ဖြင့် လေးကောင်ပူးမွေးလို့ ရွှေကုတင်ကြောင်ဆိုတာက ရှိသေး။ သူဌေးဖြစ်မယ် ဆိုလားပဲ။ အဲသလို ကြံဖန်ပြီး ကြောင်ချီးမွှမ်းခန်းလေး ဖတ်ချင်သပဆိုရင်တော့ဖြင့် ကြောင် (တိရစ္ဆာန်) ဆိုတဲ့ wiki ကိုကြွကြပေါ့လေ။ ပြီးရင်လည်း ကြောင်နဲ့ လူ့ကျန်းမာရေးအကြောင်းလေး ဘာလေးလည်း ရှာဖတ်ကြည့်ကြပေါ့။
မရအရပဲ ကြောင်ကို ကောင်းချင်ရင် တမျိုးတော့ ရှိတယ်။ မြဝတီမင်းကြီးဦးစ ရေးထားတဲ့ စိန်ကြောင်နီလာပတ်ပျိုး ရှိတယ်။ အဲဒါတွေတော့ ကောင်းကောင်း ကောင်းလိမ့်မယ်ထင်ပါရဲ့။ ကြောင်ဆိုတဲ့ ရတနာပဲဖြစ်ဖြစ်ပေါ့။ မဟုတ်ရင်တော့ ဝေ့လည်ကြောင်ပတ်ဖြစ်နေမှာပဲ။ ကဲကဲ လက်သည်းမညှပ်ဖြစ်တော့ လက်သည်း မဝှက်ဖြစ်လိုက်တဲ့ ကြောင်အကြောင်းတော့ ဒီလောက်ပဲ ကြောင်လိုက်ပါရစေ။
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.com/ru/register-person?ref=V3MG69RO