ရှုပ်ထွေးမှုများနှင့် ပွက်လောက်ညံနေသော ဝေသာလီမြို့၏ ကွန်ယက်မှ လွတ်တော်မူသော မြတ်ဗုဒ္ဓနှင့် ညီတော် အာနန္ဒာသည် တိမ်တိုက်မြူခိုးမှ လွတ်ထွက်လာသော လမင်းကြီးနှင့်တူပေ၏။ မြတ်စွာဘုရားသည် မြို့၏ မြောက်ဘက်တံခါးမှ ထွက်တော်မူလာပြီးနောက် အဝေးပြေးလမ်းမကြီးကို စွန့်ခွာခဲ့၍ စာပါလစေတီသို့သွားရာ မြေနီလမ်းကလေးဘက်ကို ခြေဦးလှည့်တော်မူသည်။
ဘုရားရှင်စာပါလစေတီသို့သွားရာ မြေနီလမ်းကလေးပေါ်သို့ ခြေတော်ချလိုက်သည်နှင့် ယင်းမာ ကံ့ကော် စွယ်တော် သရဖီစသော တောတွင်းရှိပန်းများသည် အသက်ရှိသည့်နှယ် တစ်ပင်လုံးတစ်ခိုင်လုံး မြိုင်မြိုင်ဆိုင်ဆိုင် အပွင့်ချင်းပြိုင်လျှက် ပူဇော်နေကြကုန်၏။ အေးမြသင်းပျံ့ ပန်းရနံ့တို့ကို အစွမ်းကုန်ထုတ်လွှတ်ကြကုန်၏။ မြတ်ဗုဒ္ဓခြေတော်ချ တော်မူသည့် လမ်းတစ်လျှောက်တွင်လည်း ဝတ်မှုန်ဝတ်ဆံများနှင့် ပွင့်ဖတ်များကြဲဖြန့်ချကာ အလုအယက်တိုးဝှေ့၍ ဖူးမြော်ကြည်ညိုနေကြလေကုန်၏။ မြေနီလမ်းကလေးသည် ဘုရားရှင် ကြွတော်မူလာသည့် ခဏတာအတွင်း အသွင်ပြောင်းကာ နတ်ခင်းသော ပန်းလမ်းသွယ်သဖွယ် ဖြစ်သွားတော့သည်။
စာပါလဥယျာဉ်အတွင်းရှိ ဥသြ၊ သာလိကာစသော ငှက်အမျိုးမျိုးတို့သည်လည်း ဘုရားရှင် ကြွတော်မူလာသော လမ်းတစ်လျှောက်တွင် တွန်မြည်သဲသဲ ဝဲပျံကြကာ ရွှင်မြူးသော တေးသံသာဖြင့် ဆီးကြိုပူဇော်နေကြကုန်သည်။ ဝမ်းသာကြည်နူးလွန်း၍ သစ်တစ်ပင်မှ သစ်တစ်ပင်သို့ ခုန်ပျံပြေးလွှားမြူးထူးကစားနေကြသည်မှာ ပင်ခြေမှ ပင်ဖျားအထိ နေရာအနှံ့ပင်ဖြစ်ကြသည်။ ယနေ့၌ စာပါလစေတီနတ်ကွန်းသွားရာ မြေနီလမ်းကလေး တစ်လျှောက်မှာ ခါတိုင်းနေ့တွေထက် အဆ ရာထောင်မကပို၍ လှပသာယာနာပျော်ဖွယ် ရှိလှပေသည်။
စာပါလစေတီနတ်ကွန်းသို့ ရောက်တော်မူသောအခါ ညီတော်အာနန္ဒာသည် မြတ်စွာဘုရား နေ့သန့်သီတင်းသုံးနေထိုင်တော်မူရန် ယင်းမာပင်ကြီးအောက်တွင် သန့်ရှင်း၍ နေရာထိုင်ခင်း ပေးတော်မူသည်။ မြတ်စွာဘုရားသည် ညီတော်ခင်းပေးသော နေရာ၌ သင့်တောင့်သက်သာ ထိုင်တော်မူပြီး ဝေသာလီမြို့နှင့် မြို့ပတ်ဝန်းကျင်ရှိ သာယာလှပသော တပို့တွဲလရှုခင်းများကို ကြည့်ရှုတော်မူလေသည်။ ထို့နောက် ဝေသာလီမြို့၏ ကြီးကျယ်ခမ်းနားပုံ၊ ကြွယ်ဝချမ်းသာပုံ၊ သာယာလှပသောရေကန် ဥယျာဉ်တို့ဖြင့် အလွန်မွေ့လျှော်ဖွယ် နေချင့်စဖွယ်ကောင်းပုံတို့ကို ချီးကျူးပြောဆိုတော်မူ၏။ ထို့အပြင် မြို့တော်၏ အရှေ့ဘက်တွင် တည်ရှိသော ဂေါတမစေတီ အနောက်ဘက်တွင် တည်ရှိသော သတ္တမ္ဗစေတီနတ်ကွန်းနှင့် မြို့တော်၏ အနောက်မြောက် ဘက်တွင် တည်ရှိသော ဤစာပါလစေတီ၊ မြောက်ဘက်တွင်တည်ရှိသော သာရန္ဒမစေတီ၊ အရှေ့မြောက်ဘက်တွင် တည်ရှိသော ဗဟုပုတ္တိကစေတီတို့၏ သာယာလှပ၍ မွေ့လျှော်ဖွယ် ကောင်းပုံတို့ကို တစ်ခုပြီးတစ်ခု ရှည်လျှားစွာ ချီးမွမ်းပြောဆို တော်မူလေသည်။
ထိုသို့ ပြောဆိုပြီးနောက် ညီတော် အာနန္ဒာဘက်သို့ လှည့်တော်မူကာ “အာနန္ဒာ ဣဒ္ဓိပါဒ်တရား လေးပါး အမြဲမပြတ်ပွာများ အားထုတ်တဲ့ ပုဂ္ဂိုလ်ဟာ အာယုကပ်ပတ်လုံး ဖြစ်စေ၊ အာယုကပ်ထက် ပိုလွန်၍ဖြစ်စေ အသက်ရှည်ရှည် နေချင်တယ်ဆိုရင် နေနိုင်တယ်၊ ငါဘုရားလည်း ဣဒ္ဓိပါဒ်တရားလေးပါး ပွားများအားထုတ်ပြီးသော ပုဂ္ဂိုလ်ဖြစ်လို့ နေချင်တယ်ဆိုရင် အာယုကပ်ပတ်လုံးဖြစ်စေ၊ ထို့ထက်ပို၍ဖြစ်စေ နေနိုင်တယ်” ဟု မိန့်တော်မူသည်။
ညီတော်အာနန္ဒာသည် မာရ်နတ် နှောင့်ယှက်ထားသောကြောင့် တုတ်တုတ်မျှ မလှုပ်။ လူနတ်ဗြဟ္မာ သတ္တဝါအားလုံးအတွက် အာယုကပ်ပတ်လုံး တည်နေတော်မူရန် တောင်းပန်ခြင်း မပြုဘဲ လက်အုပ်ကလေးချီကာ မြတ်စွာဘုရားကိုသာ အငေးသား ကြည့်နေတော်မူသည်။ မြတ်ဗုဒ္ဓသည် ညီတော်အာနန္ဒာ တစ်စုံတစ်ရာ ပြန်လျှောက်လို ပြန်လျှောက်ငြား ခေတ္တခဏမျှ စောင့်ဆိုင်းတော်မူပြီး အထက်ပါစကားရပ်ကိုပင် ထပ်၍ မိန့်တော်မူပြန်သည်။ သုံးကြိမ်တိုင်တိုင် အရိပ်ပြ နိမိတ်စကားကို မိန့်တော်မူပါသော်လည်း ညီတော်အာနန္ဒာသည် ဘုရားရှင်ကိုသာ တွေတွေကြီး ငေးမျှော်နေလေ၏။ ဗဟုသုတအရာ၌ ဧတဒဂ်ရထားသဖြင့် ဘုရားရှင် ဘယ်လိုမိန့်လျှင် ဘယ်လိုပြန်လျှောက်ထားရမည်ကို အဆင်သင့်ရှိနေတတ်သော အရှင်အာနန္ဒာသည် ဤနေ့တွင် စကားတစ်ခွန်းတစ်ပါဒမျှ ထွက်မလာဘဲ နှုတ်ပိတ် တိတ်ဆိတ်နေလေသည်။
ထို့နောက် မြတ်ဗုဒ္ဓက မဟာကရုဏာ ပြည့်လျှံသော မျက်ဝန်းတော်ဖြင့် ညီတော်အာနန္ဒာကို ကြည့်တော်မူပြီး “အာနန္ဒာ သွားတော့ သင့်နဲ့ သင့်တော်ရာသို့ သွားနေချေတော့” ဟု မိန့်တော်မူလိုက်သည်။ ညီတော်အာနန္ဒာသည် အိပ်ရာမှ ယောင်ယမ်းကာ နိုးထလာသူကဲ့သို့ လေးလေးပင်ပင်ဖြင့် မြတ်စွာဘုရားကို ဦးချကန်တော့ပြီး လက်အုပ်ချီလျက် တဖြည်းဖြည်းချင်း နောက်ဆုတ်ထွက်သွားခဲ့လေတော့သည်။
ညီတော် အာနန္ဒာထွက်ခွာပြီးနောက် မြတ်စွာဘုရားတစ်ပါးတည်း ရှိနေချိန်ဝယ် မာရ်နတ်ယုတ် ချည်းကပ်လာပြီးနောက် “အရှင်ဂေါတမ၊ အရှင်သည် တပည့်တော်အား “ငါဘုရား တပည့်သာဝကတို့ မသိ မလိမ္မာသေးမီ၊ င့ါဘုရားသာသနာ မပြန့်ပွားသေးမီ ငါဘုရား ပရိနိဗ္ဗာန် စံလိမ့်မည်မဟုတ်” ဟု ရှေးအခါက မိန့်ကြားဖူးပါသည်။ ယခု အရှင်၏ တပည့်သာဝကများလည်း တတ်သိလိမ္မာကုန်ပါပြီ၊ အရှင်၏ သာသနာတော်လည်း စည်ပင် ပြန့်ပွားနေလေပြီ၊ သို့ဖြစ်၍ ယခုအခါ အရှင်ဂေါတမ ပရိနိဗ္ဗာန်ပြုဖို့ အချိန်တန်ပါပြီ၊ ပရိနိဗ္ဗာန် ပြုပါတော့” ဟု လျှောက်လေသည်။
မြတ်ဗုဒ္ဓက မာရ်နတ်အား . . .
“အို မာရ်နတ်၊ ငါဘုရား ပရိနိဗ္ဗာန်စံမည့်အရေး သင်တွေးပူမနေနဲ့၊ သင်မလျှောက်လည်း ဤနေ့မှ နောက်သုံးလမြောက်သောနေ့တွင် ငါဘုရား ပရိနိဗ္ဗာန်ပြုမှာပါ” ဟု မိန့်တော်မူလိုက်လေသည်။ မာရ်နတ်မင်းသည် ဘုရားရှင်ထံမှ ပရိနိဗ္ဗာန်ပြုတော့မည့် အကြောင်းကို ကြားလိုက်ရသဖြင့် အလွန်ဝမ်းသာသွားတော့သည်။ ဝမ်းသာမည်ဆိုလည်း ဝမ်းသာမည်ပင်။ အကြောင်းကား ရွှေနန်းစွန့်ကာ တောထွက်လာသည်မှစ၍ အလောင်းတော်နောက် တကောက်ကောက်လိုက်ပါလျှက် ဘုရားရှင်ကို လုပ်ကြံရန် အခွင့်အရေးကို စောင့်စားခဲ့သည်မှာ နှစ်ပေါင်း ငါးဆယ်ကျော်ခဲ့ပြီ မဟုတ်ပါလား။ ယနေ့မူကား မိမိမျှော်လင့်ခဲ့သော အခွင့်အရေးကို ချွေးမစို့ဘဲ ရယူပိုင်ဆိုင်တော့မည့်အရေး ဝမ်းမသာ နေနိုင်ပါရိုးလား။ မာရ်နတ်မင်းသည် ဝမ်းသာမဆုံး ပျော်တပြုံးပြုံးဖြင့် ဝသ၀တ္တီနတ်ပြည်သို့ ပြန်သွားလေသည။်
မာရ်နတ်မင်း ပြန်သွားပြီးနောက် ဘုရားရှင်သည် လူနတ်ဗြဟ္မာ သတ္တဝါတို့၏ အကျိုးစီးပွား အတွက် သက်တော်ရှည်ရှည်နေနိုင်ရန် သတိတရား သမာပတ်တရားဖြင့် တင်းထားသမျှသော စိတ်တော်ကို စွန့်လွတ်တော်မူလိုက်သည်။ ဘုရားရှင် အာယုသင်္ခါရကို စွန့်လွတ်လိုက်သည်နှင့် တပြိုင်နက် ယူဇနာပေါင်း နှစ်သိန်းရှစ်သောင်း အထုရှိသော မဟာပထဝီမြေကြီးသည် ပြင်းထန်စွာ တုန်လှုပ်လေသည်။ ကျေးဇူး ငှက်အပေါင်းတို့သည် ဝရုန်းသုန်းကား ထပျံကာ စူးစူးဝါးဝါး အော်မြည်ကုန်သည်။ သစ်ပင်တောတောင်တို့သည်လည်း တဝေါဝေါ တရှုးရှုး မြည်သံထူးလျှက် တော်လဲကြကုန်သည်။ ထိုသို့ သက်ရှိ သက်မဲ့အပေါင်းတို့၏ ဝမ်းနည်းစွာ အော်ငို မြည်ဟီးသံပြုပြီးနောက် ညီတော်အာနာန္ဒာသည် မြတ်စွာဘုရားရှင်ထံ ချဉ်းကပ်ပြီးနောက် ဤကဲ့သို့ မြေငလျှင် အကြီးအကျယ်တုန်လှုပ် ရခြင်းအကြောင်းကို မေးလျှောက်လေသည်။ ဘုရားရှင်က မြေငလျှင် တုန်လှုပ်ရခြင်းအကြောင်းကို ဟောပြတော်မူသည်။
ယင်းတို့မှာ . . .
၁။ ကမ္ဘာမြေထုကြီးသည် ရေထုကြီးအပေါ်၌ တည်နေ၏။ ထိုရေထုကြီးသည်လည်း လေထုကြီး အပေါ်၌ တည်နေရ၏။ သို့ဖြစ်၍ လေထု ရေထုလှုပ်ရှားသောအခါ
၂။ တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့၏ အဓိဋ္ဌာန်ပြုသောအခါ
၃။ ဘုရားလောင်းတို့၏ ပဋိသန္ဓေနေသောအခါ
၄။ ဘုရားလောင်းတို့၏ မွေးဖွားသောအခါ
၅။ ဘုရားရှင်တို့ သမ္မာသမ္ဗောဓိဉာဏ်ကို ရတော်မူသောအခါ
၆။ ဘုရားရှင်တို့၏ ဓမ္မစကြာတရားဦးကို ဟောတော်မူသောအခါ
၇။ ဘုရားရှင်တို့၏ အာယုသင်္ခါရကို လွှတ်တော်မူသောအခါ
၈။ ဘုရားရှင်တို့ ပရိနိဗ္ဗာန်စံတော်မူသောအခါ
ဤအကြောင်းရှစ်ပါးတို့တွင် တစ်ခုခုသော အကြောင်းတို့ကြောင့် မြေငလျှင် အကြီးအကျယ် လှုပ်လေ့ရှိကြောင်း ဟောပြတော်မူသည်။
ထို့နောက် ဘုရားရှင်သည် ညီတော် အာနန္ဒာအား ဆန့်ကျင်ဘက်တရားနှင့် ဆန့်ကျင်ဘက် အာရုံတို့ကို လွှမ်းမိုးနိုင်သော “အဘိဘာယတန” တရားရှစ်ပါး၊ ဒုက္ခအားလုံးတို့မှ လွတ်မြောက် နိုင်သော “ဝိမောက္ခ” တရားရှစ်ပါးတို့ကို အကျယ်အားဖြင့် ဟောပြတော်မူပြီး ယခုမြေ ငလျှင်လှုပ်ရခြင်းမှာ မာရ်နတ်လာရောက်တောင်းပန်၍ မိမိအာယုသင်္ခါရကို စွန့်လွှတ်ခြင်းကြောင့် ဖြစ်ကြောင်း မိန့်တော်မူလေသည်။ ထိုအခါမှ ညီတော်အာနန္ဒာသည် ဘုရားရှင်ကို ရိုသေစွာလက်အုပ်ချီပြီးလျှင် လူနတ်ဗြဟ္မာသတ္တဝါများအတွက် သက်တမ်းကုန်သည့်တိုင်အောင် နေတော်မူပါရန် လျှောက်ထားတောင်းပန်လေသည်။
အပိုင်းသုံး ကို ဆက်လက်စောင့်မျှော်ပေးပါရန်
Your point of view caught my eye and was very interesting. Thanks. I have a question for you.
Your point of view caught my eye and was very interesting. Thanks. I have a question for you.