တံမျက်စည်းလှည်းရခြင်းအကျိုးကို သိရပြီးနောက်ပိုင်း ဝေယျာဝစ္စပြုလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်များအကြောင်း အနည်းငယ် ရေးပြချင်ပါတယ်။ ဝေယျာဝစ္စလို့ ပြောလိုက်တာနဲ့ ပထမဦးဆုံး သတိရကြမှာက ဘုရားရှင်ကို ၂၅ နှစ်တိုင်တိုင် သူမတူအောင် ပြုစုလုပ်ကျွေးတော်မူခဲ့တဲ့ အရှင်အာနန္ဒာကို သတိရကြမှာ မလွဲပါဘူး။ ဟုတ်ပါတယ်။ သတိရစရာ အကောင်းဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်။ အားရကြည်ညိုစရာလည်းကောင်းပါတယ်။ “အာနန္ဒာ” လို့ အသံပြုလိုက်တာနဲ့ တပြိုင်နက် အနားကို ရောက်လာပြီး ဘုရားရှင်လိုအပ်တာတွေကို ဖြည့်ဆည်းပေးခဲ့သူပါ။ ဘုရားရှင်ကို ရေပူရေချမ်းကပ်တယ်။ ခြေဆုပ်လက်နယ်ပြုတယ်။ မကြာမကြာ အောင့်တတ်တဲ့ ကျောကို နှိပ်နယ်ပေးတယ်။ ညဆို ဆီမီးထွန်းပေးတယ်။ ယပ်ခတ်ပေးတယ်။ ဂန္ဓကုဋီတိုက်ထဲမှာ မြူတစ်မှုံမကျန်အောင် တံမျက်စည်းလှည်းတယ်။ ဘုရားရှင်ကတောင် ငါ့ကို ဝေယျာဝစ္စပြုလုပ်ပေးသူထဲမှာ အာနန္ဒာဟာ အသာဆုံးအမြတ်ဆုံး ဆိုတဲ့ ဧတဒဂ်ဘွဲ့ကို ပေးအပ်တော်မူခြင်း ခံခဲ့ရသူလည်း ဖြစ်ပါတယ်။
ဘုရားရှင်ကို ဝေယျာဝစ္စပြုလုပ်ပေးခွင့်ရဖို့က လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ ဘုရားရှင် ဝါတော် ၂၀ အထိ ဝေယျာဝစ္စပြုလုပ်ပေးခဲ့တဲ့ ရဟန်းပေါင်း (၇) ပါးရှိခဲ့ပါတယ်။ တစ်ပါးမှ မမြဲခဲ့ပါဘူး။ နှစ်ပါးကဆို ဘုရားရှင်နဲ့ သဘောထားခြင်း မတိုက်ဆိုင် ဖြစ်ပြီး လမ်းခွဲလိုက်သေးတယ်။ ကြည့်စမ်း။ လူတွေရဲ့ သဘောထား၊ လူတွေရဲ့ အတွေး အခေါ်တွေဟာ ဘယ်လောက် ကြောက်စရာကောင်းလဲ။ ဘုရားက အရှေ့ဆိုရင် သူတို့က အနောက် လုပ်ခဲ့ကြတာလေ။ ဘုရားရှင်နဲ့တောင်မှ သဘောထားကွဲလွဲမှုတွေ ရှိနေနိုင်သေးရင် အခုကျွန်တော်တို့လို သာမညောင်ည ပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၊ ခေါင်းဆောင်များအပေါ် သဘောထား ကွဲလွဲကြတာဟာ မဆန်းတော့ဘူးပေါ့။ အွန်လိုင်းပေါ်မှာတော့ ကျွန်တော် တစ်ခါမှ မပြောဖူးတဲ့ အပြင်မှာ ကျွန်တော် မကြာခဏပြောတဲ့ စကားတစ်ခွန်းရှိတယ်။ အဲဒါကတော့ “အရှင်ဒေဝဒတ်တို့လို ပုဂ္ဂိုလ်နောက်ကိုတောင် နောက်လိုက်တွေ ရှိခဲ့သေးတာပဲ။ ခုခေတ် အဓမ္မဝါဒီတွေနောက် လုပ်စားနေသူနောက် အကြံအဖန်တွေနောက် လိုက်ကြတာ မဆန်းပါဘူး” လို့။ ဟုတ်တယ် မဟုတ်လား။ ထပ်ချဲ့ပြောလိုက်ရင် ကျွန်တော် Facebook Status မှာရေးခဲ့တဲ့ စကားကို မလိုက်နာရာကြမယ်။ “ပုဂ္ဂိုလ်တစ်ဦး တစ်ယောက်၊ ခေါင်းဆောင်တစ်ဦးဦး၊ အဖွဲ့အစည်းတစ်ခုခုတိုင်းရဲ့ နောက်ကွယ်မှာ လူရှေ့သူရှေ့ချပြလို့ မရတဲ့ ပုဒ်မတွေနဲ့ တပ်ပြလို့မရတဲ့ ပြစ်မှုဆိုင်ရာတွေ ရှိတယ်။ အဲဒါကို သိအောင် မလုပ်နဲ့ သိအောင်လုပ်မိရင်လည်း တစ်ခွန်းမှ မဟမိစေနဲ့” ဆိုသလိုဖြစ်တော့မှာမို့ ဒီမှာတင် ရပ်လိုက်ပါတယ်။
ဝေယျာဝစ္စပြုလုပ်တဲ့ ရဟန်းပေါင်း (၇) ပါးလုံး လမ်းခွဲသွားပြီးနောက်မှာ ဘုရားရှင်ဟာ ဝါတော် (၂၀) ပြည့်ခဲ့ပါတယ်။ ဝါတော် (၂၀) ပြည့်တော့ ဘုရားရှင်က သံဃာတော်တွေကို ဒီလို မိန့်တော်မူခဲ့တယ်။ “ငါဘုရားရှင် သက်တော်ရပြီ။ အိုမင်းနေပြီ။ အရာရာကို ငါဘုရားကိုယ်တိုင် ပြုလုပ်လို့ မသင့်တော်တော့ဘူး။ တပည့်ပေါင်း အသိန်းအသောင်း ရှိပါလျှက် ငါဘုရားရှင်ကို ပြုစုလုပ်ကျွေးသူ မရှိဘူးဆိုရင် ငါ့သာသနာကို သူတောင်ကောင်းတို့ ကဲ့ရဲ့ဖွယ်ရာ ဖြစ်နေမယ်” ဆိုပြီး ဝေယျာဝစ္စပြုလုပ်လိုတဲ့ ရဟန်းများကို လျှောက်ထားစေခဲ့ကြပါတယ်။ ပထမဦးဆုံး ထလျှောက်သူက အရှင်သာရိပုတ္တရာထေရ်မြတ်ပါ။ “တပည့်တော်က တစ်သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရမီဖြည့်ဆည်းခဲ့ မဟာပညပုဂ္ဂိုလ်ဖြစ်ပါတယ်။ အရှင်ဘုရားရဲ့ ဝေယျာဝစ္စကြီးငယ်ကို တပည့်တော်အား ပြုလုပ်ခွင့်ပေးပါ” လို့လျှောက်တယ်။ ဘုရားရှင်က “ချစ်သား၊ ချစ်သားရှိတဲ့ အရပ်ဟာ တရားမဆိတ်သုဉ်းတဲ့ အရပ်ဖြစ်တယ်၊ ဒီတော့ တခြားတစ်ပါးကို ခွင့်ပေးလိုက်ပါ” လို့ ငြင်းပယ်တော်မူတယ်။ အရှင်မဟာမောဂ္ဂလာန်ကစလို့ ရဟန္တာပေါင်း ရှစ်ဆယ်လုံး ထလျှောက်ကြပါတယ်။ ဘုရားရှင်က အကြောင်းမျိုးစုံနဲ့ ငြင်းပယ်တော်မူခဲ့တယ်။
အဲဒီထဲမှာ အင်းမလုပ် အဲမလုပ်သူက အာနန္ဒာ။ အာနန္ဒာက ဘာမှ ထမလျှောက်တော့ အခြားရဟန်းတွေက တိုက်တွန်းကြတယ်။ “င့ါရှင်က ပိုသင့်တော်တယ်” ဘာညာပေါ့။ အာနန္ဒာက ရဟန်းတွေကို လျှောက်တယ်။ “ကိုယ်က တောင်းယူလို့ ရတဲ့ အရာဟာ ဂုဏ်မရှိပါဘူး။ ပေးအပ်ခြင်းခံရတဲ့ အရာကသာ ဂုဏ်ရှိပါတယ်” တဲ့။ ဘုရားရှင်ကလည်း မိန့်တော်မူတယ်။ “အာနန္ဒာကို ဘယ်သူမှ တိုက်တွန်းဖို့ မလိုပါဘူး၊ အာနန္ဒာက အလိုလို သိပြီးသားပါ” တဲ့။ အဲဒီမှာ အာနန္ဒာက ပယ်ဆုလေးခုနဲ့ ပန်ဆုလေးခု ပေါင်းတော့ ဆုရှစ်ခု တောင်းတယ်။
အရှင်ဘုရားမှ တပည့်တော်အား
(၁) သင်္ကန်းအကောင်းစား မစွန့်ဘူးဆိုရင်
(၂) ဆွမ်းအကောင်းကို မစွန့်ဘူးဆိုရင်
(၃) ဂန္ဓကုဋီတိုက်ထဲ အတူနေထိုင်ခွင့်မပေးဘူးဆိုရင်
(၄) တကာတကာမတို့ ပင့်ဖိတ်ရာသို့ ခေါ်မသွားဘူးဆိုရင် ….
တပည့်တော် ဘုရားရှင့်ရဲ့ ဝေယျာဝစ္စကို ပြုလုပ်ပါ့မယ် တဲ့။
“အကြောင်းကို ပြပါဦး အာနန္ဒာ” လို့ဘုရားရှင်က မေးတော်မူတော့ အာနန္ဒာက ဒီလိုဖြေတယ်။
“အာနန္ဒာလို ငါလည်း လုပ်နိုင်တာပေါ့။ ဘုရားရှင်က သင်္ကန်းအကောင်းစား ပေးထားတာကိုး၊ ဆွမ်းကောင်းကောင်း ကျွေးထားတာကိုး၊ ဘုရားနဲ့ အတူနေရတာကိုး၊ ဆွမ်းစားပင့်တိုင်း လိုက်ရတာကိုး လို့ အခြားရဟန်းတွေက တပည့်တော်ကို ကဲ့ရဲ့ ကြပါလိမ့်မယ်၊ အဲဒါကြောင့် ဒီဆုကို လက်ခံပေးရင် တပည့်တော် ဝေယျာဝစ္စလုပ်ပါ့မယ် ဘုရား” တဲ့။
နောက်ထပ် အာနန္ဒာက ထပ်ပြီးတော့ ဆုထပ်တောင်းပါတယ်။
“(၁) တပည့်တော် ပင့်ရာသို့ ဘုရားရှင် လိုက်ကြွပေးမယ်ဆိုရင်
(၂) တိုင်းတပါးသားကို ဘုရားရှင်အား ဖူးခွင့်ပေးမယ်ဆိုရင်
(၃) တပည့်တော် ယုံမှားသံသယဝင်တဲ့ တရားတိုင်း မေးခွင့်ပြုမယ်ဆိုရင်
(၄) တပည့်တော် မျက်ကွယ်မှာ ဟောတဲ့တရားကို ပြန်ဟောပြပေးမယ်ဆိုရင်
ဘုရားရှင်ရဲ့ ဝေယျာဝစ္စကို တပည့်တော် ပြုလုပ်ပေးပါ့မယ်ဘုရား” လို့ ထပ်မံဆုတောင်းပါတယ်။
“အကြောင်းကို ပြပါဦး အာနန္ဒာ” ဆိုတော့ အာနန္ဒာက
“ဘုရားရှင်ရှိရာ ကျောင်းကို လာခဲ့ပေမယ့် ဘုရားရှင်ကို မတွေ့ရဘဲ တပည့်တော်နဲ့ပဲ တွေ့ခဲ့ပြီး မနက်ဖန် ဘုရားရှင်နှင့်အတူ ဆွမ်းစားကြွခဲ့ပါလို့ လျှောက်ရာမှာ ဘုရားရှင်က လိုက်မကြွခဲ့ဘူးဆိုရင် အာနန္ဒာက ဘုရားရှင်နားမှာသာနေတာ ဘာမှ အသုံးမကျပါဘူးလို့ လူတွေ ကဲ့ရဲ့ ကြလိမ့်မယ်၊ အဝေးကလာတဲ့ ဧည့်သည်များက ဘုရားရှင်ကို ဖူးခွင့်မရလို့ တပည့်တော်ကို အကူအညီတောင်းတဲ့အခါ တပည့်တော်က မကူညီပေးနိုင်ခဲ့ဘူးဆိုရင် အာနန္ဒာက သုံးမရပါဘူးလို့ ကဲ့ရဲ့ကြလိမ့်မယ်၊ တပည့်တော် ယုံမှားသံသယဝင်တာကို ဘုရားရှင်က မဖြေပေးလို့ အခြားသော ရဟန်းများကို မေးရတဲ့အခါ ဘုရားရှင်နားနေပြီး ဘာလုပ်နေတာလဲလို့ ကဲ့ရဲ့ကြလိမ့်မယ်၊ နောက်ဆုံး ဖြစ်တဲ့ ဒီသုတ်၊ ဒီဝိနည်းကို ဘုရားရှင် ဘယ်မှာ ဟောခဲ့သလဲလို့ မေးတဲ့အခါ တပည့်တော် မဖြေနိုင်ခဲ့ဘူးဆိုရင် ဘုရားရှင်ရဲ့ အရိပ်လိုနေပြီးကာမှ ဒီလောက်လေးတောင် မသိရကောင်းလားဆိုပြီး တပည့်တော်ကို ကဲ့ရဲ့ကြလိမ့်မယ် ဘုရား” ဆိုပြီး အာနန္ဒာဟာ ပယ်လေးတန် ပန်လေးပါးဆုကို တောင်းပြီး ဘုရားရှင် သက်တော်ထင်ရှားရှိစဉ် ကာလပတ်လုံး အရိပ်ပမာ ဘုရားရှင်ကို ဝေယျာဝစ္စပြုလုပ်ပေးတော်မူခဲ့ပါတယ်။