ဒီကမ္ဘာကနေ ပြန်ပြီး တွက်လိုက်လို့ ရှိရင် ဟိုး ၉၂ ကမ္ဘာမြောက်မှာပေါ့။ Before 92 World ဆိုပါတော့ဗျာ။ အဲဒီ ကမ္ဘာမှာ ဖုဿဆိုတဲ့ ဘုရားရှင် ပွင့်တော်မူခဲ့တယ်။ အဲဒီ ဘုရားရှင်မှာ ဝမ်းကွဲ ညီသုံးယောက်ရှိတယ်။ ဘုရားရှင်ရဲ့ ခမည်းတော်က ဘုရင်ကြီး မဟိန္ဒဖြစ်ပါတယ်။ ဘုရင်ကြီးမဟိန္ဒက ဘုရားရှင်ကို အရမ်းချစ်မြတ်နိုးလွန်းလို့ ဘုရားရှင်ရဲ့ ဝေယျာဝစ္စကို ဘယ်သူ့ကိုမှ မလုပ်ခိုင်းပါဘူး။ “ဘုရားလည်း ငါ့ဘုရား၊ တရားလည်း ငါ့တရား၊ သံဃာလည်း ငါ့သံဃာ” ဆိုပြီး လုပ်စရာရှိတဲ့ ဝေယျာဝစ္စမှန်သမျှ သူ့တစ်ဦးတည်း လုပ်ပါတယ်။ တနေ့တော့ တိုင်းပြည်ရဲ့ နယ်စွန်မှာ ပုန်ကန်မှု ဖြစ်ပေါ်လာတယ်။ အဲဒီကစ္စအတွက် သားတော်တွေခေါ်ပြီးတော့ “ပုန်ကန်မှုကို ငါကိုယ်တိုင် သွားရမလား၊ သင်တို့ သွားမလား၊ ငါသွားရရင်တော့ ဘုရားရှင်ကို ချစ်သားတို့ ကောင်းကောင်းမွန်မွန် ပြုစုလုပ်ကျွေးပါ” လို့ ပြောတယ်။ သားတော်တွေက “ဒီကိစ္စ ခမည်းတော် သွားဖို့ မလိုပါဘူး” ဆိုပြီး နယ်စွန်နယ်ဖျားက ပုန်ကန်မှုကို သားတော်တွေ သွားရောက်နှိမ်နင်းလိုက်တယ်။ စစ်အောင်နိုင်လို့ ပြန်လာကြတော့ လမ်းမှာ တိုင်ပင်ကြတယ်။ “ခမည်းတော်ကတော့ ငါတို့ကို ဆုပေးမှာ သေချာတယ်၊ အဲဒီအခါ ငါတို့ ဘာဆုတောင်းမလဲ” လို့။ လူယုံတော်တွေက “အရှင်တို့ အဖို့ ဘုရင်နတ်ရွာစံရင် ဘုရင့်စည်းစိမ်ဆိုတာ အရှင်တို့အဖို့ မလွှဲပါဘူး။ အရှင်တို့ တောင်းသင့်တဲ့ ဆုက ဘုရားရှင်ကို ဝေယျာဝစ္စပြုလုပ်ခွင့် ဆုကိုတောင်းပါ” လို့လျှောက်ကြတယ်။ ဒါကို ညီနောင် သုံးဖော်လည်း လက်ခံတယ်။
တိုင်းပြည်ပြန်ရောက်တော့ ဘုရင်က လိုတဲ့ဆုတောင်းဆိုတော့ “ဘုရားရှင်နှင့်တကွ သံဃာတော်များကို သုံးလလောက် ဝေယျာဝစ္စပြုလုပ်ခွင့် ပေးပါ” လို့တောင်းကြတယ်။ ဘုရင်က ငြင်းပါတယ်။ ဘယ်လိုမှ ငြင်းမရတဲ့ အဆုံး တောင်းတဲ့ ဆုကို “ဘုရားရှင်သို့ ချဉ်းကပ်ဖို့ဆိုတာ ခြင်္သေ့မင်းဆီချဉ်းကပ်ဖို့ထက် အလွန်ခက်ခဲပါတယ်။ င့ါသားတို့ ဘုရားရှင်နှင့် သူ့တပည့်သံဃာများကို ကောင်းမွန်စွာ ပြုစုလုပ်ကျွေးပါ”ပေးလိုက်တော့ ညီကို သုံးယောက်လုံး (၁၀) ပါးသီလဆောက်တည်ပြီးတော့ အကြီးဆုံးအစ်ကိုက စပါးကို ရအောင်၊ အစ်ကိုလတ်က စပါးနဲ့ညီမျှတဲ့ နေ့စဉ်ကုန်ကျစရိတ်ကို ရအောင်၊ ညီအငယ်ဆုံးကတော့ လှူဒါန်းမှုကိစ္စ ပြီးစီးအောင် စီမံကြပြီး ဘုရားရှင်နှင့်တကွ သံဃာတော်အပေါင်းကို ပြုစုလုပ်ကျွေးခဲ့ကြပါတယ်။ သူတို့ဟာ ခုဘုရားရှင်ပွင့်တော့ အစ်ကိုကြီးက ဗိမ္ဗိသာရမင်း၊ အစ်ကိုလတ်က ဝိသာခသူဌေး၊ ညီအငယ်ဆုံးက ခုနှစ်နှင့် ကျွတ်တမ်းဝင်တဲ့ ရဋ္ဌပါလမထေရ်ဆိုပြီး ဖြစ်လာခဲ့ကြပါတယ်။ ဒါဟာ ဝေယျာဝစ္စပြုလုပ်ရကျိုးတွေပါ။
တစ်ခါတုန်းက ဘုရားရှင် အာယုသင်္ခါရလွတ်ခါနီးတော့ ဝမ်းသွေးသွန်တဲ့ ရောဂါပြင်းထန်စွာဖြစ်တယ်။ ဒါကို သိတဲ့ သိကြားမင်းက “ငါပြုစုမှ တော်တော့မည်” လို့ဆုံးဖြတ်ပြီးတော့ ဆင်းပြီးတော့ ဘုရားရှင်ရဲ့ ခြေတော်ကို နှိပ်နယ်ပေးတယ်။ ဘုရားရှင်က “ဘယ်သူလဲ” လို့ မေးတော့ “တပည့်တော် သိကြားမင်းပါဘုရား၊ အရှင်ဘုရားကို ဝေယျာဝစ္စပြုလုပ်လိုတဲ့အတွက် ဆင်းလာခဲ့ပါတယ်ဘုရား” လို့ ဖြေလိုက်တယ်။
“သိကြားမင်း သင်တို့ နတ်ဆိုတာက လူအနံ့ကို ယူဇနာတစ်ရာလောက်က ရတာနဲ့ ခွေးသေကောင်ပုပ်ကို ကိုင်နမ်းမိသလို ရွံတတ်တဲ့ အမျိုးပါ၊ ခု သင် လူ့အသိုင်းအဝိုင်းထဲ ရောက်နေတယ်၊ သင်သည်းခံနိုင်မှာ မဟုတ်ဘူး၊ ပြန်ပါ”
ဆိုပြီး ဘုရားရှင်က သိကြားမင်းကို ပြန်လွတ်ပါတယ်။
“တပည့်တော်က ဘုရားရှင်ရဲ့ သီလအနံ့ တစ်ခုတည်းနဲ့ နေနေပါတယ်ဘုရား”
လို့လျှောက်ထားပြီးတော့ သိကြားမင်းဟာ ကျင်ကြီးအိုးကို ဘယ်သူမှ မထိခိုင်းဘဲ သူကိုယ်တိုင် နံ့သာအိုးကို ကိုင်ဆောင်ရသလို ခေါင်းမှာရွက်ပြီးတော့ ဘုရားရှင် ဝေဒနာသက်သာတဲ့အထိ ဝေယျာဝစ္စကို ပြုလုပ်သွားခဲ့ပါတယ်။ ကဲ လူအနံ့ကို ယူဇနာတစ်ရာက ရခဲ့ရင် ခွေးသေကောင်ပုပ်ကို ကိုင်နမ်းမိသလို ရွံတတ်တဲ့ သိကြားမင်းတောင် ဝေယျာဝစ္စကို နောက်မတွန့်ဘဲ ပြုလုပ်ခဲ့တယ်နော်။