ဝေယျာဝစ္စပြုလုပ်ခဲ့သူများအကြောင်းကို ဗုဒ္ဓစာပေအတ္ထုပ္ပတ္တတွေထဲကနေ ထုတ်နှုတ်နေရာကနေ ဒီတစ်ခါတော့ သံဃာ့သမိုင်းထဲက အားလုံးသိပြီးဖြစ်တဲ့ လယ်တီဆရာတော်ရဲ့ ဝေယျာဝစ္စပြုလုပ်တော်မူပုံကိုပဲ အနည်းငယ် ရေးပြပါတော့မယ်။ ဆရာတော်ရဲ့ ဘဝဖြစ်တော်စဉ်စာအုပ်ကလည်း အကြိမ်ကြိမ် ရိုက်နှိပ်ထုတ်ဝေနေတာမို့ ဒီအကြောင်းက အားလုံး သိပြီးသားဖြစ်လောက်ပါတယ်။ ဆရာတော်ဟာ မြန်မာနိုင်ငံအတွင်း ဝိပဿနာများ တစ်ဖန် ပြန်လည် တိုးတက်လာအောင် နည်းကောင်းတွေ ညွှန်ပြနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်တစ်ပါးလည်း ဖြစ်ပါတယ်။ ဒီပနီကျမ်းပေါင်းများစွာကိုလည်း ရေးသားခဲ့တဲ့ ဆရာတော် ဖြစ်ပါတယ်။ နောက် “သံသရာ အဆက်ဆက် သားကျွန်၊ သမီးကျွန် ဖြစ်လာခဲ့ရတာ ဒီဘဝတော့ သံဃာ့ကျွန် ဖြစ်ပါရစေ” ဆိုတဲ့ စကားကို ချန်ထားခဲ့ပြီး စကားနဲ့ အညီနေထိုင်သွားခဲ့တဲ့ ဆရာတော်လည်း ဖြစ်ပါတယ်။ ဆရာတော်ရဲ့ ဝေယျာဝစ္စပြုလုပ်မှုဟာ ဘယ်လောက်ထိ အစွမ်းထက်ခဲ့သလဲ ဆိုရင်
တစ်ခါတော့ ချင်းတွင်း တစ်ဖက်ကမ်းရှိ ရွာတစ်ရွာမှ တကာတွေက ဆရာတော်ကို လာပင့်တယ်။
“ဆရာတော် ကြွခဲ့ပါဦးဘုရား၊ တပည့်တော်တို့ရွာ မိုးအရမ်းခေါင်နေလို့ ဆရာတော်ရဲ့ အစွမ်းနဲ့ မိုးရွာအောင် လုပ်ပေးပါဦးဘုရား”
မိုးရွာအောင်ဆိုတာက တကယ်တမ်း ဘယ်လိုမှ မလွယ်တဲ့ ကိစ္စ။ ဆရာတော်က စဉ်းစားတယ်။ ငါက ရဟန္တာလည်း မဟုတ်၊ တန်ခိုးရှင်လည်း မဟုတ်။ မိုးရွာအောင် ဘယ်လိုမှ လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် အခု တကာတွေက ယုံကြည်လို့ လာပင့်တဲ့ကိစ္စ။ မလိုက်လို့လည်း မကောင်း။ လိုက်လို့ ဟိုရောက်ပြီး ငါ ပရိတ်တွေ ဘာတွေရွတ်ပြီးလို့မှ မိုးမရွာရင် ဒုက္ခ။ ဘာပဲဖြစ်ဖြစ် ငါကြွမှတော့ ဖြစ်မယ်ဆိုပြီး လာပင့်တဲ့ တကာတွေနောက် လိုက်ခဲ့ပါတယ်။ လမ်းတစ်လျှောက် လိုက်လာခဲ့ရင်း ဆရာတော်က သစ္စာဆိုတယ်။
“ငါသည် ကိုရင်ဘဝ သိတတ်စ အချိန်မှစ၍ နေထိုင်ရာ ကျောင်းတိုက် နှင့် ရောက်ရှိရာ ကျောင်းတိုက်တွင်းတွင် မည်သည့် အကျိုးကိုမှ မမျှော်ကိုးဘဲ တံမျက်စည်းလှည်းခြင်း၊ သောက်ရေဖြည့်ခြင်း၊ ကုဋီဆေးခြင်း စသည့် သံဃာ့ဝေယျာဝစ္စမှန်သမျှ ပြုလုပ်လာခဲ့သည်မှာ ယခုတိုင် ဖြစ်ပါသည်။ ဤမှန်သော သစ္စာစကားကြောင့် ယခုလာပင့်ကြသော တကာတို့၏ ဆန္ဒများ ပြည့်ဝပါစေသတည်း”
အဲလို သစ္စာဆိုပြီးတော့ ချင်းတွင်းမြစ်ကို ဖြတ်ခဲ့တယ်။ ချင်းတွင်း မြစ်လယ်ကို ရောက်တယ်ဆိုရင်ပဲ ကောင်းကင် တစ်ခွင်မည်းမှောင်လာပြီးတော့ မိုးကြီးရွာခဲ့လို့ ပရိတ်ရွတ်ဖို့နေရာ ပြင်ထားတာတွေတောင် ပျက်ကုန်တဲ့ အထိ ဖြစ်ခဲ့ရတယ်။
လယ်တီဆရာတော်ဟာ ငယ်စဉ် မန္တလေး စံကျောင်းတိုက်နှင့် မုံရွာ ရွှေစည်းခုံကျောင်းတိုက်ကြီးမှာ သီတင်းသုံးစဉ် ကတည်းက သံဃာ့ဝေယျာဝစ္စကို မပြတ် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲလိုနဲ့ လယ်တီတောရကို ရောက်တော့လည်း ကျောင်းတိုက်တစ်ခုလုံးကို တံမျက်းစည်းလှည်း၊ သောက်ရည်ဖြည့်၊ ကုဋီဆေးစသဖြင့် ဝေယျာဝစ္စကို ဆက်လက် လုပ်နေခဲ့တာပါပဲ။ သောက်ရေကျတော့ ကျောင်းတိုက်နဲ့ တော်တော်ဝေးတဲ့ အင်းကြီးတစ်အင်းကနေ ခပ်ယူရပါတယ်။ ဒါကို ဆရာတော်က စောစောစီးစီး ဘယ်သူမှ မထခင် သွားခပ်ပြီး သောက်ရေ ဖြည့်တာပါပဲ။ ဒါပေမယ့် ဒီရေတွေကို ဘယ်သူခပ်တယ်ဆိုတာ ဘယ်ကျောင်းနေရဟန်းမှ တော်တော်ကြာတဲ့ အထိမသိခဲ့ပါဘူး။ တစ်နေ့ ရဟန်းတစ်ပါးက နေမကောင်းဖြစ်ပြီး အိပ်မရလို့ လမ်းလျှောက်နေမှ ဒီသောက်ရေတွေကို ဆရာတော်ကိုယ်တိုင် ခပ်တယ်ဆိုတာ သိလိုက်ရတယ်။ သိလည်း သိရော ဘယ်သူမှ သောက်ရေလည်း မသောက်ရဲတော့ဘူး။ သုံးရေလည်း မသုံးရဲတော့ဘူး။ ဆရာတော်က သံဃာတွေကို ခေါ်ပြီး ပြောတယ်။
“မကိုဋ်သရဖူမှာ တပ်ထားတဲ့ ပတ္တမြားကို ခြေချင်းဝတ်မှာ တပ်လိုက်တော့လည်း ပတ္တမြားက ပတ္တမြားပါပဲ။ ခြေချင်းဝတ်မှာ တပ်ထားတဲ့ ပတ္တမြားကို မကိုဋ်တွေမှာ တပ်လိုက်တော့လည်း ပတ္တမြားက ပတ္တမြားပါပဲ၊ ဟိုရောက်သွားလို့ ပတ္တမြားဟာ တန်ဖိုးရော့တယ် မရှိဘူး။ ဒီရောက်သွားလို့ ပတ္တမြားဟာ တန်ဖိုးရော့တယ် မရှိဘူး၊ သတ်မှတ်ချက် တစ်ခုနဲ့ တန်ဖိုးရှိပြီးသား အရာဟာ တန်ဖိုး လျော့မသွားပါဘူး၊ တပည့်တော်က ဦးဇင်းတို့ကိုရင်တို့ရဲ့ ဝတ်ကြီးဝတ်ငယ်ကို ပြုလုပ်ရလည်း တပည့်တော်က ဒီကျောင်းတိုက်မှာ ဆရာတော်ပါပဲ။ မပြုလုပ်လည်း ဆရာတော်ပါပဲ။ ဆရာတော်လုပ်ပြီး ဒီလိုလုပ်လို့ တပည့်တော် တန်ဖိုးမကျပါဘူး၊ ဆရာတော် ခပ်ထားတဲ့ရေဆိုပြီး မသုံးရဲတာလည်း မလုပ်နဲ့၊ တပည့်တော်ကို ဒီဘဝတော့ သံဃာကျွန်လုပ်ခွင့်ပေးကြပါ၊ သံဃာများအားလုံးလည်း နေမြဲနေပါ”
ဆရာတော်ကို ဘယ်သူမှ မတားနိုင်ပါဘူး။ ဒီနေရာမှာ တံမျက်စည်းလှည်းနေကျဆိုရင် အဲဒီနေရာကို အမှိုက်မရှိလည်း လှည်းနေတာပဲ။ ခြေဆေးရေတွေ မခပ်ပါနဲ့ ပြောလည်း မရပါဘူး။ ဆရာတော်က “သိကြားမင်း ဖြစ်စေ။ မန္ဓာတ်မင်း ဖြစ်စေ၊ ဘယ်လောက်ကြီးကျယ် ခမ်းနားတဲ့ ပုဂ္ဂိုလ်ဖြစ်ပါစေ လောဘအပုပ်နံ့၊ ဒေါသအညီနံ့၊ မောဟအဟောက်နံ့တွေနဲ့ နံဟောင်နေကြတယ်၊ အဲဒီ အနံ့တွေကို ဒီလို သံဃာ့အောက်ခြေသိမ်း အလုပ်နဲ့မှ ကြေနိုင်မယ်” ဆိုပြီး ဝတ်ကြီးဝတ်ငယ်များကို ပြုလုပ်မြဲ ပြုလုပ်ပါတယ်။ အခြားကျောင်းတွေသွားရင်လည်း ကုဋီတွေဆေး၊ သောက်ရေတွေ ဖြည့်တာပဲ။ ဆရာတော် ဒီလို မလုပ်နဲ့လို့ ဘယ်သူတားတား မရပါဘူး။ မထေရ်ကြီးတွေနဲ့ ဆုံရင် ဆွမ်းခံလို့ ရလာတာတွေကို ကောင်းတာတွေ ရွေးပြီး ကပ်လှူတာပဲ။ အခြားရဟန်းတွေနဲ့ တွေ့ရင်လည်း သံဃာ့ဝေယျာဝစ္စပြုလုပ်ဖို့ကို အမြဲတိုက်တွန်းပါတယ်။ ဒါပေမယ့် ဆရာတော်နဲ့ တွေ့ဖူးသူတိုင်း “တို့တော့ လယ်တီဆရာတော်ကို အတတ်နိုင်ဆုံး အတုခိုးပြီး သံဃာ့ဝေယျာဝစ္စကို ပြုလုပ်တာပဲ၊ ဒါပေမယ့် သူ့ခြေဖျားကိုတောင် တို့မမီပါဘူး” လို့ ပြောကြလေ့ရှိပါတယ်။
ဝမ်းလျှောတဲ့ ကိုရင်ငယ်တစ်ပါးနဲ့ ရဟန်းငယ်တစ်ပါးရဲ့ မစင်နဲ့ လိမ်းကျံနေတဲ့ သင်္ကန်းနဲ့ စောင်ကိုလည်း ကိုယ်တိုင် လျှော်ခဲ့ပါတယ်။ လျှော်တုန်း ရွံလို့ “ဟယ် ငါ့စိတ်ကို လှည့်စားနေတာပဲ၊ ငါသိဒ္ဓိတင်လိုက်ဦးမှ ဖြစ်မယ်” ဆိုပြီး လယ်တီကျောင်းတိုက်တွင်းရှိ ကိုရင်လေးရဲ့ သင်္ကန်းမှာပေနေတဲ့ မစင်တွေနဲ့ ကိုယ်ကို လူးတာတစ်ကြိမ်၊ စံကျောင်းတိုက်မှာ နေတုန်းက ရဟန်းတစ်ပါးရဲ့ မစင်တွေပေနေတဲ့ စောင်ကို လျှော်ပေးစဉ်က တစ်ကြိမ်ကိုယ့်ကိုယ်ကို မစင်အရင်လူးပြီး သင်္ကန်းနဲ့ စောင်ကို လျှော်ခဲ့ပါတယ်။ ဝေယျာဝစ္စပြုလုပ်တာနဲ့ ပတ်သက်လို့ တကယ့်စံပြုထိုက်တဲ့ သာသနာ့သမိုင်းထဲက ရဟန်းကို ပြပါဆိုရင် လယ်တီဆရာတော်သာ ပြစရာ ရှိပါတယ်။
ကဲ ဝေယျာဝစ္စကို ပြုလုပ်ကြစို့လို့ တိုက်တွန်းရင်း ကျွန်တော့်ရဲ့ တံမျက်စည်းလှည်းရခြင်းအကျိုးမှသည် ဝေယျာဝစ္စပြုလုပ်ခဲ့သူများ တစ်ကနေ တစ်ဆယ်ထိရှိတဲ့ ဘလော့ကို ဒီမှာပဲ ရပ်လိုက်ပါတယ်။ ဝေယျာဝစ္စ ပြုလုပ်သူများ စာရင်းက ဗုဒ္ဓဝင်တွေမှာလည်း ရှိသေးသလို အခြား ကျမ်းဂန်တွေမှာလည်း ရှိပါသေးတယ်။ သူဋ္ဌေးသားရဟန်းတို့၊ မာတုပေါသကသုတ္တန်တို့၊ အကြွေးဆပ်တဲ့ ရွှေကျေးတို့၊ သုဝဏ္ဏသာမတို့၊ မာဃလုလင်တို့ ရှိပါသေးတယ်။ ဒီလောက်ဆိုရင် ဖတ်ရှုသူများအားလုံးလည်း ဝေယျာဝစ္စပြုလုပ်လိုစိတ် ရှိလာပြီလို့ မျှော်လင့်ပါတယ်။ သိပ်မကြာခင် အဘိဓမ္မာနဲ့ ပတ်သက်တဲ့ ကျမ်းဂန်ထဲက တွေးခေါ်လို့ကောင်းတဲ့ ပိုစ့်များကို တင်ပေးပါမယ်။
မေတ္တာမွန်ဖြင့်
ဂျေဂျူဝိုင်
Your point of view caught my eye and was very interesting. Thanks. I have a question for you.
I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.